ရန်ကုန်၊ ဩဂုတ် ၂
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ နောက်ဆုံးတပတ်အတွင်း တိုက်ပွဲ ၄၈ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၈၈ ဦးသေဆုံးကာ ကရင်နီရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်းနှင့် အကြမ်းဖက်စစ်တပ်၏ သေနတ် ၂၁ လက်ကို သိမ်းဆည်းရမိခဲ့ကြောင်း KNDF က သတင်းထုတ်ပြန်သည်။
တိုက်ပွဲများသည် ဖယ်ခုံမြို့နယ်၊ လွိုင်ကော်မြို့နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဖရူဆိုမြို့နယ်များတွင် ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၂၁ ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ အများပြည်သူပိုင် ကား ၂ စီး၊ ဆိုင်ကယ် ၃ စီး၊ နေအိမ် ၁ လုံးမီးရှို့ဖျက်ဆီးခံခဲ့ရကာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး၊ ပြည်သူများ၏ ငွေကျပ် သိန်း ၆၀ ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ခိုးယူသွားကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF၊ ကရင်နီတပ်မတော် KA၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF၊ ဖရူဆို PDF၊ ဖယ်ခုံ PDF၊ SSRYနှင့် အလယ်ပိုင်းတိုင်းစစ်ဆင်ရေးအဖွဲ့တို့ ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။