30 C
Yangon

မွန်၊ ပဲခူး၊ မကွေး၊ မန္တလေးနှင့် ရန်ကုန်တို့တွင် စစ်တပ်မှ တပ်ကြပ်ကြီး၊ ဗိုလ်မှူးဟောင်း၊ စစ်သတင်းပေးနှင့် အုပ်ချုပ်ရေးမှူးများ ပစ်ခတ် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၃

မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ မကွေးတိုင်းနှင့် မန္တလေးတိုင်းတို့တွင် အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး၊ ဗိုလ်မှူးဟောင်းနှင့် အုပ်ချုပ်ရေးမှူးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ၆ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ကျိုက်ထိုတွင် တပ်ကြပ်ကြီး သန်းထွန်းမောင်နှင့် အငြိမ်းစား ဗိုလ်မှူး တင်မောင်ဝင်း ပစ်သတ်ခံရ

========================================

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ် ဝင်းကံတံတားတွင် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးလာသည့် အကြမ်းဖက် စစ်တပ် ခမရ ၅၈၉ တပ်ရင်းမှ တပ်ကြပ်ကြီး သန်းထွန်းမောင်ကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၂ ရက်နေ့ ညနေ ၄ နာရီ ၄၀ မိနစ်ခန့်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။

သေဆုံးသွားသော တပ်ကြပ်ကြီး သန်းထွန်းမောင်သည် ပဲခူးတိုင်း ရွှေကျင်မြို့ ဒုံဇရစ်အခြေစိုက် ခမရ (၅၈၉) တပ်ရင်းမှ ဖြစ်ပြီး LPDF Theinzayat နှင့် Gods of Death အဖွဲ့တို့က ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင်၊ကျိုက်ထိုမြို့နယ် သိမ်ဇရပ် အောက်ချိုင့်တွင် နေထိုင်သော ခလရ (၉၆)မှ အငြိမ်းစား စစ်တပ် ဗိုလ်မှူး တင်မောင်ဝင်းကို ဇူလိုင်လ ၂၄ ရက်နေ့တွင် အမည်မသိ သေနတ်သမားများက ဝင်ရောက် ပစ်ခတ်ခဲ့​ပြီး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Kyaikhto Revolution and information Network အဖွဲ့ထံမှ သိရသည်။

သေဆုံးသူ တင်မောင်ဝင်းသည် ပျူစောထီးခေါင်းတစ် ဦးဖြစ်ကာ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်ဖြစ်ကြောင်း၊ သိမ်ဇရပ် မြို့နယ်အတွင်း လှုပ်ရှားမှု သတင်းများကို စစ်တပ်ကို သတင်းပေးပို့ပြီး စစ်တပ်၏ အစည်းအဝေးများကိုလည်း တက်ရောက်သူဖြစ်ကြောင်း သိရသည်။

နတ်တလင်းမြို့နယ်တွင် အုပ်ချုပ်ရေးမှူး လှစိုး ပစ်သတ်ခံရ

=================================

ပဲခူးတိုင်း နတ်တလင်းမြို့နယ် အောင်သုခကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး လှစိုးကို သြဂုတ်လ ၁ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း နတ်စစ်သည် အဖွဲ့ထံမှ သိရသည်။

သေဆုံးသွားသော အုပ်ချုပ်ရေးမှူး လှစိုးသည် စစ်တပ်ကို သတင်းပေးခြင်း၊ ဆည်အထက်ပိုင်း အတွင်းပိုင်းရှိ ပြည်သူများအား စားနပ်ရိက္ခာများ ဖြတ်တောက်ခြင်း၊ စက်လှေများအား အကြောင်းမဲ့ ဆပ်ကြေးကောက်ခံခြင်း၊ စစ်တပ်အလိုကျ ပြည်သူများအား ဖမ်းဆီးနှိပ်စက် ငွေတောင်းခြင်း၊ ပျူစောထီး အဖွဲ့တွင် ပါဝင်ပြီး ပြည်သူကို ဒုက္ခပေးသောကြောင့် နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တပ်ရင်း-၃၈၀၁၊ တပ်ခွဲ-၃၊ နတ်စစ်သည်အဖွဲ့တို့က သေနတ်ဖြင့် ၆ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်တွင် စစ်တပ် သတင်းပေး မိုးဇော် ပစ်သတ်ခံရ

==================================

မကွေးတိုင်း မြို့သစ်မြို့နယ် မြို့လုလင်ကျေးရွာ ကွမ်းခြံရပ်ကွက်တွင် နေထိုင်သော စစ်တပ် သတင်းပေးဟု သတ် မှတ်ခံရသူ မိုးဇော်ကို သြဂုတ်လ ၂ ရက်နေ့က နံနက် ၁၁ နာရီ ၃၇ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ မိုးဇော်ကို တောင်တွင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ TDG-PDF ၊ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် PK ပြောက်ကျား တို့က အုပ်ချုပ်ရေးရုံး ရှေ့တွင် ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး ဦးခေါင်းနှင့် ခန္ဓာကိုယ်တို့ကို ကျည်ထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

စစ်တပ် သတင်းပေးဟု သတ်မှတ်ခံရသူ မိုးဇော်သည် တောင်တွင်းကြီးမြို့နယ် တရားရုံး ဒုတိယမြို့နယ် တရားသူကြီး ဦးဒိုးဇော်၏ အဖေအရင်းဖြစ်ကြောင်း ဒေသခံပြည်သူများ ထံမှ သိရသည်။

တောင်သာမြို့နယ်တွင် အုပ်ချုပ်ရေးမှူး ကျော်သိန်း ပစ်သတ်ခံရ

===================================

မန္တလေးတိုင်း တောင်သာမြို့နယ် နန်းမြင့်ကျေးရွာ အုပ်ချုပ်ရေးမှူး ကျော်သိန်းကို ဩဂုတ်လ ၂ ရက် မွန်းလွဲ ၂ နာရီ ဝန်းကျင်ခန့်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး ကျော်သိန်းကို TTA – ပြောက်ကျားတပ်(တောင်သာ)အဖွဲ့၊ မြေလတ် PDF၊ Natogyi Regional Defence Force၊ Seven People Defence Force တို့အတူ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အုပ်ချုပ်ရေးမှူး ကျော်သိန်းသည် စစ်မှုထမ်းဟောင်း တစ်ဦးဖြစ်ပြီး ကျေးရွာနေ ပြည်သူတွေကို သေနတ်နှင့် ချိန်းခြောက် အနိုင်ကျင့်ခြင်း၊ မီတာခများ ကောက် ခံခြင်း၊ CDM ဝန်ထမ်းများကို ဖမ်းဆီးခိုင်းခြင်းနှင့် PDF တပ်ဖွဲ့များ၏ သတင်းများကို စစ်တပ်ထံ ပေးပို့ခြင်းကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကွမ်းခြံကုန်းတွင် စစ်တပ်သတင်းပေး ဆယ်အိမ်မှူး ပစ်သတ်ခံရ

====================================

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြိုနယ်၊ အောင်မင်္ဂလာကျေးရွာတွင် ဩဂုတ်လ ၂ ရက် ည ၁၀ နာရီအချိန် ဆယ်အိမ်မှူး မျိုးမင်းခိုင်သည် နေအိမ်ဧည့်ခန်းပြတင်းပေါက်အနီးထိုင်နေစဉ် သေနတ်ဖြင့်ပစ်ခတ်ခံရသဖြင့် ဦးခေါင်းကျည်ထိဒဏ်ရာဖြင့် ပွဲချင်းပြီးသေဆုံးသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article