ရန်ကုန်၊ သြဂုတ် ၂
မကွေးတိုင်း ရေစကြိုမြို့နယ် မင်းရွာ တွင်တပ်ဆွဲထားသော အင်အား ၈၀ ဝန်းကျင်ရှိ စစ်သားနှင့် ပျူစောထီးများကို သြဂုတ်လ ၁ ရက်နေ့ ည ၁၀ နာရီခန့်တွင် ဒေသခံကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း ရေစကြို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ စစ်ကောင်စီ တပ်ဖွဲ့များ တပ်စွဲထားသော နေရာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုမြို့နယ်(People Defense Force Yesagyo) ၊ သိန်းငှက်ပြောက်ကျားတပ်ဖွဲ့၊ phoenix-အထူးပြောက်ကျားတပ်ဖွဲ့၊ YLK ပြောက်ကျားတပ်ဖွဲ့ ၊ ရဲဘော်ညီနှောင် PDF ၊ Young Fighter ပြောက်ကျား တပ်ဖွဲ့ စသည့် မဟာမိတ် အဖွဲ့များပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
မကွေးတိုင်း ထီးလင်းမြို့ပေါ်ရှိ စိုက်ပျိုးရေးဘဏ်နှင့် ဆောက်လုပ်ရေးရုံး အနီးတို့တွင် ယနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ရဲ ၂ ဦးနှင့် စိုက်ပျိုးရေးဘဏ် မန်နေဂျာတို့ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ထီးလင်းမြို့နယ် ယောဒေသ ကာကွယ်ရေးတပ်(YDF)ထံမှ သိရသည်။
အဆိုပါ ဖောက်ခွဲ တိုက်ခိုက်မှုကို YDF တပ်ဖွဲ့မှ လုပ်ဆောင်ခြင်းဖြစ်ပြီး စစ်ကောင်စီ အုပ်ချုပ်ရေးယန္တရား လည်ပတ်စေရန် ကြိုးစားနေသည့်မြို့ပေါ်နေ Non-CDM ဝန်ထမ်းအချို့ကို သတိပေးခြင်းဖြစ်ကြောင်း YDF တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ပဲခူးတိုင်း အုတ်ဖို့မြို့နယ် ဝိုင်းအုပ်စု ကန့်နီရွာအနီး ကား ၃ စီးဖြင့် စစ်ကြောင်းထိုးလာသော စစ်တပ် ယာဥ်တန်းကို သြဂုတ်လ ၁ ရက်နေ့ မွန်းလွဲပိုင်းက ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မိုင်းဆွဲ တိုက်ခိုက်ခဲ့သောကြောင့် အရာရှိ ၁ ဦးအပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ထံမှ သိရသည်။
မိုင်းဆွဲတိုက်ခိုက်မှုကို သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း(၃၈၀၂)၊ တပ်ခွဲ(၄) အမှတ်(၂)တပ်နှင့် ကြို့ပင်ကောက် Hero ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး သေဆုံးသွားသော အရာရှိနှင့် တပ်သား ၂ ဦးသည် တပ်မ (၆၆) လက်အောက်ခံ အုတ်ဖိုမြို့နယ် အခြေစိုက် အမှတ်(၆) တပ်ရင်းမှဖြစ်ကြောင်း သိရသည်။
Photo-AFP