31.9 C
Yangon

စစ်အာဏာရှင်စနစ်ဆိုးနှင့်အတူ ရုန့်ရင်းကြမ်းတမ်းပြီး အကျင့်ပျက်ခြစား ဖိနှိပ်ရက်စက်ကြသော ဒုဗိုလ်မှူးကြီး ကျော်ကျော်နိုင်၊ ရဲမှူးကြီး လှရီနှင့်ဒုတိယဗိုလ် မှူးကြီး ကျော်သူအောင်

Must read

By ရန်ကုန်ခေတ်သစ်

အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်ကောင်စီက အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်စနစ်နှင့်အတူ ရုန့်ရင်းကြမ်းတမ်းပြီး အကျင့်ပျက်ခြစား ဖိနှိပ်ရက်စက်ကြသည့် စစ်အရာရှိဆိုးများ၊ ရဲအရာရှိဆိုးများလည်း တောက် လျှောက်ဆိုသလို ထွက်ပေါ်လာသည်။

ခေါင်းဆောင်သူ မင်းအောင်လှိုင်က ရက်စက်ဆိုးသွမ်းသကဲ့သို့ လက်အောက် ငယ်သားများမှာလည်း မင်းအောင်လှိုင်ကို အမီလိုက်လာကြသည်။

ပြည်သူများနှင့် လက်အောက်ငယ်သားများအတွက်မူ ထိုစစ်အရာရှိဆိုးများနှင့်ရဲအရာရှိဆိုးများကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း၊ မတရားဖိနှိပ်ခံရခြင်းတို့ကို ရင်ဆိုင်နေရသည်။

အမှတ် ၅၀၅ အမြောက်တပ်ရင်းမှ ဒုဗိုလ်မှူးကြီးကျော်ကျော်နိုင်

====================================

အမှတ် ၅၀၅ အမြောက်တပ်ရင်းမှ တပ်ရင်းမှူး ဒုမှူးကြီး ကျော်ကျော်နိုင်သည် စစ်အာဏာရှင် မင်းအောင်လှိုင် အာဏာ သိမ်းပြီးနောက် အစွယ်ထွက်လာသည့် စစ်အရာရှိဆိုးတစ်ဦးဖြစ်သည်။

တပ်ရင်းမှ လက်အောက်ငယ်သားများအပေါ် ဆဲဆိုထိုးကျိတ်ရိုက်နှက် အနိုင်ကျင့် ဖိနှိပ်မမျှတစွာအုပ်ချုပ်အရေးယူမှုများကြောင့် တပ်ရင်းမှ စစ်သည်များမှာ နေ့စဉ် ဖိနှိပ်ခံနေကြသည်။

ဒုတိယဗိုလ်မှူးကြီးကျော်ကျော်နိုင်၏ ဖိနှိပ်မှုများကြောင့် တပ်သားသဲမောင်မောင်၊ တပ်သာ စောသိုးမားတို့မှာ ခွင့်မဲ့ ပျက်ကွက်ခြင်း၊ စစ်သည် ၄ ဦး ထွက်ပြေးခြင်းများရှိခဲ့ပြီး ပြန်လည် ဖမ်းမိချိန်တွင် အရေးမယူဘဲ ၎င်းစိတ်မထင်သူများကို အရေးယူသည်။

တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးကျော်ကျော်နိုင်၏ ဖိနှိပ်မှုများစွာကြောင့် ခွင်မဲ့စစ်ပြေး ၄၀ ကျော်ခန့်ရှိပြီး ခွင့်မဲ့ပျက်ကွက် ၅ ဦး ရှိပြီး တချို့စစ်သည်များမှာ PDF များဖြစ်လာကြသည်။ အလွန်ဆိုးသွမ်းသော တပ်ရင်းမှုးကြောင့် ထွက်ပြေးရန် ကြံစည်သူများစွာရှိနေကြောင်း တပ်ရင်းသတင်းရင်းမြစ်က ပြောသည်။

ယခုနှစ် ဝါဆိုလပြည့်နေ့တွင် ကျော်ကျော်နိုင်က တပ်ကို စစ်ဆေးပြီး တပ်ရေးဗိုလ်ကြီးကို ၅ ချက်ခန့်၊ တပ်ကြပ်ကြီး ညီမာန်ကို ၃၀ ချက်ခန့်၊ တပ်ကြပ်ကြီး မြတ်မင်းခိုင်ကို ၅ ချက်ခန့်နှင့် တပ်သား ကိုကိုလင်းကို ၅ ချက်ခန့် ဆဲဆိုထိုးကြိတ်ရိုက်နှက်ခဲ့သည်။

ကြက်ခြံတာဝန်ခံ တပ်ကြပ်ကြီး သန့်ဇော်ဦးကို ကြက်သေလျှင် လျှော်ကြေးအဖြစ် လစာဖြတ်တောက်ခြင်း၊ ဌာနချုပ်တပ်ခွဲမှူး ဗိုလ်မှူး ဇော်နိုင်သည် တပ်ရင်းမှူးအမိန့်အရ အိမ်ထောင်သည်စစ်သည်ရဲမေများအား နေပူမိုးရွာမရှောင် မနားတမ်း မညှာမတာ အလုပ်ခိုင်းစေခြင်း၊ တပ်ရှေ့တွင် စစ်ဆေးရေးဂိတ်ဖွင့်၍ ပြည်သူများထံမှ မတရားငွေကြေးတောင်းခံပြီး ရရှိငွေများနှင့် တရားမဝင် စီးပွားရှာ၍ ရရှိငွေများဖြင့် လေတပ်နားတွင်တပ်ရင်းမှူးအိမ်ဆောက်ဆောက်လုပ်လျက်ရှိခြင်းများကို လုပ်ဆောင်နေသည်။

ထိုမျှသာမကသေးဘဲ တပ်မှ ဗိုလ်ကြီး သန်းထိုက်အောင်က အနီးဝန်းကျင်ရွာများတွင် ကြက်ဝိုင်းနှင့် ဖဲဝိုင်းများထူထောင်ကာ ကောက်ခံရရှိငွေများအား တပ်ရင်းမှူးထံ အပ်နေရပြန်သည်။

တပ်ရင်းအရာခံဗိုလ် မြင့်နိုင်ဦးလည်း တပ်သားသစ်များ စုဆောင်း အရောင်းအဝယ်လုပ်၍ တပ်ရင်းမှူးကို ငွေပေးရပြန်သည်။

မော်တော်ယာဥ်နှင့် ဆီပွိုင့်တာဝန်ခံ ဒုအရာခံဗိုလ် ကျော်ကျော်မင်းကမူ တပ်ရင်းမှူးနှင့် အဆင်ပြေအောင်ပေါင်း၍ မိန်းမနှင့် သမီးကို သက်သာဆိုင်နှင့် ကင်တန်းဆိုင် တာဝန်ပေးကာ ငွေတိုးချေးစားခြင်းများ လုပ်ဆောင်သည်။

ယခုနှစ်မေလထဲတွင် တပ်ရင်းမှူးကို အမြောက်ညွှန်ကြားရေးမှူး တပ်မမှူးအထိ တိုင်ကြားမှုရှိ၍ တပ်မမှူးက လာရောက်စစ်ဆေးသောအခါ တပ်မမှူး မိသားစုကို ရွှေသောင်ယံ၊ ငွေဆောင်နှင့် ချောင်းသာပို့ပေးခဲ့သည့်အတွက် တပ်ရင်းမှူးကို တပ်မမှူးက အရေးယူမရှိခဲ့ပေ။

မကွေးတိုင်းရေနံမြေလုံခြုံရေးတပ်ဖွဲ့မှ ရဲမှူးကြီး လှရီ

==============================

မကွေးတိုင်းရေနံမြေလုံခြုံရေးတပ်ဖွဲ့မှ ရဲမှူးကြီးလှရီသည် လာဘ်ပေးလာဘ်ယူမှု၊ အနိုင်ကျင့်မှု၊ လက်အောက် ငယ်သား များအပေါ် စိတ်မထင်လျှင် မထင်သလို ထိုးကြိတ်မှုများစွာကြောင့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။

“တပ်ဖွဲ့မှူးက လာဘ်စားပြီး အနိုင်ကျင့်လွန်းနေလို့မပေးနိုင်ရင် တစ်မျိုး ပေးနိုင်ရင် တစ်မျိုး ဆက်ဆံတာ မတူဘူး။

ခွင့်မဲ့ပျက်ကွက်တာ အတူတူဗျာ ၁ယောက်က အချုပ်ကျတယ်။ ၁ယောက်က ဘာမဖြစ်ဘူး။ ပိုက်ဆံပေးရင် အကုန်မသိချင်ယောင် ဆောင်ထားတယ်။ မကွေးတိုင်းထဲ ပေါက်နဲ့မြိုင်ဘက်မှာ ရေနံမြေရှေ့တန်းဆိုပြီးသွားကြရတယ်

ပိုက်ဆံပေးတဲ့ အရာရှိတွေကျမထည့်ဘူးဗျာ။ မပေးနိုင်တဲ့သူ ထည့်တာပဲ။ ရိက္ခာတွေကျတော့ ဘာမှ မစီစဉ်ပေးနိုင်ဘူးလေ။ စားစရာတောင် မရှိဘူး။ တပ်ဖွဲ့မှူး ၄ဆက်လောက်မှာ အခုလူက အဆိုးဆုံးပါဗျာ။ အဓိက တိုင်းတပ်ဖွဲ့မှူး ရာထူး မတိုးလို့များ ပိုဆိုးနေလားမသိဘူး” ဟု ရဲသတင်းရင်းမြစ်က ပြောသည်။

ရဲမှူးကြီး လှရီသည် ရဲချုပ်ရုံးမှ ဖြစ်ပြီး လာဘ်စားမှုဖြင့် ရေနံမြေရဲတပ်ဖွဲ့ထံ ရောက်ရှိလာခြင်းဖြစ်ကာ ရေနံမြေရဲတပ်ဖွဲ့တွင် ၁ နှစ်ပါးရှိနေပြီဖြစ်သည်။

“သူ့ကြောင့် ပြေးတဲ့သူတွေလည်း ပြေးကုန်ကြပြီ။ တပ်ဖွဲ့မှူး နာမည်။ မင်းအောင်လှိုင်က ဆိုး။ လက်အောက် ငယ် သား ခေါင်းဆောင်ရာထူးတွေက ဆိုးသွမ်းနေကြတာ။ မကွေးတိုင်း အရာတော်က တပ်စိတ်မှူးဆို သူ့ပိုက်ဆံပေးပြီး ကြိုက်ရာလုပ်ရတယ်။ သူ့ပိုက်ဆံပေးရင် ရှေ့တန်းမသွားရဘူးဗျ။ ရဲအုပ်တစ်ယောက်ဆို မသွားချင်လို့ ပိုက်ဆံပေးပြီး ရှေ့တန်းမထွက်ရဘဲ ကျန်ခဲ့တာ” ဟု ရဲသတင်းရင်းမြစ်ကဆိုသည်။

လူသတ်မှုနှင့် လက်နက်ပျောက်ဆုံးမှု လိမ်လည်သော ခမရ ၄၁၄ မှ ဒုတိယဗိုလ်မှူးကြီး ကျော်သူအောင်

===========================================

စစ်တက္ကသိုလ်အပတ်စဉ် ၄၅ ကျောင်းဆင်း ခြေမြန်တပ်ရင်း ဒုတိယဗိုလ်မှူးကြီး ကျော်သူအောင်သည် တပ်အတွင်းနှင့် ပြည်သူများအပေါ် အလွန်ဆိုးဝါးသော တပ်ရင်းမှူးတစ်ဦးဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်က သတင်းဖော်ပြခဲ့ပြီးဖြစ် သည်။

၎င်းကြောင့် တပ်သားအချင်းချင်း ပစ်ခတ်မှု ဖြစ်ပြီး သေဆုံးမှု၊ လက်နက်ပျောက်ဆုံးမှုများရှိခဲ့သော်လည်း လိမ်ညာ ရေးသား အစီရင်ခံစာတင်၍ အရေးယူခံရခြင်းမရှိဘဲ ရာထူးတိုးသွားခဲ့သူဖြစ်ကြောင်း နောက်ဆက်တွဲသိရှိရသည်။

“လွန်ခဲ့တဲ့ ၂လပိုင်းလောက်က တပ်ရင်းမှူးသွေးခွဲမှုနဲ့ စစ်သည်တွေအချင်းချင်း ရှေ့တန်းမှာ ပြသနာတက် ပစ်ခတ်ကြတယ်။ ဒုတက ခင်ဇော်ဦးက ဒုတက ဝင်းဌေးကို သေနတ်နဲ့ အချက်၂၀ ကျည်ကုန်တဲ့အထိပစ်သတ်ခဲ့တယ်။ ဒါပေမယ့်

အတိအကျအထက်ကိုတင်ရင် တပ်ရင်းမှူးအရေးယူခံထိမှာစိုးလို့ အထက်က လိမ်ညာပြီး တင်ပြတယ်။ အရေးယူမခံရအောင် သက်သာအောင်းရေးပြီး ဖြစ်စဥ်ကိုလှည့်ပြီးတင်ခဲ့ပါတယ်။ တကယ်ဆို တပ်မတော်မှာ အဲဒီလို ဖြစ်စဥ်ဖြစ်ရင် ရာထူးမတိုးတဲ့အပြင် တပ်ရင်းမှူးပါ အရေးယူခံရပါတယ်။ နောက်တစ်ခုကတော့ တပ်သားအောင်လင်းစိုးနဲ့ ဒုတက အေးမင်းဝင်းတို့ PDF လက်ချက်နဲ့ သေဆုံးပြီး သေနတ် ၂ လက် ပါသွားတယ်။ အဲဒါကိုလည်း တပ်ပြေး လုပ်တဲ့ပုံစံမျိုး အထက်ကို တင်ပြတယ်။ အရေးယူမခံရတဲ့အပြင် သူရာထူးတိုးခဲ့ပါတယ်။ ဒီအကြောင်းတွေကို ခေတ်သစ်ကို ပေါက်ကြားမှာစိုးလို့ တပ်ရင်းမှူးကတော် လဲ့လဲ့ဝင်းဟန်က လပြည့်နေ့ ဓမ္မာစင်္ကြာရွတ်တဲ့အချိန်မှာ တပ် တွင်း ဓမ္မာရုံမှာ မီဒီယာအပေါ်တင်စရာမလိုဖူး မကျေနပ်ရင် ကြိုက်တဲ့အချိန်တိုင် စောက်ဂရုမစိုက်ဖူး နင်တို့ ယောင်္ကျားတွေ သေစေချင်ရင် ဆက်လုပ်ဆိုပြီး စိန်ခေါ်တယ်။ နင်တို့ယောင်္ကျားတွေရဲ့အသက်က ငါတို့လက်ထဲမှာ အချိန်မရွေးသတ်ပစ်ပြီး အလောင်းဖျောက်လို့ရတယ် ပြောသွားတယ်” ဟု တပ်သတင်းရင်းမြစ်ကဆိုသည်။

အမှတ် ၆ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်( စကခ ၆ ) ခြေမြန်တပ်ရင်း ခမရ ၄၁၄ သည် နေပြည်တော် လယ်ဝေးမြို့နယ်ရှိ တပ်ရင်းတစ်ရင်းတစ်ခုဖြစ်ပြီး ပဲခူး တိုင်း၊ တောင်ငူခရိုင်၊ ကျောက်ကြီးနှင့်မုန်းဒေသကို တာဝန်ယူနေရသော စစ် တပ် တပ်ရင်းဖြစ်သည်။

စစ်အာဏာသိမ်းပြီးနောက် တပ်ရင်းမှူ ဒုတိယဗိုလ်မှူးကြီးကျော်သူအောင်နှင့် ဇနီး လဲ့လဲ့ဝင်းဟန်တို့ တပ်အတွင်း ဖိနှိပ်မှုများ လုပ်ဆောင်ကြောင်း၊ တပ်မိ သားစုမှန်သမျှ အပြင်ထွက်ခွင့်မပေးဘဲ တပ်ရိက္ခာ၊ လစာများကို ဖြတ်တောက် ခြင်း၊ တပ်အတွင်း တပည့်မွေး၍ ရှေ့တန်း၊ နောက်တန်းတာဝန်ခွဲခြားမှုများကို လာဘ်ငွေယူ လုပ်ဆောင်ပေးခြင်း၊ ရှေ့တန်းရောက် ရဲဘော်များ သေဆုံးလျှင်လည်း အမှန်တိုင်း တင်ပြခြင်းမရှိဘဲ နှုတ်ဆိတ်ပြီး လစာထုတ်ယူခြင်း စသည့် ဖိနှိပ်မှုများစွာကို လုပ်ဆောင်နေကြောင်း သိရှိရသည်။

“တပ်ရင်းမှူးနဲ့အဆင်ပြေတဲ့သူတွေကို သက်သာဆိုင်တို့ တပ်ကန်တင်းတို့မှာ ထားပါတယ်။ ရှေ့တန်းမသွားခိုင်းဘူး ။ သူ့ကို ဖားယားနိုင်သူ ကန်တော့နိုင်တဲ့သူတွေကို နေရာပေးတယ်။ သူ့မျက်မုန်းကျိုးရင်တော့ ရှေ့တန်းလိုက်ရတော့တာပဲ။ မဖားနိုင်တဲ့သူတွေဆိုရင်အကုန်ရှေ့တန်းပို့တယ်။ သူက တောင်ငူခရိုင်ထဲမှာ စခန်းထိုင်တယ်။ အခြား စစ်သည်တွေက တပ်ပြန်မလာရဘူး၊ တပ်ရင်း မှူးက ၁ လ ကို ၂ ခါလောက် သူ့မိန်းမဆီ ပြန်လာအိပ်တယ်။ လာရင်လည်း တပ် တွင်းမှာ အပြင်မထွက်ရဘူးသာ ပြောတာ သူ့မိန်းမ သူ့သားသမီးတွေနဲ့ ဘုရားဖူးထွက်လည်။ မိသားစုနဲ့ပျော်ရွှင်လို့ ကျမတို့ ယောင်္ကျား တွေကတော့ ရှေ့တန်းမှာ ၂နှစ် ကျော်ပြီ။ ပြန်လည်း မလာရ။ သေမှာလား ရှင်မှာလားမသိတဲ့ဘ၀တွေ” ဟု တပ်သတင်းရင်းမြစ်က ဆိုသည်။

တပ်ပိုင်ငွေကြေးများကို တပ်ရင်းမှူးကတော် လဲ့လဲ့ဝင်းဟန်က စိတ်တိုင်းကျ စီမံခန့်ခွဲပြီး သူပိုင်ငွေကြေးကဲ့သို့ ဖြတ်စားမှုများစွာ ရှိကြောင်း၊ ရန်ပုံငွေ ပိုလျှံသမျှ အကုန်အိတ်ထဲထည့်ကြောင်း သိရှိရသည်။

“သူ ရာထူးတိုးဖို့ အထက်လူတွေကိုဖားပြီး ခိုင်းတာ ဘာမဆို လုပ်တယ်။ သူရာထူးတက်ဖို့ လူကြီးတွေကိုဖားပြီး ကျမတို့ယောင်္ကျားတွေက အသက်တွေ စ တေး ခံနေရပါတယ်။ သူအပွင့်တင်ဖို့အတွက်။ သူရာထူးတိုးဖို့ လက် အောက်ငယ်သားဘ၀တွေကို စတေးတဲ့ ခေါင်းဆောင်ကို ဘယ်လိုယုံကြည်ရမလဲ။ ကိုယ့်လင် ဘယ်နေ့သေမလဲ သတင်းစောင့်နေရတယ်။ သူ့ကိုကျမတို့တပ်က ဘဝတူရဲမေတွေအကုန်လုံး အလိုမရှိကြဘူး။ တပ်က ပျက်နေပါပြီ” ဟု တပ်သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article