28 C
Yangon

ထင်ရာစိုင်း မြန်မာစစ်အုပ်စုနှင့် ဆွေးနွေးခြင်း အကျိုးမရှိ၊ မအောင်မြင်ဘဲ စစ်တပ်က ပိုမို အကြမ်းဖက်လာကြောင်း လုပ်ရပ်များက သက်သေထူနေ

Must read

By ရဲမျိုးဟိန်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် မြန်မာစစ်တပ်၏ အာဏာသိမ်းမှု ဖြစ်ပွားပြီးကတည်းက ငြိမ်းချမ်းရေး လမ်းကြောင်းတစ်ခုအတွက် စေ့စပ်အဖြေရှာနိုင်ရေး စစ်ကောင်စီနှင့် ပူးပေါင်းချိတ်ဆက်မှုများ ပြုလုပ်ရန် တောင်းဆိုမှုများရှိခဲ့သည်။

သို့သော် ကြီးမားကျယ်ပြန့်သည့် တော်လှန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်ရသည့်အခါ လူအများအပြား သတ်ဖြတ်ခြင်းနှင့် ကြီးမားသည့် ကျေးရွာမီးရှို့ခြင်းများအပါအဝင် မြန်မာစစ်တပ်သည် မိမိအာဏာတည်မြဲရေးအတွက် မည်သည့်အရာမဆို လက်မနှေးတမ်း ဆောင်ရွက်ကာ ထင်ရာစိုင်းလာခဲ့သည်ကို တွေ့ရသည်။ ယခုအချိန်အထိ စစ်တပ်သည် နောက်ဆုတ်မည့်လက္ခဏာမပြဘဲ အကြမ်းဖက် နှိမ်နှင်းမှုများကိုသာ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။

မကွပ်မျက်ရန် နိုင်ငံတကာအသိုင်းအဝိုင်းက မေတ္တာရပ်ခံနေသည့်ကြားမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို မကြာသေးမီက သေဒဏ်ပေးကွပ်မျက်ခဲ့ခြင်းကို ကြည့်၍ မြန်မာစစ်ကောင်စီသည် လက်ရှိ အကြပ်အတည်းအတွက် အရှေ့တောင်အာရှ နိုင်ငံများအသင်း(အာဆီယံ)နှင့် အိမ်နီးချင်းနိုင်ငံများက အဆိုပြုထားသော ငြိမ်းချမ်းရေးအဖြေရှာမှုကို လက်မခံကြောင်း ရှင်းလင်းစွာ သက်သေထူလိုက်ခြင်းပင် ဖြစ်သည်။

မြန်မာစစ်တပ်သည် အပြင်လူများ၏ စကားကိုနားမထောင်ဘဲ မိမိအဖွဲ့အစည်း၏ ကိုယ်ပိုင် တွေးခေါ်မှုအတိုင်းသာ ဆောင်ရွက်လေ့ရှိသည်။ ကမ္ဘာ့အသိုင်းအဝိုင်းအနေဖြင့် မိမိတို့၏ သံခင်းတမန်ခင်း ထုတ်ပြန်ချက်များ၊ ပြစ်တင်ရှုတ်ချမှုများမှာ လုံးဝအောင်မြင်မှု မရှိသလို အရပ်သားအုပ်ချုပ်မှုကို ၎င်းတို့ဆန္ဒအလျောက် အာဏာပြန်လွှဲပေးရေး စစ်ဗိုလ်ချုပ်ကြီးများကို သိမ်းသွင်းနိုင်မည့် မျှော်လင့်ချက် ဆိုသည်မှာလည်း စိတ်ကူးယဉ်ရွက်လွှင့်မှု တစ်ခုမျှသာဖြစ်ကြောင်း သိရှိနားလည်လာသင့်သည်။

ထုတ်ပြန်ချက် နိုင်ငံရေးနှင့်စည်းရုံးမှု သံခင်းတမန်ခင်းများသည် နိုင်ငံတကာအသိုင်းအဝိုင်းတွင် အာဏာမရှိကြောင်း စစ်ကောင်စီက ရိပ်စားမိအောင် အထုပ်ဖြည်ပြနေသကဲ့သို့ဖြစ်ကာ ၎င်းတို့အား အကြမ်းဖက်နှိမ်နှင်းမှုကို ပိုမိုရဲတင်းစွာပင် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာစေခဲ့သည်။ အကြမ်းဖက်မှုများ ပိုမိုပြင်းထန်လာသည့်အတွက် နိုင်ငံတကာအသိုင်းအဝိုင်းသည် ယခုကဲ့သို လေလုံးထွားနေမည့်အစား ရက်စက်သော စစ်တပ်ကိုဆန့်ကျင်ရန် ပိုမိုပြတ်သားသည့် လုပ်ရပ်များ ချမှတ်ဆောင်ရွက်လာသင့်သည်။

၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှု ဖြစ်ပွားသည့်အချိန်မှစ၍ နိုင်ငံတကာအသိုင်းအဝိုင်းသည် ကြေညာချက် အမြောက်အများထုတ်ပြန်၍ စစ်တပ်၏ အာဏာသိမ်းယူမှုကို ဆန့်ကျင့်ကန့်ကွက်ခဲ့သလို အရပ်သားအစိုးရထံ အာဏာပြန်လွှဲပေးရန်လည်း အဆက်မပြတ် တောင်းဆိုနေခဲ့သည်။ ယခုအချိန်အထိ မြန်မာ့အာဏာသိမ်းမှုနှင့် စပ်လျဉ်း၍ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံတစ်နိုင်ငံချင်းအလိုက် ထုတ်ပြန်ချက်များသည် ဆောင်းပါးရှင် သတိပြုမိသမျှ အရေအတွက် ၁၀၀ကျော်အထိ ရှိလာပြီ ဖြစ်သည်။ ထုတ်ပြန်ချက် အားလုံးနီးပါးတွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ရှုတ်ချပြီး အရပ်သားအစိုးရ ပြန်လည်ဖွဲ့စည်းရန် တောင်းဆိုသည့်အချက်များ ဖော်ပြပါရှိသည်။

အာဏာသိမ်းမှုနှင့် စစ်ကောင်စီ ကိုဆန့်ကျင်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းမှ ခေါင်းဆောင်များ၊ အထူးသဖြင့် ကမ္ဘာ့ကုလသမဂ္ဂနှင့် အနောက်နိုင်ငံတို့မှ အဆင့်မြင့်အရာရှိကြီးများက ပုံမှန်ပင် ထုတ်ဖော်ပြောဆိုနေသည်။ ဥပမာ မြန်မာနိုင်ငံတွင် စစ်တပ်၏ တရားမဝင်အာဏာသိမ်းမှုကို ရည်ညွှန်းလျက် “ကျွန်တော်တို့ မျက်မှောက်ခေတ်ကမ္ဘာကြီးမှာ အာဏာသိမ်းမှုတွေအတွက် နေရာ မရှိပါဘူး” ဟု ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီရို ဂူတာရက်စ်က ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုဆိုလျှင်လည်း အရှေ့အာရှနှင့် အရှေ့တောင်အာရှ မိတ်ဖက်နိုင်ငံများနှင့် ပြုလုပ်သည့် အစည်းအဝေး အစီအစဉ်များတွင် မြန်မာ့အရေးကို ပုံမှန်ထည့်သွင်း ဆွေးနွေးလျက်ရှိသည်။ ဥပမာ- Quad လုံခြုံရေးဆွေးနွေးပွဲ၊ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး စသည်တို့တွင် ထည့်သွင်းဆွေးနွေးကာ အစည်းအဝေးထုတ်ပြန်ချက်များ၌ မြန်မာ့စစ်တပ်၏ အာဏာသိမ်းမှုကို အဆုံးသတ်ရန်တောင်းဆိုမှုများကို ထည့်သွင်းပြုလုပ်လျက်ရှိသည်။

အနောက်နိုင်ငံအများစုကလည်း ပြစ်တင်ရှုတ်ချမှုများ ထုတ်ပြန်အပြီး၌ စစ်ဖက်အရာရှိများနှင့် ၎င်းတို့၏ မိသားစုများအပေါ် အကန့်အသတ်ဖြင့် ပစ်မှတ်ထား အရေးယူမှုကဲ့သို့ အစဉ်အလာ ပိတ်ဆို့မှုများကို ချမှတ်ခဲ့ကြသည်။

အထက်ပါ ဆောင်ရွက်မှုအားလုံးသည် အများအားဖြင့် လေတစ်လုံး မိုးတစ်လုံး ဟန်ရေးပြနေမှုသာ ဖြစ်သည်။ ၎င်းထုတ်ပြန်ချက်များ၊ ပြစ်တင်ရှုတ်ချမှုများ၊ အစဉ်အလာပိတ်ဆို့အရေးယူမှုများကို နေပြည်တော်က ဂရုမစိုက်ဘဲ ဖြစ်နိုင်သည့် နိုင်ငံတကာ ဖိအားအတိုင်းအတာကို ကောင်းစွာသဘောပေါက်ထားသော ခေါင်းမာသည့် ဗိုလ်ချုပ်ကြီးများသည် အာဏာသိမ်းမှု ဖြစ်ပွားစဉ်ကတည်းက ကြုံတွေ့နေရသော ပြစ်တင်ရှုတ်ချမှု၊ ပစ်မှတ်ထားပိတ်ဆို့မှု၊ အထီးကျန်ဖြစ်စေရေး ဘေးဖယ်ထားမှုများကို ခံနိုင်ရည်ရှိအောင် ကြိုတင်ပြင်ဆင် လေ့ကျင့်ထားခဲ့ပြီးဖြစ်သည်။

“မိတ်ဆွေအနည်းငယ်မျှနဲ့ပဲ အတူတကွ လျှောက်လှမ်းနိုင်အောင် ငါတို့လေ့လာသင်ယူရမယ်” ဟု စစ်ကောင်စီ၏ ဒုတိယအကြီးအကဲဖြစ်သူ စိုးဝင်းက ပြောကြားခဲ့ကြောင်း သတင်းများက ပြောပြခဲ့ကြသည်။ ကမ္ဘာကြီးက ပြစ်တင်ရှုတ်ချနေသည့်တိုင်အောင် တရုတ်ကဲ့သို့ နိုင်ငံများက မြန်မာစစ်ကောင်စီကို အကန့်အသတ်ဖြင့် အကူအညီများပေးနေဆဲ ဖြစ်သည်။

အခြားတစ်ဖက်တွင်လည်း လက်ရှိလမ်းကြောင်းမှ နောက်ကြောင်းပြန်စေအောင် ဗိုလ်ချုပ်ကြီးများကို နားချနိုင်ရေး မျှော်လင့်ချက်ဖြင့် ဒေသတွင်းအချို့နိုင်ငံများက စစ်ကောင်စီကို သံတမန်နည်းအရ ချဉ်းကပ်ခဲ့သည်။ အာဏာသိမ်းမှု နောက်ပိုင်းအကြပ်အတည်းအား ငြိမ်းချမ်းစွာ အဖြေရှာနိုင်ရေး ရည်မှန်းသည့် အပြုသဘောဆွေးနွေးမှုတွင် ပါဝင်လာအောင် စစ်ကောင်စီကို ဖျောင်းဖျနိုင်လိမ့်မည်ဟု အရှေ့တောင်အာရှနိုင်ငံများ၏ ယုံကြည်မှုအပေါ်အခြေခံ၍ အာဆီယံ၏ တူညီဆန္ဒငါးရပ်ကို ရေးဆွဲထားခြင်းဖြစ်သည်။

ယင်းတူညီဆန္ဒငါးရပ်၏ အနှစ်သာရအယူအဆမှာ အထီးကျန် ဘေးဖယ်ထားမည့်အစား စည်းရုံးမည့် သံခင်းတမန်ခင်းဖြစ်သည်။ မြန်မာ့ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် စစ်ကောင်စီသည် အပေါင်းလက္ခဏာ ခြေလှမ်းများကို ဂရုတစိုက် တဖြည်းဖြည်းဖြင့် ချိတ်ဆက်ပူးပေါင်းလာလိမ့်မည်ဟု အပြောင်းအလဲ သီအိုရီအရ ယူဆထားကြသည်။

ထိုသို့စည်းရုံးမှုသည် အလုပ်ဖြစ်နိုင်ကြောင်း ၎င်း၏အကောင်းမြင်မှုကို မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်းက မကြာခဏပြောဆိုလေ့ရှိသည်။ “အာဆီယံနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းနှစ်ခုလုံးက မြန်မာစစ်ကောင်စီကို အထီးကျန်ဖြစ်အောင် ဘေးဖယ်မထားဘဲ ၎င်းတို့နဲ့အပြုသဘော ဆက်လက်ချိတ်ဆက် ဆောင်ရွက်နေသမျှ ကာလပတ်လုံး မျှော်လင့်ချက်အားလုံး လက်လွှတ်ဆုံးရှုံးဖို့ မရှိသေးပါဘူး” ဟု ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ တင်ပြချက်တွင် ၎င်းကထည့်သွင်းပြောကြားခဲ့သည်။

ဖိနှိပ်မှုများကို လျှော့ချပြီး အကျဉ်းကျခံနေရသော ယခင်ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်၊ ဒီမိုကရေစီလှုပ်ရှားမှုတို့နှင့် သဘောတူညီချက် တစ်ခုခုရရှိလာအောင် စစ်ကောင်စီကို နားချနိုင်မည်ဟု အများအပြားက မျှော်လင့်နေကြဆဲဖြစ်သည်။

သို့ရာတွင် အင်အားအသုံးပြုရေး ဘာသာစကားကိုသာ တတ်ကျွမ်းပုံရသော ဗိုလ်ချုပ်ကြီးများအား ဖျောင်းဖျစည်းရုံးမှုသည် သမိုင်းအစဉ်အလာအရ အလုပ်မဖြစ်ခဲ့ဖူးပေ။ ဆယ်စုနှစ်များစွာကြာအောင် စစ်တပ်၏ အာဏာချုပ်ကိုင်ထားမှုကို ၂၀၁၁ခုနှစ်အတွင်း လျှော့ချပေးခဲ့စဉ်က မြန်မာကို ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်ရေးနှင့် အရည်အချင်းပြည့်ဝ၍ စစ်ရေးဆိုင်ရာသာ ဆောင်ရွက်သော စစ်တပ်တည်ထောင်ရေးတို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက ဗိုလ်ချုပ်ကြီးများကို စည်းရုံးနားချခဲ့ဖူးသော်လည်း မအောင်မြင်ခဲ့ပေ။

“၂၀၁၆ ခုနှစ်အစောပိုင်း မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ် ကျွန်တော်တာဝန်ထမ်းဆောင်စဉ်က စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပါအဝင် အခြားစစ်တပ်ခေါင်းဆောင်တွေနဲ့ မကြာခဏစကား ပြောကြတဲ့အခါ နောက်ထပ်ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်သလို လူ့အခွင့်အရေး လေးစားလိုက်နာမှုတွေ တိုးမြင့်လာမယ်ဆိုရင် အမေရိကန်စစ်တပ်နဲ့ မြန်မာအကြား ပိုမိုမြင့်မားတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်ပေါ်လာလိမ့်မယ်ဆိုတာ ကျွန်တော်ရှင်းရှင်းလင်းလင်း အသိပေးခဲ့ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း စကော့မာစီရယ်က ယမန်နှစ်အတွင်း ဆောင်းပါးတစ်ပုဒ်၌ ရေးသားဖော်ပြသည်။

အလားတူပင် မြန်မာစစ်တပ်နှင့် အပြုသဘောဆက်ဆံရေးများ တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် စစ်တပ်အရာရှိများ၏ စွမ်းရည်ပြည့်ဝသော စစ်တပ်ဆန်မှုနှင့် ဒီမိုကရေစီအယူအဆများကို တိုးတက်ကောင်းမွန်စေလိမ့်မည် ဟူသော မျှော်လင့်ချက်ဖြင့် ဥရောပသမဂ္ဂ စစ်ရေးကော်မတီက ၂၀၁၆ ခုနှစ်တွင် ဘရပ်ဆယ်၌ ကျင်းပသောအစည်းအဝေးသို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား တက်ရောက်ရန်ဖိတ်ကြားခဲ့သည်။

သို့သော် အဆိုပါကြိုးပမ်းမှုအားလုံးမှာ အရေးမလှဖြစ်ခဲ့ရသည်။ ဆန့်ကျင်ဖက်အားဖြင့် ထိုသို့ချိတ်ဆက်ပူးပေါင်းမှုကြောင့် ဗိုလ်ချုပ်ကြီးများမှာ ပိုမိုရဲတင်းလာကာ ၎င်းတို့ ကျင့်သားရနေသော အကြမ်းဖက်မှုများကို အရှိန်မြှင့်ဆောင်ရွက်လာကြပြီး နောက်ဆုံးတွင် ရိုဟင်ဂျာ လူနည်းစုများအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်ပေါ်လာသည်အထိ အခြေအနေ ဆိုးဝါးလာခဲ့သည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို သေဒဏ်ပေး ကွပ်မျက်မည်ဟု စစ်ကောင်စီ ကြေညာလိုက်သည့်အခါ ထိုသို့မဆောင်ရွက်ရန် ပြည်ပနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများက ဗိုလ်ချုပ်ကြီးများကို တိုက်တွန်းခဲ့သည်။

အဓိကအကျဆုံး တိုက်တွန်းမှုမှာ လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံ ပေးပို့သည့် စာတစ်စောင်ဖြစ်ကာ အဆိုပါစာထဲတွင် သေဒဏ်ပေးမှုကို ပြန်လည်စဉ်းစားရန်နှင့် အမှန်တကယ် ကွပ်မျက်ခြင်းမပြုရန် ဟွန်ဆင်က မေတ္တာရပ်ခံထားသည်။

အထီးကျန်ဘေးဖယ်ခံထားရသော စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက နေပြည်တော်သို့ ပထမဆုံးလာရောက်သည့် တစ်ဦးတည်းသော နိုင်ငံ့အကြီးအကဲဖြစ်သူ ဟွန်ဆန်၏ မေတ္တာရပ်ခံချက်ကို မည်သည့်နည်းဖြင့်မဆို လက်ခံစဉ်းစားပေးလိမ့်မည်ဟု အချို့က မျှော်လင့်ခဲ့သော်လည်း စစ်ကောင်စီက ကွပ်မျက်မှုကို အစီအစဉ်အတိုင်း ဆက်လက်ဆောင်ရွက်ခဲ့သည်။

အထိန်းသိမ်းခံ ၄ဦးကို ကွပ်မျက်ပြီးကြောင်း စစ်ကောင်စီက ဇူလိုင်၂၅ ရက်တွင် တရားဝင်ကြေညာခဲ့ပြီး အဆိုပါ ကွပ်မျက်ခံရသူများတွင် မျှတသောတရားရုံး စစ်ဆေးမှုများမရှိဘဲ စစ်ခုံရုံး၏ သေဒဏ်ချမှတ်ခြင်းကို ခံခဲ့ရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ အမတ်ဟောင်း ဦးဖြိုးဇေယျာသော်လည်း အပါအဝင် ဖြစ်သည်။ ဤလတ်တလောအဖြစ်ဆုံး အကြမ်းဖက်ကွပ်မျက်မှု ဖြစ်စဉ်ကြောင့် စည်းရုံးရေး သံခင်းတမန်ခင်း၏ အချည်းနှီးမျှော်လင့်ချက်များကို နောက်ဆုံးအပြီးတိုင် အဆုံးသတ်သွားစေခဲ့သည်။

အဆိုပါသေဒဏ်ပေးမှုကြောင့် အာဆီယံအဖွဲ့ဝင် အခြားနိုင်ငံများ၊ အထူးသဖြင့် အာဆီယံ တူညီဆန္ဒငါးရပ်ကို အကောင်အထည်ဖော်ရန် များစွာအကောင်းမြင်နေခဲ့သော ကမ္ဘောဒီးယားနိုင်ငံအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရသည်။ အဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် ပြစ်တင်ဝေဖန်မှု လုပ်လေ့မရှိသော အာဆီယံကပင် အဆိုပါသေဒဏ်ပေးကွပ်မျက်မှုအား “အလွန်အမင်း ရှုတ်ချကြောင်း” မြန်မာစစ်ကောင်စီအပေါ် အပြင်းထန်ဆုံး ဝေဖန်ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အပြင်ကမ္ဘာနှင့် လုံးဝဆက်ဆံမှုမရှိသော အဖွဲ့အစည်းဖြစ်သည့် မြန်မာစစ်တပ်သည် ပြင်ပ ဩဇာလွှမ်းမိုးမှုမှ လွတ်ကင်းနေသလို ကြားဝင်စွက်ဖက်သည်ဟုပင် သံသယလွန်ကဲလျက်ရှိသည်။ ၁၉၆၂ ခုနှစ် ပထမအကြိမ် စစ်အာဏာသိမ်းပြီးကတည်းက မြန်မာစစ်တပ်သည် ကိုယ်တိုင်ထုတ်လုပ်မှုဖြင့် တပ်တွင်းဖူလုံမှုရှိသော၊ ကိုယ်ကျိုးစီးပွားကို ကိုယ်တိုင်ကိုယ်ကျ ဆောင်ရွက်သော အဖွဲ့အစည်းအဖြစ် မိမိကိုယ်ကို ပုံသွင်းတည်ဆောက်ထားခဲ့ပြီး ဖြစ်သည်။

တချို့က မြန်မာစစ်တပ်ကို “နိုင်ငံအတွင်းက နိုင်ငံတစ်ခု” ဟုယူဆကြသည်။ စစ်တပ်သည် “ကျန်လူ့အဖွဲ့အစည်းနှင့် ရင်းနှီးကျွမ်းဝင်စွာ မဆက်ဆံဘဲ စစ်သားများ ရှင်သန်နေထိုင် အလုပ်လုပ်ကြသော” ကိုယ်ပိုင်သီးခြား ကမ္ဘာလေးကို ကိုယ်တိုင်တည်ဆောက် နေထိုင်လျက်ရှိသည်။ ပြည်ပစွက်ဖက်မှုသည် တိုင်းပြည်၏ အချုပ်အခြာအာဏာကို ဖျက်စီးကာ ဗုဒ္ဓဘာသာကို ယိုယွင်းပျက်စီးစေလိမ့်မည် ဟူသော နိုင်ငံခြားသားကြောက်သည့် လျှို့ဝှက်ကြံစည်မှု သံသယတစ်ရပ်ကိုလည်း စစ်သားများ၏ခေါင်းထဲ အမြဲရိုက်သွင်းထားသည်။

ထို့အပြင် စစ်တပ်ကသာ တက်တက်ကြွကြွ မကာကွယ်လျှင် တိုင်းပြည်သည် အစိတ်စိတ်အမွှာပြိုကွဲကာ အမျိုးဘာသာ ၊သာသနာလည်း ဖျက်ဆီးခံရမည် ဟူသော “စစ်တပ်၏ ကာကွယ်စောင့်ရှောက်ရေးသမား စိတ်ဓာတ်” ကို တပ်ဖွဲ့ဝင်များအကြား ပြုစုပျိုးထောင်ထားသည်။ နိုင်ငံခြားသားကြောက်သော အတွေးအခေါ်နှင့် မြန်မာနိုင်ငံရေး၌ ဦးဆောင်ပါဝင်ရေးအယူဝါဒတို့ ပေါင်းစပ်လိုက်သည့်အခါ မြန်မာစစ်ခေါင်းဆောင်များသည် ပြင်ပကမ္ဘာ၏ တောင်းဆိုမှုအတွက် မည်မျှပင် သေးငယ်သော အလျှော့ပေးလိုက်လျောမှု ဖြစ်စေကာမူ ၎င်းက စစ်တပ်၏ ဩဇာအာဏာကို ယုတ်လျော့စေလိမ့်မည်ဟု ရှုမြင်ကြသည်။

ထို့ကြောင့် ဗိုလ်ချုပ်ကြီးများသည် ပြင်ပကမ္ဘာ၏ မည်သည့်တောင်းဆိုမှုသာမက ယုတ်စွအဆုံး မည်သည့်မေတ္တာရပ်ခံချက်များကိုမဆို မည်သည့်အခါကမျှ နားထောင်ခဲ့ခြင်းမရှိပေ။ အထင်ရှားဆုံး ဥပမာအဖြစ် ၂၀၀၈ခုနှစ် နာဂစ်ဆိုင်ကလုံး မုန်တိုင်းအတွင်း ပြင်ပအကူအညီများကို ဗိုလ်ချုပ်ကြီးများက ခေါင်းမာစွာငြင်းဆန်ခဲ့မှုကို လေ့လာနိုင်သည်။

ထိုသမိုင်းကြောင်းအပြင် မြန်မာပြည်သူတို့ ကောင်းစွာသိနားလည်ထားပြီးသား အချက်ဖြစ်သည့် စစ်တပ်သည် မိမိအဖွဲ့အစည်း၏ ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှုအရသာ အလုပ်လုပ်ပြီး စေ့စပ်ညှိနှိုင်းခြင်း ဆိုသည်မှာ ၎င်းတို့၏ မျိုးရိုးဗီဇထဲတွင် မပါဝင်သည့်အရာဖြစ်ကြောင်းကို ကမ္ဘာ့အသိုင်းအဝိုင်းက အပြည့်အဝ နားလည်ခြင်းမရှိသေးပေ။

မည်သူမည်ဝါ မခွဲခြားဘဲ စစ်တပ်၏ အကြမ်းဖက်နှိမ်နှင်းမှုနှင့် ရင်ဆိုင်ရသည့်အခါ ပြည်သူများသည် စစ်ကောင်စီကိုအနိုင်ယူရန် နောက်ဆုံးနည်းလမ်းအဖြစ် လက်နက်စွဲကိုင် တိုက်ပွဲဝင်လာကြသည်။ ထိုသို့ တိုက်ပွဲဝင်၍ အနိုင်ယူနိုင်ရေးအတွက် ၎င်းတို့သည် လက်တွေ့ကျသည့် ရုပ်ဝတ္ထုပစ္စည်းအစစ်အမှန် အကူအညီများ လိုအပ်နေသည်။ အလုပ်မဖြစ်သော ကြေညာချက် နိုင်ငံရေးဖြင့် သံခင်းတမန်ခင်း စည်းရုံးမှုများ ဆောင်ရွက်မည့်အစား နိုင်ငံတကာအသိုင်းအဝိုင်းသည် မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး အဆုံးသတ်စေအောင် ယခုထက်ပို၍ အလုပ်လုပ်ရမည် ဖြစ်သည်။

ရဝမ်ဒါလူမျိုးသုဉ်းသတ်ဖြတ်မှုမှသည် မြန်မာရိုဟင်ဂျာအကြပ်အတည်းအထိ ကမ္ဘာ့သမိုင်း၏ အဆိုးဝါးဆုံး အတိဒုက္ခရောက်မှုများသည် တုံ့ပြန်ဆောင်ရွက်ရန် ပျက်ကွက်မှုမှ မြစ်ဖျားခံခဲ့သည်။ ရဝမ်ဒါ လူမျိုးသုဉ်းသတ်ဖြတ်မှုကို ကမ္ဘာကြီး၏ တုံ့ပြန်ဆောင်ရွက်မှု ကင်းမဲ့နေခြင်းနှင့် စပ်လျဉ်း၍ “ ဒီနေရာမှာ ခင်ဗျားတို့အတွက် ထူးဆန်းကောင်း ထူးဆန်းနေပုံ ရပါလိမ့်မယ်၊ အထူးသဖြင့် မိသားစုဝင်တွေ ဆုံးရှုံးခဲ့ကြရတဲ့သူတွေ အများကြီးထဲက ခင်ဗျားတို့အတွက်၊ ဒါပေမယ့် ကမ္ဘာတစ်ဝှမ်းလုံးမှာ ဒီလို စဥ်းစားနိုင်တဲ့အတိုင်းအတာကို ကျော်လွန်ပြီး၊ မတွေးတောရဲ နားမလည်နိုင်လောက်အောင် ထိတ်လန့်ကြောက်ရွံ့စရာ ဖြစ်ရပ်တွေ ခင်ဗျားတို့အပေါ် နက်နက်ရှိုငိးရှိုင်း နေ့စဥ်နဲ့အမျှ ဝိုင်းရံခံနေရတာတွေကို အပြည့်အဝနားလည် သဘောမပေါက်နိုင်တဲ့၊ ရုံးခန်းတွေထဲမှာ ထိုင်နေကြတဲ့ ကျွန်တော့်လိုလူတွေ ရှိနေခဲ့ကြတယ်” ဟု ၁၉၉၈ ခုနှစ်တွင် ထိုစဥ်က အမေရိကန်သမ္မတဖြစ်သူ ဘီလ် ကလင်တန်ကပြောကြားခဲ့သည်။

ယခုတဖန် မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးဆိုးဝါးစွာ ချိုးဖောက်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ပြစ်မှုများ၊ စစ်ရာဇဝတ်မှုများနှင့် စပ်လျဉ်း၍ ကမ္ဘာကြီးက တုံ့ပြန်ရန် ပျက်ကွက်လျက်ရှိပြန်သည်။ ယခုတစ်ကြိမ်တွင် စစ်တပ်၏ အကြမ်းဖက်အုပ်ချုပ်မှုနှင့် ရက်စက်မှုများကို အဆုံးသတ်စေအောင် စုပေါင်း၍ ထိထိရောက်ရောက်တုံ့ပြန်မည့် အရေးကိစ္စကို နိုင်ငံတကာအသိုင်းအဝိုင်းက ရှောင်လွှဲမသွားသင့်ကြပေ။

ပထမဦးစွာ နိုင်ငံတကာအဖွဲ့အစည်းအားလုံး၏ အဆင့်တိုင်း၌ စစ်ကောင်စီ၏ ကိုယ်စားပြုပါဝင်မှုကို ဟန့်တားမည့်နည်းလမ်းတိုင်းကို နိုင်ငံတကာအသိုင်းအဝိုင်းက ဆောင်ရွက်ရမည်ဖြစ်သည်။ အရေးအကြီးဆုံးတစ်ခုမှာ မကြာမီပြုလုပ်မည့် ကမ္ဘာ့ကုလသမဂ္ဂအတွက် တရားဝင် ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်ချမှတ်ရေး ကိစ္စဖြစ်သည်။

မြန်မာနိုင်ငံအား ကိုယ်စားပြုမှုဆိုင်ရာဆုံးဖြတ်ချက်ကို ကုလသမဂ္ဂ ကိုယ်စားပြုမှု ဆုံးဖြတ်ရေးကော်မတီက ယမန်နှစ်ကရွှေ့ဆိုင်းခဲ့သည်။ သို့သော် ယခုနှစ်တွင်မူ ထိုသို့ ဆိုင်းငံ့ရန် အလားတူဆုံးဖြတ်ချက်မျိုး ထပ်မံမချမှတ်သင့်ပေ။ မြန်မာစစ်ကောင်စီသည် မိမိအကြမ်းဖက်နေသော နိုင်ငံနှင့်လူမျိုးကို ကိုယ်စားမပြုနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးက တူညီသောသတင်းစကားကို ပါးသင့်ပါသည်။ အလားတူပင် အခြားနိုင်ငံတကာ အဖွဲ့အစည်းများတွင်လည်း စစ်ကောင်စီ၏ မြန်မာနိုင်ငံကိုယ်စားပြုခွင့်အား ရုပ်သိမ်းသင့်သည်။

ဒုတိယအချက်မှာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့် နိုင်ငံတစ်ခုချင်းအလိုက် ပိုမိုထိရောက်ပြင်းထန်သော စီးပွားရေးအရေးယူမှုများချမှတ်ပြီး မြန်မာစစ်ကောင်စီ၏ ဝင်ငွေကိုကန့်သတ်မည့် ခြေလှမ်းများအပြင် လက်နက်ရောင်းချမှု ပိတ်ပင်ရေးကိုလည်း ဆောင်ရွက်ရန်လိုအပ်ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ အဓိက နိုင်ငံခြားဝင်ငွေ ရပေါက်ရလမ်းဖြစ်သော နိုင်ငံပိုင်ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းအား အရေးယူပိတ်ဆို့ရာတွင် အမေရိကန်ပြည်ထောင်စုက ဆက်လက်၍ နှောင့်နှေးတုံ့ဆိုင်း မနေသင့်တော့ပေ။ အခြားနိုင်ငံများကလည်း စစ်ကောင်စီအပေါ် ဖြစ်နိုင်သမျှသော ဒဏ်ခတ်အရေးယူမှုများ သက်ရောက်စေရန် အလားတူ ချမှတ်ဆောင်ရွက်သင့်သည်။

နောက်ဆုံးဖြစ်သော်လည်း အလေးထား တင်ပြလိုသည့်အချက်မှာ ထုတ်ပြန်ကြေညာချက်၊ စည်းရုံးမှု နိုင်ငံရေးနှင့် အစဉ်အလာပိတ်ဆို့ အရေးယူမှုများက လူအများစု၏ ထောက်ခံမှုဖြင့်သာ အုပ်စိုးနိုင်မည့် အရပ်သားအုပ်ချုပ်မှုကို ပြန်လည်တည်ဆောက်စေအောင် စစ်ကောင်စီအား အတင်းအကြပ် ဖိအား မပေးနိုင်ကြောင်း နိုင်ငံတကာအသိုင်းအဝိုင်းက နားလည်လက်ခံရန်ဖြစ်သည်။

သို့ဖြစ်၍ နိုင်ငံတကာအသိုင်းအဝိုင်းက မြန်မာ့အရေးတွင် အတူတကွရပ်တည်၍ လက်ရှိတော်လှန်ရေးကို ထောက်ခံသင့်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တို့နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် ဖြစ်နိုင်သမျှ နည်းလမ်းများကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ကမ္ဘာ့ အသိုင်းအဝိုင်းက စဉ်းစားသုံးသပ်သင့်သည်။ ၎င်းတို့သည် အနှစ်မဲ့ လေလုံးထွားမှုထက် ကျော်လွန်၍ စစ်တပ်၏အကြမ်းဖက်အုပ်ချုပ်မှုကို တော်လှန်နေသော ပြည်သူများကို အထင်အရှား ကူညီနိုင်မည့် ထိရောက်သောမဟာဗျူဟာကို ရေးဆွဲဆောင်ရွက်သင့်သည်။

တက်ကြွလှုပ်ရှားသူ ၄ဦးကိုကွပ်မျက်၍ စစ်အုပ်စုက ကျူးလွန်ခဲ့သော ရက်စက်သည့် အကြမ်းဖက်မှုသည် မြန်မာပြည်သူများ၏မှတ်ဉာဏ်တွင် စွဲမြဲစွာထင်ကျန်ရစ်မည်ဖြစ်သည်။ စစ်အုပ်စုကို ဆန့်ကျင်ရာတွင် မည်သူက ၎င်းတို့ဘက်မှရပ်တည်ခဲ့ပြီး မည်သူကဘေးထွက်ထိုင်နေသည်ကို ပြည်သူများက အမှတ်ရနေကြပေလိမ့်မည်။ ထို့ကြောင့် ပြည်သူဘက်မှ ရပ်တည်ကြောင်း သက်သေထူနိုင်ရေး ကမ္ဘာကြီးက တုံ့ပြန်ဆောင်ရွက်ရမည် ဖြစ်သည်။

(Foreign Policy မဂ္ဂဇင်းပါ Ye Myo Hein ၏ “Engagement With Myanmar’s Junta Has Failed” ဆောင်းပါးကို ဆီလျှော်အောင် ဘသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article