29 C
Yangon

မလုပ်ရဲတာ ဘာမှ မရှိတဲ့ လူမိုက် မင်းအောင်လှိုင် ဖြိုချပစ်လိုက်တဲ့ မြန်မာ့စီးပွားရေး

Must read

By ရန်ကုန်ခေတ်သစ်

“ကျနော် မလုပ်ရဲတာ ဘာမှ မရှိဘူး” ဆိုခဲ့တဲ့ မင်းအောင်လှိုင်။ လူထုရွေးကောက်တင်မြှောက်ထားတဲ့ ပြည်သူ့အစိုးရ လက်ထဲကနေ အာဏာကို ဥပဒေမဲ့ လုယူ အာဏာသိမ်းခဲ့တဲ့အပြင် ပြည်သူထောင်ပေါင်းများစွာကို သတ်ဖြတ်ခဲ့တဲ့ မင်းအောင်လှိုင်။

အာဏာသိမ်းပြီး ၁၈ လကျော် အကြာမှာ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု လုံး၀(လုံး၀) မရှိတော့ဘဲ မြန်မာကျပ်ငွေဟာလည်း တန်ဖိုး မရှိတဲ့ ဂျပန်ခေတ် ငွေစက္ကူလို နေ့စဉ် တန်ဖိုး တရှိန်ထိုး ထိုးကျနေပါတယ်။ အခုဆိုရင် အမေရိကန်တစ်ဒေါ်လာ ၂၈၅၀ ကျပ် ၊ ရွှေတစ်ကျပ်သား ၂၆ သိန်း ၂ သောင်း ၅ ထောင်ကျပ်ဆိုတဲ့ ဘယ်တုန်းကမှ မကြားဖူးတဲ့ စံချိန်တင်စျေးတွေ ဖြစ်ပေါ်နေပါတယ်။

၂၀၁၂ ခုနှစ်ကနေပြီး ပြုပြင်ပြောင်းလဲမှုတွေနဲ့ အချိန်ယူ တည်ဆောက်ခဲ့ရတဲ့ ဖွံ့ဖြိုးစ မြန်မာ့စီးပွားရေး၊ ငွေကြေးကဏ္ဍတစ်ခုလုံးကို မင်းအောင်လှိုင်က ၁၈ လတာကာလအတွင်းမှာ ထင်သလိုလုပ် ဖြိုချ ဖျက်ဆီးလိုက်ပါတယ်။

အာဏာသိမ်းချိန်ကစတင်ပြီး စျေးကွက်စီးပွားရေးစနစ်နဲ့ မကိုက်ညီ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အမိန့်အမျိုးမျိုးကို သူထုတ်ခဲ့ပါတယ်။ အာဏာသိမ်းစမှာ ဘဏ်အပ်ငွေတွေ အကုန်ပြန်ထုတ်ယူမှာစိုးလို့ အပ်ငွေမှန်သမျှ ကို ပြန်ထုတ်မပေးရဆိုတဲ့ အမိန့်ထုတ်ခဲ့တယ်။

ဒီအမိန့်ကြောင့်ပဲ အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းတွေ အားလုံး ဇက်ကြိုးတပ် ထိန်းချုပ်ခံရသလိုဖြစ်သွားခဲ့ပါတယ်။ ဘဏ်ထဲမှာ ရှိတဲ့ ပြည်သူလူထုရဲ့ ငွေကြေးတွေက မင်းအောင်လှိုင် ထိန်းချုပ်မှုအောက်ကို နေ့ချင်းညချင်း ရောက်ရှိသွားခဲ့တယ်။

ဘယ်နိုင်ငံမှာမှ မကြားဖူး မကြုံဖူးတဲ့ ဘဏ်မှာ ရှိတဲ့ မိမိကိုယ်ပိုင် အပ်ငွေကို တစ်ပတ် ၃ သိန်း၊ ၅ သိန်း၊ ၁၀ သိန်း စတဲ့ စစ်တပ်က သတ်မှတ်ပမာဏ ၊ အချိန်ကာလ အလှည့်ကျစနစ်နဲ့ ထုတ်ယူရတာ၊ ကိုယ့်အပ်ငွေ ကိုယ် ပြန်ထုတ်ယူနိုင်ဖို့ ပြင်ပမှာ ရာခိုင်နှုန်းပေးပြီး ထုတ်ရတဲ့စနစ်တွေ ပေါ်ထွန်းခဲ့ရတယ်။

နောက်တစ်ခါ စီးပွားရေးပိတ်ဆို့မှုတွေ ၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ အကြီးအကျယ် ထွက်ခွာနေတာကြောင့် စစ်ကောင် စီ မှာ ဒေါ်လာ ဝင်ငွေရလမ်း နည်းလာပါတယ်။ အဲဒီတော့ မင်းအောင်လှိုင်က ရှိသမျှ စီးပွားရေးလုပ်ငန်းတွေရဲ့ ဒေါ်လာငွေတွေကို သတ်မှတ်စျေးနဲ့ လဲယူပြီး စစ်ကောင်စီပိုင် ဒေါ်လာတွေ အဖြစ် သိမ်းယူ၊ လုယူပါတယ်။

စစ်ကောင်စီအနေနဲ့ သူ့မှာရှိတဲ့ ဒေါ်လာတွေကို စစ်လက်နက် ဝယ်ဖို့ကလွဲရင် အကုန်မခံ၊ မသုံးစွဲချင်တော့ အမိန့်အမျိုးမျိုးထုတ်ပြီး သွင်းကုန် လျှော့ချရေး၊ ပြည်တွင်းဖြစ် အစားထိုး ရေးဆိုတာတွေ လုပ်လာပါတယ်။ စျေးကွက်မှာ နှုန်းရှင်ဖြစ်နေတဲ့ ငွေလဲနှုန်းကို တစ်ဒေါ်လာ ၁၈၅၀ ကျပ်သတ်မှတ်တာ၊ နောက်တစ်ခါ တစ်ဒေါ်လာ ၂၁၀၀ ပြောင်းလဲသတ်မှတ်တာစတဲ့ ဘာတွက်ချက်မှုမှ မရှိဘဲ ငွေလဲနှုန်းကို စစ်ကောင်စီက ထင်သလို အမိန့်ထုတ်ကြိုးကိုင်ခဲ့ပါတယ်။

အဆိုးဆုံးကတော့ မြန်မာကျပ်ငွေ ဘီလီယံပေါင်းများစွာ ၁၈ တာ ကာလအတွင်းမှာ ရိုက်နှိပ် ထုတ်ဝေခဲ့တာပါပဲ။ ၂၀၂၁ ခုနှစ်၊ မတ်လ ကနေ စပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လအထိ ဥဘကစ္စတန်နိုင်ငံကနေ ငွေစက္ကူ ကုန်ကြမ်း လေယာဉ်နဲ့ တင်သွင်းမှု အကြိမ် ၂၀ ထက်မနည်းရှိခဲ့ပါတယ်။

ကုန်တင်လေယာဉ်နဲ့ တစ်ခေါက် လာပို့ရင် ငွေစက္ကူကုန်ကြမ်း တန်ချိန် ၉၀ ကနေ ၁၁၀ အထိ တင်သွင်း သယ် ယူ ခဲ့တာမို့ ၁၈ လတာ ကာလအတွင်း ငွေစက္ကူ ကုန်ကြမ်းတန်ချိန် စုစုပေါင်း ၂၀၀၀ နီးပါး တင်သွင်းခဲ့ပါတယ်။ အဲဒီတင်သွင်းလာတဲ့ ငွေစက္ကူကုန်ကြမ်းအားလုံးကိုလည်း ကျပ်ငွေအဖြစ် ရိုက်နှိပ်ခဲ့ပြီး အခုနောက်ဆုံးတော့ စီးပွား ရေး ပြန် လည် ပတ်စေဖို့ ကိုဗစ်ချေးငွေ ကျပ်ငွေ ဘီလီယံ ၄၀၀ ကို ရိုက်ထုတ်လိုက်ပါတယ်။

ဗဟိုဘဏ်သတင်းရင်းမြစ်နဲ့ စစ်တပ်ထိပ်တန်းသတင်းရင်းမြစ်တွေရဲ့ အဆိုအရကတော့ မင်းအောင်လှိုင်ဟာ ဘာကိုမှ တွက်ချက် တာမရှိဘဲ ငွေလိုလာရင် ဝါဇီစက်ရုံမှာ လိုသလောက် ရိုက်နှိပ်ထုတ်ဝေဖို့ ခွင့်ပြုချက်ပေးထားတယ်လို့ ဆိုပါတယ်။ ငွေမရှိလို့ စစ်ကောင်စီ လုပ်ငန်းတွေရပ်ရတာ၊ စစ်ကောင်စီ ယန္တရားတွေ ရပ်တန့်ရတာမျိုး မဖြစ်စေဖို့လည်း မင်းအောင်လှိုင်က အထူး မှာကြားထားတယ်လို့ သိရပါတယ်။

၁၈ လတာကာလအတွင်းမှာ မင်းအောင်လှိုင်ရဲ့ ခွင့်ပြုချက်နဲ့ ရိုက်နှိပ်လိုက်တဲ့ ကျပ်ငွေ ဘီလီယံပေါင်းများစွာ ရာထောင်ချီရှိနေတဲ့သဘောလည်းဖြစ်ပါတယ်။ နောက်ဆုံး စစ်သားတွေရဲ့လစာနဲ့ ဦးပိုင်အမြတ်ငွေတွေ ထုတ်ပေးဖို့တောင် ဝါဇီစက်ရုံကနေ ငွေကျပ် ဘီလီယံချီ ကျပ်ငွေတွေ ရိုက်ထုတ်ပေးခဲ့ရတာတွေ ရှိတယ်လို့ ဆိုပါတယ်။

မင်းအောင်လှိုင်ရဲ့ ထင်တိုင်းကျဲ အမိန့်တွေအောက်မှာ ၁၈ လတာကာလအတွင်း မြန်မာ့စီးပွားရေးဟာ လုံး၀ ပျက်စီးသွားပြီး ကျပ်ငွေတန်ဖိုးဟာလည်း တန်ဖိုးမရှိတော့တဲ့ ငွေစက္ကူ ဖြစ်နေပါပြီ။

မြန်မာ့စီးပွားရေး အနာဂတ်ဟာ မရေရာတော့သလို စီးပွားပျက်ကပ်ကြုံနေရတဲ့ ဇင်ဘာဘွေနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ တို့လို ဖြစ်လာမယ့် လမ်းကြောင်းပေါ် ရောက်ရှိ ရွေ့လျားနေတယ်။ နိုင်ငံရဲ့ စီးပွားရေး တစ်ခုလုံးကတော့ အနှေးနဲ့ အမြန်ဆိုသလို ဘယ်တော့မှ ပြန်တက်မလာနိုင်တော့တဲ့ စီးပွားပျက်ကပ် ချောက်ကြီးထဲကို ခုန်ချသွားခဲ့ပါပြီ ။

ဒါပေမယ့်အခုအချိန်အထိ မင်းအောင်လှိုင်ဟာ သူထင်သလို လုပ်နေတာတွေကို အမှန်လို့ တတွတ်တွတ် ပြောရင်း အမှား ကျူးလွန်မှုတွေကို မရပ်တန့်သေးပါဘူး။ ၆ လအတွင်း စီးပွားရေး ဦးမော့ရမယ်ဆိုတဲ့ ရည်မှန်းချက် အမှားတွေနဲ့ အလွဲတွေနဲ့ အစည်းအဝေးတွေမှာ ပရမ်းပတာတွေ ပြောနေတုန်းပါပဲ။

အတ္တကြီးလွန်းတဲ့သူ၊ အငြိုးအတေး အာဃာတကြီးလွန်းသူ ၊ သတ်ဖြတ်ဖို့ ဝန်မလေးသူ လူမိုက် မင်းအောင်လှိုင်ကတ ” မလုပ်ရဲတာ ဘာမှ မရှိဘူး” ဆိုတဲ့ သူ့စကားကို အဆိုးဆုံးတွေ ဆက်လက် လုပ်ပြရင်း သက်သေပြနေပါတယ်။

မလုပ်ရဲတာ ဘာမှ မရှိတဲ့ မင်းအောင်လှိုင်ဟာ ၁၈ လဆိုတဲ့ အချိန်ကာလတိုလေးတစ်ခုအတွင်းမှာ သန်း ၅၀ ကျော် မှီတင်းနေရတဲ့ မြန်မာ့စီးပွားရေး ကဏ္ဍတစ်ခုလုံးကို အစိတ်စိတ် အမွှာမွှာ ဖြစ်အောင် ရိုက်ချိုး ဖျက်ဆီးပြနိုင်ခဲ့ပြီဖြစ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article