33 C
Yangon

အာဏာသိမ်းရန် စစ်တပ်၊ ကြံ့ဖွတ်၊ မဘသ၊ အမျိုးသားရေးသမားများ ပူးပေါင်းအကွက်ချ ကြိုတင်ကြံစည်ခဲ့ပြီး တပ်ထောက်ခံပွဲနှင့် လမ်းပေါ်ဆန္ဒပြပွဲများအတွက် ငွေကျပ် သိန်းထောင်ပေါင်းများစွာ သုံးစွဲခဲ့

Must read

——————————————————————————————————————————————

မင်းအောင်လှိုင်၏ ညွှန်ကြားချက်နှင့်အတူ ဝီရသူ၊ သုစိတ္တ၊ ခင်ရီ၊ အေးနေဝင်း၊ စရဖ သန့်ဇင်ကျော်၊ ဘူးလက်လှဆွေ၊ မိုက်ကယ်ကျော်မြင့်၊ ခင်၀ိုင်းကြည်၊ မောင်မြင့် အပါအဝင် ဇတ်ကောင်များစွာပါဝင်ခဲ့ကြ

ရန်ကုန်၊ ဩဂုတ် ၂

မင်းအောင်လှိုင် ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က စစ်အာဏာသိမ်းရန် ကြိုတင်ကြံစည်မှုကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီ နိုင်ငံရေးစင်မြင့်ပေါ် ပြန်ရောက်လာသည့် ၂၀၁၂ ကတည်းက ကြံစည်လုပ်ဆောင်ခဲ့ပြီး ယင်းကြံစည်မှု၏ နောက်ဆက်တွဲ မဘသ၊ အမျိုးသားရေး လှုပ်ရှားမှုများနှင့်အဖွဲ့များ ပေါ်ပေါက်လာခဲ့ခြင်းဖြစ် ကြောင်း မဘသနှင့်အမျိုးသားရေးလှုပ်ရှားမှုများတွင် ထဲထဲဝင်ဝင် ပါဝင်ခဲ့သူ ကိုဟိဏ်းဝေယံက ပြောဆိုသည်။

ကိုဟိဏ်းဝေယံသည် ယခင်က မဘသနှင့် အမျိုးသားရေး လှုပ်ရှားမှုများတွင်ပါဝင်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ်မှစတင်ပြီး မဘသနှင့်အမျိုးသားရေး သမားများ၏ ငွေကြေးအရှုပ်တော်ပုံများ၊ ကိုယ်ကျင့်တရားပျက်ပြားမှုများ၊ စစ်တပ်၏ ရုပ် သေးရုပ်အဖြစ် အသုံးချမှုများ၊ ယုတ်မာသော နည်းလမ်းများဖြင့် ရွေးကောက်ခံ NLD အစိုးရကို တိုက်ခိုက်ခဲ့မှုများကို ဖော်ထုတ်နေသူလည်းဖြစ်သည်။

ယခုအခါ ကိုဟိဏ်းဝေယံသည် စစ်အာဏာရှင် တော်လှန်ရေးနှင့် ဒီမိုကရေစီအရေး လှုပ်ရှားများတွင် တက်ကြွစွာဖြင့် ပါဝင်လျက်ရှိနေသည်။

မဘသ သည် စတင်ထူထောင်ချိန်က ဘာသာရေးသာ လုပ်မည်၊ နိုင်ငံရေးမလုပ်ဟူသော ကြွေးကြော်သံဖြင့် စတင်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော NLD ပါတီ လွှတ်တော်ထဲသို့ ရောက်ရှိချိန်မှစတင်ပြီး အမျိုးသား နိုင်ငံရေး လုပ်ရမည်ဟု ကြွေးကြော်လာကြောင်း၊ ယင်းကြွေးကြော်မှုနှင့်အတူ စစ်တပ်ထောက်ခံပွဲ၊ အခြေခံဥပဒေ ပုဒ်မ ၅၉(စ) မပြင်ဆင်ရေးပွဲ၊ မျိုးစောင့်ဥပဒေ ပေါ်ထွန်းရေး၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို ဖြုတ်ချရေး ပွဲ အပါအဝင် စစ်တပ်အာဘော်ကို ထင်ဟတ်သည့် ပွဲပေါင်းများစွာ စီစဉ်ခဲ့ကြောင်း ၎င်းက ဆုသိည်။

“အဓိက မဘသ စပေါ်တဲ့ အရာကတော့ ၂၀၁၁ ၊ ၂၀၁၂ ရခိုင်အရေးတို့ မိတ္တီလာအရေးအခင်းတို့ ဖြစ်ပြီးတဲ့အချိန်မှာ စပေါ်တာပေါ့။ မဘသမတိုင်ခင်က ၉၆၉ လှုပ်ရှားမှုကရှိနေပြီ။ စပေါ်တာက ပထမတော့ ဘာသာရေးပေါ့။ ဘာသာရေးနဲ့ပတ်သက်တာတွေလှုပ်ရှားတဲ့ပုံစံပဲ လှုပ်ရှားတယ်။ နိုင်ငံရေးဘက်ကို မနွယ်သေးဘူး။ နောက်ပိုင်းကျမှ ရခိုင်မှာရှိတဲ့ မွတ်စလင် White Card ကိစ္စတွေ ပတ်သက်လာပြီး ဒါတွေက လက်ခံစရာမလိုဘူးဆိုတဲ့ဟာမျိုးတွေဖြစ်လာတာ။ အဲဒီမှာ ဝင်းကိုကိုလတ်တို့လိုလူမျိုးတွေ စပြီး တိုးဝင်လာကြတယ်။ နောက်ပိုင်းကျတော့ ၂၀၁၂ ကြားဖြတ်ရွေး ကောက်ပွဲမှာ အမေစု ဦးဆောင်တဲ့ပါတီက နိုင်သွားတယ်။ အမေစု ၂၀၁၂ မှာ လွှတ်တော်အမတ်ဖြစ်လာတော့ အဲဒီအချိန်ကနေစလာပြီးတော့ တပ်ဘက်က ရည်ရွယ်တာကတော့ ယုတ်မာဖို့ စစ်တပ်က အမျိုးမျိုးကြိုးစားတော့တာပါပဲ” ဟု ကိုဟိဏ်းဝေယံကဆိုသည်။

မဘသ၊ အမျိုးသားရေးလှုပ်ရှားမှုတွင် ကြံ့ဖွတ်ဘက်ကမှ အဓိက ဦးဆောင်ထောက်ပံ့ပေးသူမှာ ယခင်ရဲချုပ်ဟောင်းလည်းဖြစ်၊ ကြံ့ဖွတ်ဒုတိယဥက္ကဋ္ဌ ခင်ရီ (ယခု စစ်ကောင်စီလ၀ကဝန်ကြီး) ဖြစ်ကြောင်း၊ စစ်တပ်ဘက်မှ အဓိက ဆက်သွယ်ရသူမှာ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့မှ ဗိုလ်ကြီးသန့်ဇင်ကျော်(စစ်တက္ကသိုလ်အပတ်စဉ် ၅၄ ) တို့ဖြစ်ကြောင်း၊ ဘုန်းကြီးများဘက်တွင် ဝီရသူ၊ သုစိတ္တ၊ ကန်ညီနောင်ကဲ့သို့သော ဘုန်းကြီးများက ရှေ့တန်းထွက်လှုပ်ရှားကြကြောင်း ၎င်းက ဆက်ပြောသည်။

“နောက်ပိုင်း မဘသက အမျိုးသားနိုင်ငံရေးကို လုပ်ရမယ်ဆိုပြီး NLD ကို တိုက်ခိုက်ဖို့ ဘာသာရေးနဲ့ပတ်သက်တာလုပ် လာတယ်။ ကြံ့ဖွတ်ဘက်မှာဆိုရင် ခင်ရီ နဲ့ တပည့်ထိန်လင်း၊ တပ်ဘက်ကဆိုရင် စရဖ အပတ်စဉ် ၅၄ ဆင်း ဗိုလ်ကြီး သန့်ဇင်ကျော်ပေါ့။ သန့်ဇင်ကျော်က စစ်တပ်နဲ့ အမျိုးသားရေး ထိတွေ့ဆက်ဆံရေးအရာရှိအဖြစ် ထားတာ။ သန့်ဇင်ကျော်က မင်းအောင်လှိုင်ထိကို အချိန်မရွေးဆက်သွယ်လို့ရတယ်။ မဘသက ဖွဲ့ပြီး သိပ်မကြာခင်မှာ အမျိုး သားနိုင်ငံရေးလုပ်ရမယ်။ အဲဒီအမျိုးသားနိုင်ငံရေးလမ်းစဉ်ကို လျှောက်လှမ်းဖို့အတွက် စစ်တပ်ကပဲ ဘာသာ သာသနာကို ကာကွယ်ပေးနေတာဆိုတဲ့ပုံစံမျိုးတွေ လုပ်လာတာ” ဟု ကိုဟိဏ်းဝေယံကဆိုသည်။

NLD အစိုးရ အာဏာရှိနေချိန်တွင် မဘသနှင့်အမျိုးသားရေးလှုပ်ရှားမှု အရှိန်အဟုန်မြှင့်ခဲ့ကြပြီး စစ်တပ်ထောက်ခံသူအများအပြားက ၀ိုင်းဝန်းလာခဲ့ကြကြောင်း၊ ၂၀၁၆ ခုနှစ် ရွှေဘဲတွင် အေးနေဝင်းက မဘသ၊ အမျိုးသားရေး လှုပ်ရှားသူများကို ခေါ်ယူတွေ့ဆုံ စကားပြော ကျွေးမွေးပြီးနောက် ငွေကြေးစီးဆင်းမှု အလွန်များပြားခဲ့ကြောင်း၊ တပ်ထောက်ခံပွဲနှင့် NLD ပါတီကို တိုက်ခိုက်သော ပွဲမှန်သမျှ သည် ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဗဟန်း ဘင်္ဂလာကျောင်းတိုက်၊ ဦးသာသနာကျောင်းအတွင်းရှိ သုစိတ္တကျောင်းတွင် အခြေပြုခဲ့သည်ဟု ဆိုသည်။

“၂၀၁၆ ခုနှစ် အေးနေဝင်းနဲ့ မဘသ၊ အမျိုးသားရေးသမားတွေ ရွှေဘဲ မှာ တွေ့ကြတယ်။ အဲဒီနောက်ပိုင်းမှာ NLD ကို တိုက်ခိုက်ရေးအရှိန်မြှင့်လာတာပဲ။ အဲဒီနောက်ပိုင်းကစပြီးတော့ ပိုပြီးတော့ အမျိုးသားရေး သမားတွေပိုတိုးဝင်လာပြီး NLD ကို တိုက်ခိုက်တယ်” ဟု ၎င်းက မှတ်ချက်ပြုသည်။

ငွေကြေးစီးဆင်းမှုအနေဖြင့် ကြံ့ဖွတ်ဒုတိယဥက္ကဋ္ဌ ခင်ရီ၊ စရဖ ဗိုလ်ကြီးသန့်စင်ကျော်၊ အေးနေဝင်း နှင့် အခြားသော ငွေကြေးထောက်ပံ့ပေးသော လုပ်ငန်းရှင်တချို့ရှိကြောင်း၊ စစ်တပ်ဘက်မှ ထောက်ပံ့ငွေကို စရဖမှ ဗိုလ်ကြီးသန့်စင် ကျော်ကိုယ်တိုင် ပေးအပ်ပြီး ကမ္ဘာအေးရှိ ယခင်စစ်ထောက်လှမ်းရေးဝင်းတွင် သွားယူရသည်ဟု ၎င်းက ရှင်းပြသည်။

“စစ်တပ်ထောက်ခံပွဲ တစ်ခုလုပ်မယ်ဆိုရင် ပွဲမိန့် ပါမစ်တင်မယ့်သူက ၁၀ သိန်းရတယ်။ စင်ပေါ်တက်ဟောပြောတဲ့သူက အနည်းဆုံး ၅ သိန်းရတယ်။ ပွဲကြီးရင် ဟောပြောတဲ့သူက ၁၅ သိန်း ရတယ်။ ငွေကြေးစီးဆင်းမှုကတော့ အေးနေဝင်း၊ ခင်ရီ၊ စစ်တပ်ရဲ့ ငွေကြေးထောက်ပံ့စီးဆင်းမှုတွေနဲ့အတူ လုပ်တာ။ ကမ္ဘာအေး ထောက်လှမ်းရေးဝင်း သန့်ဇင်ကျော်ဆီကနေ အမြဲစောင့်ပြီး ငွေသွားသွားယူတယ်။ တင်လင်းထိုက်တို့ ဆိုရင် ငွေသွားယူရင် ငွေကများလွန်းတော့ လူမြင်မှာစိုးလို့ ပုဆိုးနဲ့ထုတ်ယူရတယ်။ ၂၀၁၆ ခုနှစ် မိုင်ဒါကွင်း တပ်ထောက်ခံပွဲအတွက် မဘသနဲ့ အမျိုးသားရေးဘက်က အားလုံး ၆ ဦး ငွေသွားယူတယ်။ ဗိုလ်ကြီးသန့်ဇင်ကျော်ဆီကနေ ။ တစ်ဦးကို သိန်း ၂၅၀ နဲ့ သိန်း ၁၅၀၀ ၊ သန့်ဇင်ကျော်ကပေးလိုက်တာ” ဟု ဟိဏ်းဝေယံက ဆိုသည်။

ဓာတ်ပုံ- ၂၀၁၆ ခုနှစ် အေးနေဝင်းက ရွှေဘဲစားသောက်ဆိုင်တွင် ကမကထပြု ဖိတ်ခေါ်သော မဘသ၊ အမျိုး သားရေးသမားများနှင့် တွေ့ဆုံပွဲမြင်ကွင်းများ။

(ရန်ကုန်ခေတ်သစ်သတင်းဌာနတွင် စစ်အာဏာရှင်တော်လှန်ရေးနှင့် ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ၊ ထောက်ပို့တပ်သား ကိုဟိဏ်းဝေယံ(တချိန်က မဘသ) ၏ မဘသ၊ အမျိုးသားရေး၊ ကြံ့ဖွတ်နှင့်စစ်တပ်တို့၏ NLD တိုက်ခိုက်ရေးနှင့် စစ်တပ် အာဏာ ပြန်သိမ်းရေး ကြိုတင် အကွက်ချ စီမံမှု များအကြောင်း ထုတ်ဖော်ထားသည့် ရုပ်သံအစီ အစဉ်များကို တင်ဆက်သွားမည်ဖြစ် ပြီး ဖော်ပြပါသတင်းမှာ ယင်းအစီအစဉ်အတွက် မိတ်ဆက်အဖြစ် ဖော်ပြခြင်းဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article