28 C
Yangon

မောင်တောမြောက်ပိုင်းတွင် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲထပ်ဖြစ်၊ နှစ်ဖက် ကျဆုံးမှု အခြေအနေမသိရသေး

Must read

ရန်ကုန်၊ သြဂုတ်၊ ၂၂ ရက်

ရခိုင်ပြည် မောင်တောမြောက်ပိုင်း မီးတိုက်ကျေးရွာအနီးတွင် ယနေ့ သြဂုတ် ၂၂ ရက်က AA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲထပ်မံဖြစ်ပွားကြောင်း ဒေသသတင်း ရင်းမြစ်များမှတစ်ဆင့် သိရသည်။

တိုက်ပွဲမှာ နံနက်ပိုင် ၇ နာရီအချိန်ခန့်မှ ၈ နာရီခန့်အထိ နှစ်ဖက်ပစ်ခတ်မှုများဖြင့်အပြန်အလှန်ဖြစ်ပွားခဲ့ကြခြင်းဖြစ်ပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိသည်ဟု မီးတိုက်ကျေးရွာဒေသခံ တစ်ဦးက Western News ကိုပြောသည်။

“ကျနော်တို့ရွာနဲ့ ၁ မိုင်ကျော်လောက်တော့ဝေးမယ်ဗျ။ အပြန်အလှန်ပစ်ခတ်မှုတွေ၊ လက်နက်ကြီးပစ်တာတွေကြားရတယ်။ ကြာချိန်အားဖြင့်တော့ ၁ နာရီလောက်ရှိမယ်။ တိုက်ပွဲသံကရွာနဲ့နီးတော့ စာသင်ကျောင်းတွေပိတ်ထားဖြစ်တယ်” ဟုပြောသည်။

တိုက်ပွဲဖြစ်ပွားသည့် ဧရိယာအနီးတစ်ဝိုက်တွင် မီးတိုက်ကျေးရွာအပြင် တခြား တောင်ပြို၊ သင်္ဘောလှ၊ သာယာကုန်း စသည့်ကျေးရွာများလည်း ရှိနေပြီး ဒေသခံများထိခိုက်မှုအပါအဝင် ယင်းတိုက်ပွဲဖြစ်ပွါးမှုနှင့် ပတ်သက်၍ နှစ်ဖက်ကျဆုံးမှုအခြေအနေကိုလည်း မသိရသေးပေ။

ယနေ့မတိုင်မီ ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း အပြန်အလှန်ပစ်ခတ်မှုတို့မရှိခဲ့သော်လည်း လက်နက်ကြီးပစ်ခတ်သံများကိုမူ ရက်ဆက်ကြားနေရသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲဖြစ်ပွါးမှုနှင့်ပတ်သက်၍ ရက္ခိုင့်တပ်တော် AA ၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခအားမေးမြန်းရာ ရုံးချုပ်သို့ မေး၍ အကြောင်းပြန်မည်ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။

မောင်တောမြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ မကြာခဏတိုက်ပွဲဖြစ်ပွားလေ့ရှိသည့်နေရာတစ်ခုဖြစ်ပြီး အဆိုပါဖြစ်စဥ်များကြောင့် ကောင်စီတပ်ဘက်မှ သွားလာရေးလမ်းကြောင်းများအား ကန့်သတ်ထားမှုတို့လည်း ရှိနေသည်။

ဇွန်လအတွင်းမှစတင်၍ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများနှင့် တင်းမာမှုရှိလာခဲ့သည့် စစ်ကောင်စီနှင့် AA တို့မှာ လက်ရှိတွင် စစ်ရေးတင်းမာမှုအခြေအနေမှာ ပြင်းထန်းလာနေပြီး ရသေ့တောင်၊ မောင်တောနှင့် ပလက်ဝဖက်တို့တွင် ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။

ရက္ခိုင့်တပ်တော်အနေဖြင့်လည်း တိုက်ပွဲပြင်းထန်လာနိုင်ကြောင်းပြောဆိုထားသည့်အလျောက် တပြည်နယ်လုံးအနှံ့ဆက်ဖြစ်လာနိုင်ခြေရှိကာ ပြည်သူများအနေဖြင့် စစ်ရေးကာလကို စည်းလုံးမှုနှင့်ကျော်ဖြတ်ကြရန် ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်သည့် ဦးဖေသန်းကလည်း ပြောဆိုထားသည်။

(Western News-WN သည်ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်)

ဓာတ်ပုံ- AA တပ်ဖွဲ့ဝင်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article