29.2 C
Yangon

မြန်မာစစ်တပ်၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ထပ်မံကျူးလွန်ခွင့်မပြုရေး နိုင်ငံတကာက တားဆီးရန် သံ အမတ်ကြီးဦးကျော်မိုးထွန်း တိုက်တွန်း၊ NUG နှင့်မဟာမိတ်များကို နိုင်ငံတကာက ငွေကြေးထောက်ပံ့ရန် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးဟောင်း ထုတ်ပြော

Must read

ရန်ကုန်၊ ဩဂုတ် ၄

မြန်မာနိုင်ငံတွင် တရားမဝင် စစ်အာဏာသိမ်းပြီး ပြည်သူများကို သတ်ဖြတ်နေသည့် စစ်တပ်၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်များကို ထပ်မံကျူးလွန်ခွင့်မပြုရေး နိုင်ငံတကာက တားဆီးရန် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်သည်။

ဩဂုတ်လ ၃ ရက်နေ့ Asia Society Policy Institute က ဦးစီးကျင်းပသည့် “မြန်မာနိုင်ငံ၌ ဖြစ်ပွားလျက်ရှိသော ရက်စက်ဆိုးဝါးသည့် ပဋိပက္ခအပေါ် တုံ့ပြန်ဆောင်ရွက်ခြင်း” ဆိုင်ရာ စကားဝိုင်းဆွေးနွေးပွဲတွင် နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်တပ်၏ ရက်စက်ယုတ်မာသည့် လုပ်ရပ်များ ထပ်မံ​ကျူးလွန်ခွင့်မပြုရေး တားဆီးရန် တိုက်တွန်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံ အမတ်ကြီး ဦးကျော်မိုးထွန်းနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း မစ္စတာ စကော့မာဆီရယ် (Ambassador Scot Marciel) လည်း တက်ရောက်ကြောင်း သိရှိရသည်။

သံအမတ်ကြီး ဦးကျော်မိုးထွန်းက အဆိုပါဆွေးနွေးပွဲတွင်

(က) မြန်မာစစ်တပ်၏ အဆိုးဝါးဆုံး ရက်စက်ယုတ်မာမှုနှင့် လူသားမဆန်မှုတို့ကို တစ်ကမ္ဘာလုံးအနေဖြင့် မြင်တွေ့ခဲ့ပြီးဖြစ်ရာ၊ မြန်မာပြည်သူများ ပြင်းပြစွာ အကူအညီတောင်းဆိုမှုကို ဆက်လက်လျစ်လျူမရှု သင့်ကြောင်း၊

(ခ) မြန်မာပြည်သူများသည် ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲ၌ ၎င်းတို့၏ ကိုယ်စားလှယ်များကို လွတ်လပ်စွာ ဒီမိုကရေစီနည်းလမ်းဖြင့် ဆန္ဒမဲပေး၍ ရွေးချယ်ခဲ့ကြပြီး၊ ဆန္ဒကို ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ကြောင်း၊ စစ်တပ်သည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က “မဲစာရင်း မသမာမှု” ဆိုသော မူမမှန်သည့် အကြောင်းပြချက်ဖြင့် ကြီးမားသည့် နိုင်ငံတော်သစ္စာဖောက်လုပ်ရပ်အဖြစ် စစ်အာဏာသိမ်းခဲ့ ကြောင်း၊ ကြီးမားသော ရွေးကောက်ပွဲမူမမှန်မှု တစ်စုံတစ်ရာမတွေ့ရှိကြောင်းကို လွတ်လပ်သည့် ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့များက ထုတ်ဖော်အတည်ပြုထားပြီးဖြစ်ကြောင်း၊

(ဂ) ဩဂုတ်လ ၁ ရက်နေ့က စစ်တပ်အာဏာရှင်ခေါင်းဆောင် မင်းအောင်လှိုင်သည် တည်ငြိမ်ရေး အကြောင်းပြချက်ဖြင့် နိုင်ငံတော်အရေးပေါ်အခြေအနေသတ်မှတ်မှုကို နောက်ထပ် (၆) လ သက်တမ်းတိုး ကြောင်းကို ရုပ်သံလွှင့်၍ ကြေညာခဲ့ရာ ယင်းသည် လုံးဝအဓိပ္ပါယ်မရှိကြောင်း၊ နိုင်ငံသည် တည်ငြိမ်မှုရှိ ခဲ့ကြောင်း၊ ရွေးကောက်ခံအစိုးရသည် ဒီမိုကရေစီရွေးကောက်ပွဲများကို အောင် မြင် စွာကျင်းပခဲ့ပြီး ဖြစ်ကြောင်း၊ ပြည်သူများသည် ဒီမိုကရေစီရ၍ လွတ်လပ်မှုအခွင့်အရေးကို ရရှိခံစားခဲ့ကြောင်း၊ စစ်တပ်သည် ခက်ခက်ခဲခဲရရှိထားသည့် ယင်းရပိုင်ခွင့်များနှင့် ပြည်သူများ၏ မွေးရာပါအခွင့်အရေးများကို လုယူခဲ့ခြင်းဖြစ်ကြောင်း၊

(ဃ) တရားမဝင်စစ်တပ်အုပ်ချုပ်မှုရှိနေသ၍ ဘယ်သောအခါမှ ပဋိပက္ခဖြစ်ပွားမှု အဆုံးသတ်မည် မဟုတ်ကြောင်းကို အလေးထားပြောကြားလိုကြောင်း၊ စစ်တပ်၏ ရက်စက်မှုနှင့် ကြမ်းကြုတ်မှု သရဖူဆောင်းသည့်ကာလသည် တည်ငြိမ်မှုကို လုံးဝယူဆောင်နိုင်မည် မဟုတ်ကြောင်း၊

(င) နိုင်ငံတကာ အသိုက်အဝန်းမှ မေတ္တာရပ်ခံ တောင်းဆိုနေသည့်ကြားမှ မကြာသေးမီက ဒီမိုကရေစီအရေးလှုပ်ရှားဆောင်ရွက်သူ (၄) ဦးအား ဥပဒေမဲ့ ရက်စက်စွာ သတ်ဖြစ်စီရင်မှုသည် စစ်တပ်၏ ရက်စက်ယုတ်မာမှုကို ထပ်မံပြသ၍ စစ်တပ်၏ လူ့အသက်များကို စိတ်ထင်တိုင်း စီရင်သတ်ဖြတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှု၏ နောက်ထပ် သာဓက ဖြစ်ကြောင်း၊ ယင်းလုပ်ရပ်သည် ပြစ်တင်ရှုတ်ချထိုက် သည့်အပြင် လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးမှုတို့ကို အပြည့်အဝအလေးမထားသည့် လုပ်ရပ်ဖြစ် ကြောင်း၊

(စ) စစ်တပ်၏ ရက်စက်ယုတ်မာမှုများကြားမှ မြန်မာပြည်သူများ၏ စစ်တပ်အုပ်ချုပ်မှု အဆုံးသတ်ရေး နှင့် ဒီမိုကရေစီပြန်လည်ရရှိရေး သန္နိဋ္ဌာန်သည် ပိုမိုခိုင်မာလာကြောင်း၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်းများအပါအဝင် ဒီမိုကရေစီအင်အားစုများအကြား ယခင်ကြုံတွေ့ခဲ့ဖူးခြင်းမရှိသည့် စည်းလုံးညီ ညွတ် မှုဖြင့် စစ်တပ်အာဏာရှင်အုပ်ချုပ်မှု အဆုံးသတ်ရေး၊ ဒီမိုကရေစီပြန် လည်ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးအတွက် ပူး ပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊

(ဆ) အာဆီယံလက်ရှိ ဥက္ကဋ္ဌ ကမ္ဘာဒီးယားဝန်ကြီးချုပ် ဟူဆန်၏ ယနေ့ (၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၌​ပြောကြားသည့် အဖွင့်မိန့်ခွန်းတွင် “မိမိတို့၏ အဖွဲ့ဝင်မိသားစုတစ်ခုဖြစ်သည့် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် နိုင်ငံရေး၊ လုံခြုံရေးနှင့် ယခုအခါ စီးပွားရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကြပ်အတည်းသည် အာဆီယံ၏ စည်းလုံးညီညွတ်မှုကို စိန်ခေါ်လျက် ရှိပြီး၊ ဒေသတွင်းတည်ငြိမ်ရေးကိုပါ လှုပ်ခတ်လျက်ရှိသည်” ဟု ထည့်သွင်းပြောကြားခဲ့ကြောင်း၊

(ဇ) မြန်မာနိုင်ငံသည် အလုံးစုံပျက်သုန်းသည့်နိုင်ငံ (Failed state) ဖြစ်လာမည့် အခြေအနေသို့ ဦးတည်နေသည့်အပေါ် လွန်စွာစိုးရိမ်လျက်ရှိကြောင်း၊

(ဈ) မိမိအနေဖြင့် နိုင်ငံတကာအသိုက်အဝန်းအား အဓိကအချက် (၆) ချက် တောင်းဆိုလိုကြောင်း၊ (၁) စစ်အာဏာရှင်၏ နိုင်ငံတကာကိုယ်စားပြုမှုအားလုံးကို ဆိုင်းငံ့ရပ်ဆိုင်းရန်၊ (၂) လူသားမဆန်သည့် စစ်တပ်ခေါင်းဆောင်နှင့် အပေါင်းအပါများ၏ ငွေစီးဆင်းမှု လမ်းကြောင်းအားလုံးကို ဖြတ်တောက်ရန်၊ (၃) အာဆီယံအစည်းအဝေးများ၌ စစ်တပ်အာဏာရှင်မှ ကိုယ်စားပြုခွင့်မပြုရန်၊ စစ်တပ်အုပ်ချုပ်မှုရပ်တန့်ရေး အတွက် နောက်ထပ်အရေးယူဆောင်ရွက်ရန်နှင့် အာဆီယံသဘောတူညီချက် (၅) ချက်ကို ပြန်လည် သုံးသပ်ရန်၊ (၄) ကုလသမဂ္ဂ၊ အထူးသဖြင့် လုံခြုံရေးကောင်စီအနေဖြင့် စုစည်းလျက်ရှိသည့် တိုင်းရင်းသားနှင့် ဒီမိုကရေစီအင်အားစုများထံ တပ်ဖွဲ့များစေလွှတ်ခြင်းနှင့် စစ်ရေးထောက်ပံ့မှုများပံ့ပိုးခြင်း တို့ပါဝင်သည့် R2P မူဝါဒကို အသုံးပြု၍ ဖြစ်နိုင်သည့် အရေးယူ ဆောင်ရွက်ချက်များ အမြန်ဆုံးချမှတ်ရန်၊ (၅) ယူကရိန်းနိုင်ငံအား ကူညီပေးသည့်နည်းတူ မြန်မာပြည်သူများအား အလားတူ ကူညီစောင့်ရှောက်ရန်နှင့် (၆) မြန်မာပြည်သူများကို ကိုယ်စားပြုသည့် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုရန်၊

(ည) တရားမဝင် စစ်တပ်အုပ်ချုပ်မှုကို ပုံမှန်အခြေအနေအတိုင်း သတ်မှတ်၍ တရားဝင်ပြုခြင်းသည် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသည့် မတည်ငြိမ်မှုနှင့် ဆင်းရဲဒုက္ခကျရောက်မှုတို့ကို အချိန်ကြာရှည်စေမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက် အဝန်းအနေနှင့် စစ်တပ်၏ ရက်စက်ယုတ်မာမှုကို ဆက်လက်ခွင့်မပြုဘဲ ညီညွတ်ပြတ်သားသည့် အရေးယူဆောင်ရွက်မှုချမှတ်ရန် တိုက်တွန်းကြောင်း ပြောဆိုသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးဟောင်း မစ္စတာ စကော့ မာဆီရယ် (Ambassador Scot Marciel) ကလည်း မြန်မာပြည်သူများသည် စစ်တပ် အုပ်ချုပ်မှုသို့ ပြန်သွားရန်နှင့် စစ်တပ်အုပ်ချုပ်မှုအောက်၌ နေထိုင်ရန် လုံးဝဆန္ဒမရှိသည်မှာ အထင်အရှား ဖြစ်ကြောင်း၊ မြန်မာပြည်သူအားလုံးသည် စစ်တပ်အာဏာရှင်ဆန့်ကျင်မှုတွင် တညီတညွတ် တည်းရှိနေကြောင်း၊ မြန်မာစစ်တပ်သည် အာရှ၌ ကမ္ဘောဒီးယား ခမာနီ အာဏာရှင်လက်ထက်နောက်ပိုင်း အဆိုးဝါးဆုံးနှင့် အရက်စက်ဆုံးအာဏာရှင်ဟု သတ်မှတ်နိုင်ကြောင်း ပြောဆိုသည်။

မြန်မာပြည်သူများသည် နေ့စဉ်နေ့တိုင်း ဆင်းရဲဒုက္ခရောက်နေပြီး၊ အကြောင်းပြချက်မရှိဘဲ ဖမ်းဆီးသတ်ဖြတ်ခံနေရကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရအနေဖြင့် အခြားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုကို မြှင့်တင်ရန် လိုအပ်ကြောင်း၊ အာဆီယံသဘောတူညီချက် (၅) ရပ် သည် အကောင် အထည်ဖော်ရန် မဖြစ်နိုင်ဘဲ ပြန်လည်သုံးသပ် သင့်ကြောင်း ၎င်းက ဆိုသည်။

အာဏာရှင် မြန်မာစစ်တပ်သည် မည်သူ့စကားမှ နားထောင်မည် မဟုတ်ကြောင်း၊ ထို့အတူ သင့်တင့်မှန်ကန်သည့် နိုင်ငံရေးဆွေးနွေးမှုသည်လည်း မြန်မာစစ်တပ်ထံမှ ရရှိရန် မဖြစ်နိုင်ကြောင်း၊ စစ်ကောင်စီအား ဖိအားအများဆုံးပေး၍ တစ်ဖက်တွင်လည်း အမျိုးသားညီညွတ်ရေးအစိုးရနှင့် အခြားမိတ်ဖက်အဖွဲ့များအား ငွေကြေးထောက်ပံ့မှု ပေးအပ်သင့်ကြောင်း၊ မြန်မာနိုင်ငံ၏ အခြေအနေနှင့် စပ်လျဉ်း၍ ပြောင်းလဲရာ၌ တစ်ခုတည်းသော မျှော်လင့်ချက် သည် မြန်မာပြည်သူများသာ ဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတကာအသိုက် အဝန်းအနေနှင့် မြန်မာပြည်သူများအား ဘက်ပေါင်းစုံမှ ကူညီထောက် ပံ့ရန် အထူးလိုအပ်သည်ကို သံအမတ်ကြီးဟောင်း မစ္စတာ စကော့ မာဆီရယ် (Ambassador Scot Marciel) က အဓိကထည့်သွင်းပြောကြားသည်ဟု သိရှိရသည်။

ဓာတ်ပုံ- ကုလသမဂ္ဂအစည်းအဝေးတစ်ခုတက်ရောက် မိန့်ခွန်းပြောနေသော သံအမတ်ကြီး ဦးကျော်မိုးထွန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article