ရန်ကုန်၊ ဩဂုတ် ၂
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော်-ကန်ပိုက်တီးကားလမ်း၊ အင်ဝမ်းယာန်ကျေးရွာအနီးရှိ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့စစ်များစခန်းချတပ်စွဲထားသော ဂိတ်စခန်းကို KIA တပ်ဖွဲ့က ယနေ့ ဩဂုတ်လ ၂ ရက် နံနက်တွင် တိုက်ခိုက်ရှင်းလင်းခဲ့ပြီး လက်နက်အချို့သိမ်းဆည်းရမိကြောင်း ကချင်သတင်းရင်းမြစ်များထံမှ သိရှိရသည်။
ယနေ့နံနက် ၈ နာရီ ၂၀ မိနစ်တွင် KIA အမှတ် ၅ တပ်မဟာ၊ တပ်ရင်း ၃ တပ်ဖွဲ့များက အင်ဝမ်းယာန်ရွာ (Nwan Yang) အနီးရှိ စစ်တပ်နှင့် ပြည်သူ့စစ်များရှိသည့် ဂိတ်စခန်းကို တိုက်ခိုက်စဉ် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားကြောင်း၊ အဆိုပါစခန်းတွင်း၌ သွေးကွက်များ ကျန်ရှိကြောင်း၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။
ဝိုင်းမော်-ကန်ပိုက်တီလမ်းပေါ်ရှိ ဆဒုံးရေတံခွန်နှင့် ၃ မိုင်ခန့် အကွာအဝေးတွင်ရှိသော အဆိုပါစခန်းကို တိုက်ခိုက်ရှင်းလင်းပြီးနောက် စစ်ကောင်စီနှင့် ပြည်သူ့စစ်ဘက်မှ အသေအဆုံးစာရင်းနှင့် သိမ်းဆည်းရမိသော လက်နက်အရေအတွက်ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က အတည်ပြုထုတ်ပြန်ခြင်းမရှိသေးပေ။
နံနက် ၁၁ နာရီခွဲခန့်တွင် ဝိုင်းမော်ဘက်မှ စစ်ကောင်စီ စစ်ကူ အင်အား ၅၀ ခန့် ချီတက်လာသည်ကို သိရှိရပြီး နောက်ဆက်တွဲ တိုက်ပွဲဖြစ်ပွားခြင်းရှိ မရှိကို မသိရှိရသေးပေ။
အဆိုပါ ဝိုင်းမော်မြို့နယ်သည် KIA အမှတ် ၅ တပ်မဟာ နယ်မြေဖြစ်ပြီး အကြမ်းဖက်စစ်တပ်၊ လီဆူပြည်သူ့စစ် ပူးပေါင်းအဖွဲ့က KIA စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေသလို KIA ကလည်း စစ်တပ်နှင့် ပြည်သူ့စစ် ဂိတ်စခန်းများကို ပြန်လည်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်လျှက်ရှိနေသည်။
ဓါတ်ပုံ – ကချင်ပြည်နယ်ရှိ စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်များ (ပုံအဟောင်းဖြစ်ပါသည်)