30 C
Yangon

ပြည်သူလူထုကို ကိုယ်စားပြုသော နိုင်ငံအဆင့် လူအခွင့်အရေး ကော်မရှင် အသစ် ဖွဲ့စည်းရန် NUG ကို အရပ်ဘက်အဖွဲ့ ၃၂ ခုက တိုက်တွန်း

Must read

ရန်ကုန်၊ ဩဂုတ် ၇

မြန်မာပြည်သူလူထုကို ကိုယ်စားပြုသော နိုင်ငံအဆင့် လူအခွင့်အရေး ကော်မ ရှင် အသစ် ဖွဲ့စည်းရန် အမျိုးသားညီညွတ်ရေးအစိုးရNUG ကို အရပ်ဘက်အဖွဲ့ ၃၂ ခုက တိုက်တွန်းတောင်းဆိုလိုက်ကြသည်။

၂၀၂၂ ခုနှစ် ဩဂုတ်လ (၈) ရက်နေ့တွင် ကျရောက်မည့် (၃၄) နှစ်မြောက် ၈၈၈၈ အရေးတော်ပုံနေ့တွင် မြန်မာနိုင်ငံ ဖက်ဒရယ်ဒီမိုကရေစီနှင့် လူ့အခွင့် အရေး အတွက် ပေးဆပ်တော်လှန်ခဲ့ကြသော တိုင်းရင်းသား ရဟန်းရှင်လူ မိဘပြည်သူ အပေါင်းတို့၏ စွန့်လွှတ်ပေးဆပ်မှုများကို ဂုဏ်ပြုသည့် တစ်ချိန် တည်းတွင် နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့်အညီ လူ့အခွင့် အရေးများကို လေးစားလိုက်နာ ကာကွယ် မြှင့်တင်ပေးသော လူ့အခွင့် အရေး ကော်မရှင် အသစ်တစ်ရပ် မြန်မာနိုင်ငံတွင် ပေါ်ပေါက်ရန် အချိန်တန်ပြီ ဖြစ် ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို မြန်မာအရပ်ဘက် လူထု အဖွဲ့ အစည်း ၃၂ ဖွဲ့တို့က တိုက်တွန်းဆော်ဩသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ စစ်အုပ်စုသည် ၎င်း၏အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ပိုင်း ပြည်သူများအပေါ် စနစ်တကျ ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက် ထိုးစစ်ဆင်ခြင်းနှင့် မျိုးစုံသော လူ့အခွင့်အရေး ချိုးဖောက်မှုများကို နိုင်ငံအနှံ့တွင် နေ့စဥ်ရက်ဆက် ကျူးလွန်နေကြောင်း၊ အာဏာသိမ်းရန်ကြိုးပမ်းမှု ရက်ပေါင်း ၅၅၁ ရက်အတွင်းတွင် စစ်အုပ်စုသည် ကလေးသူငယ်များ အပါအဝင် အပြစ်မဲ့ပြည်သူဦးရေ ၂,၀၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး အမှန်တကယ်သော ကိန်းဂဏန်းမှာ ထို့ထက်ပို၍များနိုင်ကြောင်း အရပ်ဘက်အဖွဲ့များက ပြောသည်။

ထို့အပြင် စစ်တပ်လက်အောက်ခံ ရုပ်သေးရုပ်တရားရုံးများက မတရားစီရင်အမိန့်ချမှတ်ထားသော ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ ၄ ဦးကိုလည်း သေဒဏ်စီရင် သတ်ဖြတ်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းရန် ကြိုးပမ်းမှုကို ဆန့်ကျင်ကန့်ကွက်သည့် အရပ်သား ၁၁,၉၀၀ ဦး ကျော်ကိုလည်း စစ်အုပ်စုက ဖမ်းဆီးထိန်းသိမ်းထားကြောင်း

တိုင်းရင်းသားဒေသများနှင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှု၊ ရမ်းသန်းပစ်ခတ်မှု၊ မတရားဖမ်းဆီးမှု၊ ဥပဒမဲ့သတ်ဖြတ်မှု၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ လုယက်ခိုးယူမှုနှင့် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူများမှာ နေ့စဥ်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုများနှင့် ရှင်သန်နေထိုင်ရကြောင်း၊ လွတ်လပ်စွာ အသက်ရှင်သန်ခွင့်၊ အသက်မွေး ဝမ်းကျောင်းပြုခွင့်၊ သွားလာနေထိုင်ခွင့်နှင့် ဘေးကင်းလုံခြုံခွင့် စသည့်အခြေခံအခွင့်အရေးများလည်း နေ့စဥ်ရက်ဆက် ဆိုးရွားစွာ ချိုးဖောက်ခံနေရကြောင်း၊

မြန်မာပြည်၏ တရားစီရင်ရေး စနစ်သည် စစ်အုပ်စု၏ ထိန်းချုပ်မှုအောက်တွင် လွတ်လပ်တရားမျှတမှု ကင်းမဲ့လျှက်ရှိသဖြင့် ချိုးဖောက်ခံရသော အခွင့်အရေးများအတွက် ပြည်သူများမှ အသိပေး၊ တိုင်တန်း၍ ရနိုင်သော လွတ်လပ်မျှတသည့် ယန္တရားများ လိုအပ်လျက်ရှိသဖြင့် NUG အနေဖြင့် စစ်တပ်လက်အောက်ခံ လူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ဖျက်သိမ်းပြီး ပြည်ထောင်စုလူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ်အား ဖွဲ့စည်းထူထောင်ရန် အရပ်ဘက်အဖွဲ့အစည်းများက တောင်းဆိုကြသည်။

၂၀၁၁ ခုနှစ် ဦးသိန်းစိန်ဦးဆောင်သော အရပ်သားတစ်ပိုင်း အစိုးရလက်ထက်တွင် နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနအဖြစ် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် (MNHRC) ကို ဖွဲ့စည်းတည်ထောင် ခဲ့သော်လည်း နိုင်ငံအဆင့်လူ့အခွင့်အရေးဌာနများ လိုက်နာရမည့် ပါရီအခြေခံမူ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးစံချိန်စံနှုန်းများနှင့် ကိုက်ညီမှု မရှိခြင်းနှင့် သီးခြားလွတ်လပ်မှု မရှိခြင်းတို့ကြောင့် ယနေ့အချိန်ထိတိုင် နိုင်ငံတကာနှင့် ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့အစည်းများ၊ နှင့် ပြည်သူတို့၏ ယုံကြည်မှု ကင်းမဲ့ခြင်းကို ခံနေရကြောင်း ၊ လက်ရှိတွင် MNHRC သည် စစ်အုပ်စုနှင့် ဆက်လက်ရပ်တည်နေသည်။ ထို့ထက်ပိုဆိုးသည်မှာ MNHRC အဖွဲ့ဝင်များသည် စစ်အုပ်စု၏ ခွင့်ပြုချက်ဖြင့် အကျဉ်းထောင်များသို့ ဟန်ပြစစ်ဆေးမှုများ ပြုလုပ်ကာ အကျဥ်းချခံထားရသည့် နစ်နာသူများအပေါ် ငွေကြေးအမြတ်ထုတ် ချိုးဖောက်မှုများကို ကိုယ်တိုင်ကိုယ်ကျ ကျူးလွန်နေကြောင်း အရပ်ဘက်အဖွဲ့များက ဆိုကြသည်။

ထို့အပြင် MNHRC သည် ဒေသတွင်းနှင့် နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ဖိုရမ်များနှင့် အစည်းအဝေးများတွင် မြန်မာပြည်ကိုယ်စားပြု လူ့အခွင့်အရေးကော်မရှင်အဖြစ် အရှက်တရား ကင်းမဲ့စွာ ဆက်လက်ကိုယ်စားပြု တက်ရောက်နေပြီး စစ်အုပ်စု၏ နိုင်ငံရေး တရားဝင်မှု ရရှိလာရေးအတွက် နိုင်ငံတကာတွင် ဝါဒဖြန့်ချိရေး ယန္တရားအဖြစ် လုပ်ဆောင်နေလျက်ရှိနေကြောင်း ၊ နိုင်ငံတကာ စံချိန်စံနှုန်းများနှင့်အညီ လူ့အခွင့်အရေးများကို အမှီအခိုကင်းကင်း လွတ်လပ်မျှတစွာ ကာကွယ်၊ မြှင့်တင်ပေးနိုင်သည့် နိုင်ငံအဆင့် လူ့အခွင့်အရေးကော်မရှင် အသစ်တစ်ရပ်ဖြင့် အစားထိုးရန် အရေးတကြီး လိုအပ်နေသည်မှာ အထင်အရှားဖြစ်ကြောင်း၊ သို့မှသာ နိုင်ငံတကာမျက်နှာစာတွင်လည်း မြန်မာပြည်သူများ၏ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအပေါ် ယုံကြည်ချက်အား အမှန်တကယ် ကိုယ်စားပြုနိုင်မည် ဖြစ်သည်ဟု အရပ်ဘက်အဖွဲ့များက ထောက်ပြဝေဖန်ထားသည်။

လက်ရှိတွင် လူ့အခွင့်အရေးကော်မရှင် ဥပဒေမူကြမ်းကို ရေးဆွဲပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၆ ရက်နေ့တွင် NUCC၊ CRPH နှင့် NUG တို့ထံ ပေးပို့တင် သွင်းခဲ့ ကြောင်း၊ မြန်မာနိုင်ငံတွင် ပြည်ထောင်စု လူ့အခွင့်အရေးကော်မရှင် (Union Human Rights Commission) ပေါ်ပေါက်လာစေရန် ဆက်လက်ကြိုး ပမ်းသွား မည်ဖြစ်ပြီး ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်အုပ်စု၏ ထောက် တိုင်ဖြစ်သော MNHRC ကို ကန့်ကွက် ရှုတ်ချကြရန်နှင့် နိုင်ငံအဆင့် လူ့အခွင့် အရေးကော်မရှင် အသစ်တစ်ရပ် ပေါ်ပေါက်လာရန်အတွက် ပါဝင်အားဖြည့် ကြပါ ရန် အရပ်ဘက်လူထုအဖွဲ့အစည်းများက တောင်းဆိုထားသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အကြမ်းဖက် လူ့အခွင့်အရေး ကော်မရှင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article