34 C
Yangon

စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် ထိတွေ့ဆက်ဆံသော ကုလသမဂ္ဂ ကိုယ်စားလှယ်ကို ကန့်ကွက်ရှုတ်ချပြီး လုပ်ပိုင်ခွင့် အာဏာရုပ်သိမ်းရန်နှင့် အတွင်းရေးမှူးချုပ် ကိုယ်တိုင် မြန်မာ့အရေး ကိုင်တွယ်ရန် အရပ်ဘက်အဖွဲ့ ၈၆၄ ဖွဲ့ တောင်းဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရန် အရပ်ဘက်အဖွဲ့အစည်း ၈၆၄ ဖွဲ့က တောင်းဆိုလိုက်ပြီး ကုလသမဂ္ဂအထူးသံတမန်က စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်နှင့် တွေ့ဆုံမှုကို အရပ်ဘက်လူထု အဖွဲ့အစည်းများက ကန့်ကွက်ရှုတ်ချလိုက်သည်။

ကုလသမဂ္ဂအထွေထွေညီလာခံအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ပြန်လည်ရုပ်သိမ်းရန် အရပ်ဘက် အဖွဲ့အစည်း ၈၆၄ ဖွဲ့က တောင်းဆိုလိုက်ကြောင်း၊ မြန်မာနိုင်ငံအတွင်း ဆိုးရွားလှသော လူ့အခွင့်အရေးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန်အတွက် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် (UN Secretary-General) အနေဖြင့် ၎င်းကိုယ်တိုင် မြန်မာနိုင်ငံနှင့်ပတ်သက်သော အခန်းကဏ္ဍတစ်ခု တာဝန်ယူပြီး တိကျပြတ်သားသော အရေးယူဆောင်ရွက်မှု လုပ်ဆောင်ခြင်းဖြင့် ၎င်း၏ ကတိကဝတ်ကို ပြသရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုကြသည်။

ဩဂုတ်လ ၁၆ မှ ၁၇ ရက်နေ့တွင် မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သော လက်ရှိကုလသမဂ္ဂ အထူးသံတမန် (UN Special Envoy – UNSE) ဖြစ်သည့် နိုလင်‌‌ဟေဇာ၏ ပထမဦးဆုံးခရီးစဉ်သည် ကုလသမဂ္ဂမှ ဆယ်စုနှစ်များစွာတိုင် ခန့်အပ်ထားရှိလာခဲ့သော ဤရာထူးလုပ်ပိုင်ခွင့်၏ ထိရောက်မှုမရှိသည့် ချဥ်းကပ်မှု သမိုင်းအစဉ်အလာနှင့် ဆက်လက်ကျရှုံးနေမှုကို ဖော်ပြသည့် နောက်ဆုံးသာဓကတစ်ခုပင် ဖြစ်ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံအရေးအပေါ် ၎င်း၏သမားရိုးကျ ချဉ်းကပ်ပုံကို အဆုံးသတ် ရမည်ဖြစ်ကြောင်း၊ ရှည်လျားလှသော သမိုင်းအစဉ်အလာအရ ကုလသမဂ္ဂ၏ အထူးသံတမန်များမှတစ်ဆင့် မြန်မာစစ်တပ်နှင့် ငြိမ်းချမ်းရေးအကျိုး ဆောင်ရွက်ရန် ကြိုးပမ်းမှုများသည် အဓိပ္ပါယ်ရှိသောရလဒ်များ မည်သည့်အခါမျှ ဖြစ်ပေါ်လာခဲ့ခြင်း မရှိသည့်အပြင် နိုင်ငံတကာရာဇဝတ်မှုများအား ချိုးဖောက် ကျူးလွန်နေသူများကို တရားဝင်မှုပေးရာရောက်နေပြီး လူ့အခွင့်အရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကြပ်အတည်းများကို ပို၍ပင် ဆိုးရွားနေစေကြောင်း အရပ်ဘက်အဖွဲ့များက ထောက်ပြထားသည်။

စစ်အုပ်စုအပေါ် အချိန်ပေး-စောင့်ကြည့်မည့် ကုလသမဂ္ဂအထူးသံတမန်နှင့် ကုလသမဂ္ဂ၏ လက်ရှိ ချဉ်းကပ်ပုံသည် မည်သည့်ရလဒ်မှ ထွက်ပေါ်လာခြင်း ရှိမည်မဟုတ်ကြောင်းကို ဆယ်စုနှစ်များစွာကတည်းက အထင်အရှား သက်သေပြခဲ့ပြီး ဖြစ်ကြောင်း၊ သို့ရာတွင် ယင်း “ခရီးစဉ်များ” နှင့် “တွေ့ဆုံဆွေးနွေးမှုများ” သည် စစ်တပ်ကို ပိုမိုအတင့်ရဲလာစေသည့်အပြင် လက်ရှိတရားမဝင်စစ်အုပ်စုမှ အရပ်သားပြည်သူများအပေါ် တိုးမြှင့်လုပ်ဆောင်လာနေသည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများကို ဆက်လက်၍ပင် ကျူးလွန်စေလိမ့်မည် ဖြစ်ကြောင်း၊ ယင်းမှာ လက်ရှိမြန်မာပြည်သူများ၏ ညီညွတ်သော ရုန်းကန်တိုက်ပွဲဝင်မှုကို ထိခိုက်ပျက်ပြားစေသဖြင့် ကုလသမဂ္ဂသည် ၎င်း၏ “မည်သူမျှ ထိခိုက်နစ်နာမှု မရှိစေရ” ဟူသော မူကို ဖောက်ဖျက်ရာလည်း မြောက်ကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်သည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလတွင် ပြုလုပ်မည့် ကုလသမဂ္ဂအထွေထွေညီလာခံ (UN General Assembly – UNGA) အစည်းအဝေးတွင် UNGA နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ကုလသမဂ္ဂ အထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရပ်တန့်ရန်၊ UNGA အနေဖြင့် တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေးကို အဓိကထားသည့် အရေးယူဆောင်ရွက်မှုများ လုပ်ဆောင်ရန်နှင့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် တောင်းဆိုချက်များကို ထင်ဟပ်သည့် တိကျခိုင်မာသော အရေးယူဆောင်ရွက်မှုများ စီစဥ်လုပ်ဆောင်ရမည်ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ထောက်ပြ တောင်းဆိုသည်။

စစ်မှန်သော ဖက်ဒရယ်ဒီမိုကရေစီလိုလားသည့် မြန်မာပြည်သူလူထု၏ ဆန္ဒနှင့် မျှော်မှန်းချက်များအား ထင်ဟပ်သော အဓိကကျသည့် အကြံပြုတိုက်တွန်းချက်များကို ကုလသမဂ္ဂအထူးသံတမန်အနေဖြင့် ထည့်သွင်းစဉ်းစားရန် ပျက်ကွက်ခဲ့မှုအပေါ် အံ့ဩတုန်လှုပ်မိကြောင်း၊ ကုလသမဂ္ဂအထူးသံတမန်၏ လက်ရှိလုပ်ပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံ၏ အကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းနိုင်သည့် တိကျပြတ်သားမှု မရှိခြင်းနှင့် လုံလောက်မှု မရှိကြောင်း၊ လက်ရှိကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာသည် ရိုဟင်ဂျာအကျပ်အတည်းကို ဖြေရှင်းရန် UNGA ၏ ၂၀၁၇ ခုနှစ် ၇၂ ကြိမ်မြောက်အစည်းအဝေးတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်ပြီး ယင်းသည် လက်ရှိအကြပ်အတည်း၏ အတိုင်းအဆနှင့် ခက်ခဲရှုပ်ထွေးမှုကို ထင်ဟပ်နိုင်ခြင်း မရှိသည်ကို တွေ့ရှိရသည်ဟု ထောက်ပြထားသည်။

စစ်အုပ်စုက နိုင်ငံတကာအသိုင်းအဝိုင်းထံမှ တရားဝင်မှုရရှိရေး ကြိုးပမ်းရာတွင် စစ်အုပ်စုနှင့် တွေ့ဆုံရန် အဆိုပြုခဲ့သည့် ကုလသမဂ္ဂအထူးသံတမန်၏ နေပြည်တော်ခရီးစဉ်များသည် အသုံးချခြယ်လှယ်ခံ ဖြစ်လာနိုင်သကဲ့သို့ စစ်အုပ်စုကိုလည်း ပိုမို၍ပင် အတင့်ရဲလာစေမည်ဖြစ်ကြောင်း အရပ်ဘက်လူထု အဖွဲ့အစည်းများက ၎င်းတို့၏ စိုးရိမ်ပူပန်မှုများကို အလေးပေးဆွေးနွေးထားခဲ့ပြီးလည်း ဖြစ်ကြောင်း၊ ယင်းသွားရောက်တွေ့ဆုံမှုများက စစ်အုပ်စုကို ကုလသမဂ္ဂမှစ၍ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အသိအမှတ် ပြုလက်ခံသည့် အသွင်သဏ္ဍာန်ကို ပေးလိမ့်မည် ဖြစ်သဖြင့် လတ်တလော သွားရောက်ခဲ့သည့် ကုလသမဂ္ဂ အထူးသံတမန်၏ ခရီးစဉ်မတိုင်မီ မိမိတို့အရပ်ဘက်လူထုအဖွဲ့အစည်းများနှင့် ဆွေးနွေးတိုင်ပင်မှု လုပ်ဆောင်ခဲ့ခြင်း မရှိကြောင်း ထောက်ပြကြသည်။

စစ်အုပ်စုက ကုလသမဂ္ဂ အထူးသံတမန်နှင့် ၎င်းတို့တွေ့ဆုံခဲ့မှုကို “လက်ရှိမြန်မာနိုင်ငံအစိုးရ” နှင့် တရားဝင်တွေ့ဆုံမှု ဖြစ်သည့်အလား စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်နှင့် အထူးသံတမန်တို့ လက်ဆွဲနှုတ်ဆက်နေသည့် ဓာတ်ပုံများကို သြဂုတ်လ ၁၇ ရက်နေ့တွင် ထုတ်ဖော်ပြသပုံဖော်ခဲ့ကြောင်း၊ ကုလသမဂ္ဂအနေဖြင့် အထူးသံတမန်အား စစ်အုပ်စုမှ ၎င်း၏ ဝါဒဖြန့်ချိရေး အတွက် အသုံးချခွင့် ပြုခဲ့မှုအပေါ် ဖြစ်ပေါ်လာနိုင်သော ကုလသမဂ္ဂ၏ ပုံရိပ်ဆိုင်ရာ ပျက်စီးယိုယွင်းမှု ပြန်လည်ပြင်ဆင်ရေးကို လုပ်ဆောင်ရမည် ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ဆိုကြသည်။

ကုလသမဂ္ဂအထူးသံတမန်က ကတိကဝတ်ပြုထားသော်လည်း ၎င်း၏ ထုတ်ပြန်ချက်ထဲတွင် မြန်မာနိုင်ငံ၏ တရားဝင်အစိုးရဖြစ်သည့် အမျိုးသားညီညွတ်ရေးအစိုးရ (National Unity Government – NUG) ကို ထည့်သွင်းဖော်ပြခြင်း မရှိသည်ကို သတိပြုမိရာ အလွန်ပင် စိတ်ပျက်မိကြောင်း၊ ဇူလိုင်လအတွင်း နိုင်ငံရေးအကျဉ်းသားလေးဦးကို ကွပ်မျက်ခဲ့ပြီး ၎င်းမှ မြန်မာနိုင်ငံသို့ မလာရောက်မီ နှစ်ရက်အလိုတွင် ဒေါ်အောင်ဆန်းစုကြည်ကို နောက်ထပ်ထောင်ဒဏ် ခြောက်နှစ် ချမှတ်ခဲ့ပြီးသည့်အချိန်မှာပင် စစ်အုပ်စုနှင့် ရည်ရွယ်ချက်ရှိရှိ လာရောက်တွေ့ဆုံခဲ့သည့်အပေါ် စိုးရိမ်ပူပန်မိသည်ဟု အရပ်ဘက်အဖွဲ့များက ပြောသည်။

ကုလသမဂ္ဂအထူးသံတမန်၏ ခရီးစဥ်သည် အဆိုပါရာဇဝတ်မှုများ လျော့နည်းပပျောက် သွားစေခြင်းနှင့် အပြစ်ပေးအရေးယူခံရခြင်း တို့မရှိစေရုံသာမက ၎င်း၏ “အချိန်ပေး-စောင့်ကြည့်” မည့် ချဥ်းကပ်မှုကို ဆက်လက်ထိန်းထားခြင်းသည် စစ်အုပ်စုက မြန်မာပြည်သူလူထုအပေါ် သက်ညှာမှုမရှိဘဲ လုပ်ဆောင်နေသည့် အကြမ်းဖက်ရေးလှုပ်ရှားမှုများနှင့် ရက်စက်ကြမ်းကြုတ်လှသည့် ရာဇဝတ်မှုများကို ဆက်လက်ကျူးလွန်လုပ်ဆောင်နိုင်စေရန် ကုလသမဂ္ဂမှ လိုလိုလားလား လုပ်ဆောင်ခွင့် ပြုထားခြင်းသာ ဖြစ်ကြောင်း၊ ထို့အပြင် ကုလသမဂ္ဂအထူးသံတမန်သည် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် ရွေးကောက်တင်မြှောက်ခံထားရသော အကျဉ်းကျခံနေရသည့် အခြား လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံနိုင်ခြင်း မရှိခဲ့ကြောင်း အရပ်ဘက်အဖွဲ့များက ဝေဖန်ထားသည်။

ကုလသမဂ္ဂအထူးသံတမန်သည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးနှင့် ပတ်သက်၍ NUG ကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ချန်လှပ်ထားခဲ့သည်ကိုလည်း သတိပြုမိကြောင်း၊ ကုလသမဂ္ဂအထူးသံတမန်၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသော လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဖိုရမ်ကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်း (Ethnic Revolutionary Organization) အချို့နှင့်အတူ NUG တို့က အဆိုပြုခဲ့သည်ဖြစ်ရာ ဤကဲ့သို့ ဖယ်ထုတ်ချန်လှပ်ထားခြင်းမှာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ချန်လှပ်ထားခြင်း ဖြစ်သည်ဟု မိမိတို့မှ သတ်မှတ်သည်။ ယခုကဲ့သို့ ဖယ်ထုတ် ချန်လှပ်ထားခြင်းသည် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေခံမူဖြစ်သော ဘက်မလိုက်ရေးမူကို ချိုးဖောက်ခြင်းပင်ဖြစ်ပြီး ကျင့်ဝတ်သိက္ခာမဲ့ခြင်းနှင့် စစ်အုပ်စုကျေနပ်စေရန် ချွေးသိပ်အလိုလိုက်နေခြင်းသာ ဖြစ်သည်ဟု ထောက်ပြ ဝေဖန်ထားသည်။

စစ်အုပ်စုသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ပိတ်ဆို့ခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများကို တိုက်ခိုက်ခြင်း၊ နှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီများအား လက်နက်သဖွယ် အသုံးချနေခြင်း တို့ကို ဆက်လက်လုပ်ဆောင်နေသည်။ ထို လုပ်ဆောင်မှုများက စစ်ရာဇ၀တ်မှုများနှင့် ဂျီနီဗာကွန်ဗင်းရှင်းများကို ချိုးဖောက်မှု မြောက်နိုင်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို စစ်အုပ်စုမှတစ်ဆင့် စီးဆင်းစေခြင်းသည် စစ်အုပ်စု၏ အကျင့်ပျက်ခြစားမှုရှိသော အစီအစဉ်ကို ပံ့ပိုးပေးခြင်း၊ စစ်အုပ်စုမှ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို လက်နက်သဖွယ် ပို၍အသုံးပြုနိုင်စေခြင်း၊ နှင့် မြန်မာပြည်သူလူထုအပေါ် ကုစား၍ မရနိုင်သော ဆိုးကျိုးဒုက္ခများ ဖြစ်စေလိမ့်မည်ဖြစ်ကြောင်း ဝေဖန်ထားသည်။

စစ်အုပ်စုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းဥပဒေနှင့် နိုင်ငံတကာဥပဒေ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ အကြမ်းဖက်အဖွဲ့အစည်းတစ်ခုပင် ဖြစ်ကြောင်း ကုလသမဂ္ဂသည် ပဋိညာဉ်စာတမ်းက ပေးအပ်ထားသော ၎င်း၏လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ စစ်အုပ်စုက ကျူးလွန်နေသည့် အကြမ်းဖက်မှုများမှ မြန်မာပြည်သူလူထုကို အကာအကွယ်ပေးရမည် ဖြစ်ကြောင်း ၊ မြန်မာနိုင်ငံ၏ ကြီးမားသောအကျပ်အတည်းကို အဓိပ္ပါယ်ရှိရှိနှင့် နှောင့်နှေးမှုမရှိ ကိုင်တွယ်ဖြေရှင်းနိုင်ရန် စစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု ရပ်ဆိုင်းကာ တရားဝင်အစိုးရ NUG၊ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ တိုင်း ရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ၊ အရပ်ဘက်လူထု အဖွဲ့အစည်းများနှင့် တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှုများကို လုပ်ဆောင်ရမည် ဖြစ်သည်။ ကုလသမဂ္ဂ အထူးသံတမန်၏ ခရီးစဉ်အတွင်းတွင် “ကုလသမဂ္ဂအနေနဲ့ အရေးယူဆောင်ရွက်ဖို့ လူသေအလောင်း ဘယ်နှလောင်း လိုနေသေးသလဲ” ဟူသောစာတမ်းဖြင့် မြန်မာပြည်သူများက ဆန္ဒထုတ်ဖော် မေးခွန်းထုတ် ခဲ့ကြပြီး ဖြစ်ကြောင်း၊ တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးအတွက် အရပ်ဘက်အဖွဲ့များက ထပ်မံတောင်းဆိုသည်။

လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သောရာဇ၀တ်မှုများနှင့် စစ်ရာဇ၀တ်မှုများအတွက် တာဝန် ရှိသော စစ်အုပ်စုကို အသိအမှတ်ပြုမှု သို့မဟုတ် ထိတွေ့ဆက်ဆံမှုများ မလုပ်ဆောင်ဘဲ ရာဇ၀တ်မှုဖြင့် ပြစ်ဒဏ်ပေးအရေးယူရမည် ဖြစ်ကြောင်း၊ UNGA မှ ကုလသမဂ္ဂအထူးသံတမန်၏ လုပ်ပိုင်ခွင့်အာဏာကို ရုပ်သိမ်းရမည်ဖြစ်ကြောင်း၊ ယင်းအစား ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် မြန်မာပြည်သူလူထု၏ အကျိုးမျှော်ကိုးပြီး ကုလသမဂ္ဂ၏ ဂုဏ်သိက္ခာနှင့် ရပ်တည်မှုကို ပြန်လည်ပြင်ဆင်ရန်အတွက် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ၎င်းကိုယ်တိုင် ခေါင်းဆောင်မှုနေရာယူ လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊တစ်ချိန်တည်းတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှ မြန်မာနိုင်ငံ၏ အခြေအနေကို နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် အထူးခုံရုံးတစ်ခုဖွဲ့စည်းပြီး တာဝန်ယူမှု တာဝန်ခံမှု ရှိလာစေရေး လုပ်ဆောင်ရမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက တောင်းဆိုကြသည်။

ဓာတ်ပုံ- ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာ အထူးကိုယ်စားလှယ် Noeleen Heyzer ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article