35 C
Yangon

မွန်ပြည်နယ်၊ လမိုင်းမြို့ ရဲစခန်းမှ စစ်တပ်က မွန်တိုင်းရင်းသား ပရဟိတလူငယ် ကိုမင်းလင်းအောင်ကို ပစ်သတ်၊ မေမြို့တွင်လည်း စစ်တပ်က ဆိုင်ကယ် စီးနင်းလာသည့် လူငယ် ၁ ဦးကို အကြောင်းမဲ့ ပစ်သတ်

Must read

ရန်ကုန်၊ သြဂုတ် ၄

မွန်ပြည်နယ် လမိုင်းမြို့ ရဲစခန်းမှ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များ၏ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ရဲစခန်းနားမှ ဖြတ်သွားသည့် မွန်လူငယ် မင်းလင်းအောင် ကျည်ထိမှန် သေဆုံးခဲ့​ကြောင်း မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းဒေသ ဦးစီးကော်မတီက ပြောသည်။

ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၁ နာရီခန့်တွင် ပရဟိတလူငယ် ကိုမင်းလင်းအောင်ကို လမိုင်းမြို့ ရဲစခန်းမှ စစ်တပ်က ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။

မွန်ပြည်ကာကွယ်ရေးတပ် တောင်ပိုင်းဒေသ ဦးစီးကော်မတီက ကိုမင်းလင်းအောင်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ပစ်သတ်မှုနှင့်ပတ်သက်၍ သြဂုတ်လ ၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့ပြီး မွန်လူငယ်နှင့် မွန်လူထုအပေါ် မတရားသတ်ဖြတ်နေသော စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များသည် လူငယ်များအပေါ် ရန်သူသဖွယ် သဘောထားကြောင်း၊ အပြစ်မဲ့လူငယ်များကို အကြောင်းမဲ့သတ်ဖြတ်နေပြီး မည်သို့သော တာဝန်ယူမှု မရှိကြောင်း၊ စစ်အာဏာရှင်စနစ် တည်ရှိနေသ၍ မွန် လူငယ်များ အနေဖြင့်သော် လည်းကောင်း၊ မွန်ပြည်သူများအနေဖြင့် သော်လည်းကောင်း လုံခြုံမှု ရှိမည် မဟုတ်ကြောင်း၊ စစ်အာဏာရှင်စနစ်ကို တိုက်ဖျက် ကြပါရန် တိုက်တွန်းအပ်ကြောင်းနှင့် မွန်ပြည်ကာကွယ် ရေးတပ် (တောင်ပိုင်း) အနေဖြင့် မွန်လူငယ်နှင့် မွန်လူထုအပေါ် မတရားသတ်ဖြတ်နေသော စစ်ကောင်စီကို ပြတ်ပြတ်သားသား တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မင်းအောင်လှိုင် ဦးစီးသည့် အကြမ်းဖက် စစ်ကောင်စီသည် အာဏာသိမ်းစဥ်ကပင် တစ်နိုင်ငံလုံးရှိ လူငယ်များအပေါ် ရန်သူ သဖွယ် သဘောထားကြောင်း၊ အစဉ်မပြတ် သတ်ဖြတ်နေကာ ငြိမ်းချမ်းစွာ ဆန္ဒပြလူငယ်များ အပေါ် ရန်သူသဖွယ် လက်နက်အား ကိုးဖြင့် ပစ်ခတ်သတ်ဖြတ်ကြောင်း၊ အိမ်တိုင်ရာရောက် ဖမ်းဆီးပြီး နှိပ်စက်သတ်ဖြတ်နေခြင်းတို့ကြောင့် နောက်ဆုံးတွင် လူငယ်များသည် မလွဲမရှောင်သာ လက်နက်ကိုင် ခုခံခဲ့ရကြောင်း မွန်ပြည်နယ်တွင်လည်း လွန်ခဲ့သည့်နှစ်က မုဒုံမြို့နယ်ရှိ မွန်လူငယ်၊ ရေးမြို့နယ်ရှိ မွန်လူငယ်နှင့် ခေါဇာမွန် လူငယ်များ အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း ယခုတွင်လည်း မင်းလင်းအောင် အကြောင်းမဲ့ ပစ်သတ်ခဲ့ကြောင်း၊ မင်းလင်းအောင် ကျဆုံးခြင်းနှင့် ပတ်သက်ပြီး မွန်ပြည် ကာကွယ်ရေးတပ် တောင်ပိုင်းဒေသ ဦးစီးကော်မတီအနေဖြင့် မိသားစုနှင့် ထပ်တူ ဝမ်းနည်းရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အလားတူ မန္တလေးတိုင်း မေမြို့ အဝင် အကြမ်းဖက် စစ်တပ် စစ်ဆေးရေး ဂိတ်စခန်း ကျောက်တောင်ဂိတ်တွင် ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၀ နာရီခန့်က ဆိုင်ကယ် စီးနင်းလာသည့် လူငယ် ၁ ဦးကို စစ်တပ်က ပစ်သတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

အဆိုပါ ဆိုင်ကယ် စီးနင်းလာသော လူငယ်ကို စစ်တပ်က စစ်ဆေးရေး ဂိတ်တွင် ဆိုင်ကယ် ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းပြေးသည်ဟု စွပ်စွဲကာ ပစ်သတ်ခဲ့ခြင်းဖြစ်​ပြီး ရုပ်အလောင်းကိုလည်း ယူဆောင်သွားကြောင်း သိရသည်။

” မေမြို့မှာ ဇူလိုင်လ ၃၁ ရက်နေ့ ည ၁၀ နာရီလောက်က ပစ်သံ ၈ ချက်လောက် ကြားလိုက်ရတယ်။ အပြစ်မရှိ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်တွေက ပစ်သတ်လိုက်တာ။ အောင်သုခ ရပ်ကွက် ထဲက တစ်ယောက် ပစ်သတ်ခံလိုက်ရတယ်။ အသက်၃၅ နှစ်လောက်ရှိမယ်။ ဆိုင်ကယ်မရပ်ပေးလို့ ပစ်သတ်တာလို့ သိရတယ်။ အမည်တော့ မသိရသေးဘူး။ မေမြို့ အဝင်နားမှာ ကျောက်တောင်ဂိတ်ဆိုတာရှိတယ်။ အစစ်အဆေးကြမ်းတယ်။ တာဝန်အချိန်မှာ မူးပြီး ပြည်သူလူထုကို ဆဲဆိုချိန်းခြောက်နေတာ။ ကားဆရာတွေဆီက ပိုက်ဆံအတောင်းကြမ်း တဲ့ဂိတ် အဲဒီဂိတ်နားမှာ ပစ်သတ်ခံရတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က ပစ်သတ်လိုက်သော မွန်တိုင်းရင်းသား ပရဟိလူငယ် ကိုမင်းလင်းအောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article