ရန်ကုန်၊ သြဂုတ် ၄
စစ်ကိုင်းတိုင်း အရာတော်မြို့နယ်နှင့် မြင်းမူမြို့နယ် အစပ်ရှိ ခွက်ခွင်းကျေးရွာ အနီး သြဂုတ်လ ၄ ရက်နေ့က စစ်ကြောင်း ထိုးလာသည့် အင်အား ၆၄ ဦးပါ စစ်ကောင်စီ စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၅ ဦးသေဆုံးကြောင်း မြင်းခြံ Zero ပြောက်ကြားတပ်ဖွဲ့ ခေါင်းဆောင် ကိုသက်ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ပေါင်းစုက ရင်ဆိုင်တိုက်ခိုက်နေချိန်တွင် ကာကွယ် ရေး တပ်ဖွဲ့ဝင် ၇ ဦးက ပျောက်ကြားစနစ်ဖြင့် အနီးကပ် ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ခွက်ခွင်းရွာ၊ ကံပြားရွာ၊ ရသာရွာ၊ မင်ရွာတွေဘက်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းကို ကျွန်တော်တို့ တောကျီးကန်း ၇ ကောင်က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်။ ထိပ်တိုက် တိုက်ပွဲကတော့ ပြင်းထန်တယ်။ ပြောက်ကျား တိုက်ခဲ့တာဆိုတော့ ကျွန်တော်တို့ဘက်က အကျဆုံးမရှိခဲ့ဘူး။ ကျွန်တော်တို့ တောကျီးကန်း ၇ ကောင် အခုလိုတိုက်နိုင်အောင် နယ်မြေခံ ပြည်သူကာကွယ်ရေးအဖွဲ့တွေက ကူညီပံ့ဖိုးတာတွေလည်းရှိခဲ့တယ်။ အဲဒါကြောင့် စစ်ခွေးတွေ များများသတ်နိုင် ခဲ့တာဖြစ်တယ်” ဟု မြင်းခြံ Zero ပြောက်ကျား တပ်ဖွဲ့၏ ခေါင်းဆောင် ကိုသက်ကြီးက ပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဗျက်ကြီးရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့ကို သြဂုတ်လ ၄ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၀ ဦးခန့် သေဆုံးခဲ့ကြောင်း ကာကွယ်ရေး တပ်ဖွဲ့များထံမှ သိရသည်။
ဗျက်ကြီးရွာအပြင်တွင် စစ်ကောင်စီတပ် ကင်းပုန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်ရာမှ တိုက်ပွဲစတင်ဖြစ်ပွားပြီး ကျွန်းလည်ရွာဘက်မှ ပျူစောထီးများ စစ်ကူ လာရောက်ခဲ့သဖြင့် မွန်းလွဲ ၁ နာရီကျော်ခန့်တွင် တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲမှာ အထိနာတော့ စခတွေ၊ ပျူတွေ သူတို့ တပ်စွဲတဲ့ ကျွန်းလည်ရွာဘက် ထွက်ပြေးသွားတယ်။ အလောင်းတွေကိုလည်း လှည်း၂စီးနဲ့ သယ်သွားတယ်။ အလောင်း ၁၀ လောင်းထက် မနည်းဘူး”ဟု နယ်မြေခံ သတင်းရင်းမြစ် တစ်ဦးက ပြောဆိုသည်။
အကြမ်းဖက် စစ်ကောင်စီ တပ်စွဲထားသော စခန်းကို တန့်ဆည် PDF တပ်ရင်း (၆)၊ တပ်ရင်း(၈)၊ တပ်ရင်း(၁၀)၊ တပ်ရင်း(၁၆)၊ KPK၊ TSR၊ Taze Tiger၊ PRLF၊ PLA၊ ပကဖနှင့် ပလဖအဖွဲ့တို့ ပူးပေါင်း တိုက်ခိုက် ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျန်ရှိခဲ့သည့် ၅.၅၆ ကျည် ၁၀၀ တောင့်နှင့် အီနာဂါဗုံးသီး ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့ ကြောင်း သိရသည်။
ဗျက်ကြီးရွာမှ ဒေသခံ ပြည်သူများသည် အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များ ကျေးရွာအတွင်းသို့ ထပ်မံ ဝင်ရောက် တပ်စွဲလာမည်ကို စိုးရိမ်သောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။
ဓာတ်ပုံ- မန္တလေးမှ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး။ (ပုံအဟောင်းဖြစ်သည်)
Photo-AFP