28 C
Yangon

ငွေစက္ကူအသစ် ဘီလီယံပေါင်းများစွာ အကန့်အသတ်မဲ့ ရိုက်နှိပ်နေမှု၊ ဒေါ်လာ အရန် ငွေ နည်းမှု ၊ စီးပွားရေးတစ်ခုလုံး ပြိုဆင်းနေမှုကြောင့် ကျပ်ငွေ တန်ဖိုး ထိုး ဆင်းနေ၊ စီးပွားရေးသမားတိုင်း မြန်မာ ငွေ မကိုင်ရဲတော့

Must read

By ရန်ကုန်ခေတ်သစ်

ပြည်တွင်းစီးပွားရေးစျေးကွက်အတွင်း စစ်အာဏာသိမ်းပြီး ၁ နှစ်ခွဲအကြာမှာ စစ်ကောင်စီရဲ့ စီးပွား ရေး စီမံခန့်ခွဲမှု ညံ့ဖျင်းမှု၊ နိုင်ငံတကာ ဒဏ်ခတ်ပိတ် ဆို့မှု တွေကြောင့် ကျပ်ငွေ တန်ဖိုးတဟုန်ထိုး ကျဆင်းနေပြီး မြန်မာကျပ်ငွေကို စီးပွား ရေးသမားတွေ လက်ထဲ မထားရဲတော့ဘဲ ရွှေ၊ ငွေ၊ အိမ်ခြံမြေ၊ ကားစျေး ကွက်တွေမှာ အလုံးအရင်းနဲ့ ရင်းနှီးမြှုပ်နှံနေကြတယ်လို့ ရန်ကုန်စီးပွားရေး အသိုင်းအ၀ိုင်းက ပြောပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ကြိုတင် ခန့်မှန်းချက်တွေမှာပါတဲ့ အတိုင်း စစ်အာဏာ သိမ်းထား တဲ့ မြန်မာပြည်ရဲ့ စီးပွားရေး အခြေ အနေဟာ လက်ရှိမှာ တဖြည်းဖြည်းပြို ဆင်းနေပြီး မသေချာ မရေရာမှုတွေ ပြည့်နှက် နေတယ်လို့ စီးပွားရေး လုပ်ငန်း ရှင်တွေဘက်က ဆိုပါတယ်။

စစ်တပ်ရဲ့ မဆင်မခြင် အထိန်းအကွပ်မဲ့ ကျပ်ငွေ ရိုက်ထုတ်နေတာ၊ အခု ရက် ပိုင်း အတွင်း စစ်ကောင်စီ အစည်းအဝေး ၃ ရက်မှာ မင်းအောင်လှိုင်ရဲ့ ထင်ရာ မြင်ရာ လုပ်မယ့် စီးပွားရေးဆိုင်ရာ ပညာမဲ့ ပြောဆို ချက်တွေကြောင့် စီးပွားရေး သမားတွေအနေနဲ့ အနာဂတ် မှာ စီးပွားရေး တစ်ခုလုံး နာလန် မထူတော့ဘဲ အခြေအနေဆိုးဝါးလာဖို့ သေချာနေပြီဆိုတာ သိရှိကြတာကြောင့် စီးပွားရေး စျေးကွက်တစ်ခုလုံး ပရမ်းပတာ ဖြစ်လာနေတယ်လို့ ဆိုပါတယ်။

စစ်တပ်က ထုတ်ချေးမယ့် ကျပ်ငွေ ဘီလီယံ ၄၀၀ ရိုက်နှိပ်မှု၊ ငွေစက္ကူကုန်ကြမ်း တန်ချိန်များစွာ တင်သွင်းမှု ဂယက်

===========================================

စစ်ကောင်စီက ကိုဗစ်ချေးငွေ ဆိုပြီး ငွေကျပ် ဘီလီယံ ၄၀၀ ကို စီးပွားရေး လုပ်ငန်း တွေကို ထုတ်ချေးဖို့ ငွေစက္ကူတွေ အကန့်အသတ်မဲ့ ဘီလီယံများစွာ ရိုက်နှိပ် နေပါတယ်။ ငွေစက္ကူကုန်ကြမ်းတန်ချိန်များစွာကိုလည်း ဥဘကစ္စတန် နိုင်ငံက မှာယူပြီး လေယာဉ်နဲ့ လျှို့ဝှက်သယ်ယူခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့ စီးပွားရေးအထနှေးနေလို့ ကျပ်ငွေဘီလီယံ ၄၀၀ ထုတ် ချေးပြီး စီးပွားရေးလည်ပတ်အောင် စျေးကွက်ထဲ ထည့်သွင်း ဆေးထိုးမယ့် အစီအစဉ်ဟာ မြန်မာကျပ်ငွေကို ဂျပန်ခေတ်ငွေစက္ကူလို ပေါပေါလောလော တန်ဖိုးမရှိ အောင်လုပ်နေတာလို့ စီးပွားရေးသမားတွေဘက်က ရှုမြင်ပါတယ်။

ဒါ့အပြင် စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး ဘီလီယံပေါင်းများစွာ ငွေစက္ကူ တွေ လိုသလောက်ရိုက်ထုတ်နေတယ်ဆိုတာကိုလည်း စီးပွားရေး အသိုင်းအ၀ိုင်းမှာ သိရှိ သတိပြုမိနေကြပြီလို့ ဆိုပါတယ်။ အထူးသဖြင့်တော့ မြန်မာကျပ်ငွေ ဘီလီယံရာပေါင်းများစွာ ရိုက်နှိပ်နေတာတွေကြောင့်လည်း ကျပ်ငွေ တန်ဖိုးဟာ ထိန်းမနိုင်သိမ်းမရ ထိုးကျနေတယ်လို့ ဆိုပါတယ်။

“ငွေစက္ကူရိုက်နှိပ်တယ်ဆိုတာ ကိုယ့်နိုင်ငံရဲ့ အရန်ဒေါ်လာငွေ၊ ရွှေ၊ GDP အကုန်ချိန်ဆပြီး ဘယ်လောက်ရိုက်မလဲ ဆိုတာ ဆုံးဖြတ်တာ။ အခု သူတို့ ငွေတွေ လိုတိုင်း ရိုက်ထုတ်နေတယ်။ အခု ဘီလီယံ ၄၀၀ ထုတ်ချေးမယ်ဆိုပြီး ပြောတယ်။ ဒီငွေတွေက ရိုက်ထုတ်မယ့် ငွေတွေ။ စီးပွားရေးတစ်ခုလုံး ၁ နှစ်ခွဲ အတွင်း ဘယ်လိုဖြစ်ကုန်လဲ ပြန်ကြည့်။ ဘာကိုမှ မချိန်ဆဘဲ လုပ်ချင်သလို လုပ်ခဲ့တယ်။ မြန်မာငွေကြေးအပေါ် ယုံကြည်မှု Trust ပျောက်သွားပြီ။ မြန်မာ ငွေက ဂျပန်ခေတ်ငွေစက္ကူလိုဖြစ်သွားပြီ။ ဘယ်သူကိုင်ရဲတော့မလဲ။ အဆိုးဆုံး ဖြစ်မယ်။ တကယ့်ကို အဆိုးဆုံးပါ” ဟု ရန်ကုန်စီးပွားရေး သမား တစ်ဦး ကဆိုပါတယ်။

လုပ်ချင်တိုင်းလုပ်တဲ့အမိန့်တွေ

==================

ပြည်တွင်းစီးပွားရေးစျေးကွက်တစ်ခုလုံးနဲ့ ပြည်ပ ရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို ဇောက် ထိုးမိုး မျှော်ဖြစ်စေ တာကတော့ စစ်ကောင်စီနဲ့ ဗဟိုဘဏ်ရဲ့ လုပ်ချင် တိုင်း လုပ်နေတဲ့ အမိန့်တွေကြောင့်လို့ ဆိုပါတယ်။

အာဏာစသိမ်းစဉ်ကတည်းက စစ်တပ်ဟာ ငွေကြေးတွေကို ထုတ်မပေးဖို့ ဘဏ် တွေကို အမိန့်ထုတ်ပြီး တားဆီးခဲ့ပါတယ်။ အဲဒီနောက် သူတို့ စိုးရိမ် ချက်တွေအတွက် စျေးကွက်စီးပွားရေးနဲ့ ငွေကြေးကဏ္ဍကို ထိခိုက်စေမယ့် အမိန့်တွေ ဆက်တိုက် ထုတ်ခဲ့ပါတယ်။ သီရိလင်္ကာ စီးပွားပျက်ကပ်ကို မြင် ပြီးချိန် မှာတော့ စစ်တပ်က ပြည်တွင်းမှာ ရှိတဲ့ ဒေါ်လာ မှန်သမျှ သူ့ လက် ထဲ သိမ်းယူလိုက်ပါတယ်။

အဆိုးဆုံးကတော့ စျေးကွက်သဘောအတိုင်း နှုန်းရှင်ဖြစ်နေတဲ့ ငွေလဲနှုန်းကို အမိန့်အာဏာနဲ့ သတ် မှတ် စျေးနှုန်း တစ်ခုအဖြစ် သတ်မှတ်ခဲ့တာတွေက စီးပွားရေးကဏ္ဍတစ်ခုလုံးကို ဖျက်ဆီးခဲ့တာလို့ ရန်ကုန်စီးပွားရေးသမားတွေက ဆိုပါတယ်။

“အာဏာသိမ်းကတည်းက ထုတ်လိုက်တဲ့ အမိန့်တွေ။ အဲဒီအမိန့်တွေကြောင့် စီးပွားရေးတွေ ကမောက် ကမ ပရမ်း ပတာဖြစ်ကုန်တာပဲ။ အခု စီးပွားပျက် နေတာလည်း အဲဒီအမိန့်တွေကြောင့်ပဲ။ တစ်ဒေါ်လာ ၁၈၅၀ သတ်မှတ်တယ်။ တစ်ဒေါ်လာ ၂၁၀၀ ကျပ် ပြောင်းသတ်မှတ်တာလည်း စာရွက်တစ်ရွက်ပေါ်မှာ ရေးပြီး အမိန့်ထုတ်လိုက်ရင်ပြီးတာပဲလို့ စကစ ထင်နေပုံရတယ်။ ၁၈၅၀ ကနေ ၂၁၀၀ ပြောင်းသွားရင် ဘာတွေဖြစ်မလဲ။ နှုန်းရှင်ဖြစ်နေတာကို ပုံမှန် သတ် မှတ် နှုန်း အဖြစ်ပြောင်းလဲရင် ဘာတွေဖြစ်မလဲ ဒါတွေကို မထည့်တွက်ခဲ့ဘူး။ သူတို့စိုးရိမ်တာမှန်သမျှ အမိန့်နဲ့လုပ်လိုက်တယ်။ ခေတ်က အရင်လို ပိတ်ထား လို့ရတဲ့ခေတ်မှ မဟုတ်တာ။ အားလုံးက ကမ္ဘာကြီးကို မြင်တတ်နေကြပြီ။ စျေးကွက် ကို အမိန့် အာဏာနဲ့ ဘယ်တုန်းကမှ ထိန်းလို့မရခဲ့ဘူး။ ဒီအခြေခံ လေး တောင် နားမလည်ဘဲ လုပ်ခဲ့ကြတာပဲ” လို့ ရန်ကုန်စီးပွားရေးသမား ကဆိုပါတယ်။

စစ်ကောင်စီလက်ထဲမှာ ဒေါ်လာ အရန်ငွေ နည်းပါးနေမှု

===============================

အခြားတစ်ဖက်မှာလည်း စီးပွားရေး ပိတ်ဆို့မှုတွေ၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ထွက်ခွာ နေမှု တွေကြောင့် စစ်ကောင်စီမှာ ဒေါ်လာ အရန်ငွေ အလွန်နည်းပါး နေပြီး လစဉ်၊ နှစ်စဉ် နိုင်ငံခြားချေးငွေတွေကို ပမာဏ ကြီးကြီးမားမား ပြန် လည် ပေးဆပ်နေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စက်သုံးဆီ၊ စားသုံးဆီ အပါအဝင် သွင်းကုန်တွေအားလုံး လျှော့ဖို့ မင်းအောင်လှိုင်ဘက်က အမိန့်တွေ ထုတ်နေတာလို့ဆိုပါတယ်။

“စစ်တပ်ရဲ့ အသုံးစရိတ်ကလည်း ကြီးတယ်။ တစ်နိုင်ငံလုံးကလည်း အပ်ကအစ သွင်းကုန်အနေနဲ့ အကုန်သွင်းနေရတာ။ စစ်ကောင်စီ လက်ထဲမှာရှိတဲ့ ဒေါ်လာ က တစ်နိုင်ငံလုံး သွင်းကုန်ရဲ့ ၆ လစာ လောက်ပဲရှိတော့မယ်။ အရန် ငွေကြေး က အတော်နည်းနေပြီ။ အကြွေးတွေကလည်း ဆပ်နေရတယ်။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကလည်း ထွက်နေပြီ။ MOGE တောင် စီးပွားရေး ပိတ်ဆို့ ခံရဖို့ရှိနေတော့ ဒေါ်လာ ရပေါက်ရလမ်းက မရှိတော့ဘူး။ အဲဒါကြောင့် စကစက သွင်းကုန်တွေ လျှော့ဖို့ လုပ်တာ” လို့ စီးပွားရေးကျွမ်း ကျင်သူ တစ်ဦးက ဆိုပါ တယ်။

အဲဒီစီးပွားရေးကျွမ်းကျင်သူကတော့ စစ်ကောင်စီလက်ထဲမှာ အမေရိကန် ဒေါ်လာ အရန်ငွေ သန်း ၅၀၀ နဲ့ သန်း ၇၀၀ အကြားလောက်ပဲရှိနိုင်တယ်လို့ ခန့်မှန်းပါတယ်။ စစ်ကောင်စီအနေနဲ့ စစ်အသုံး စရိတ်တွေမှာ ဒေါ်လာ သုံး နေရတဲ့အတွက် ဒီအရန်ငွေ ဒေါ်လာပမာဏဟာ နည်းပါတဲ့ပမာဏ ဖြစ် တယ်လို့ ဆိုပါတယ်။

ရွှေ၊ငွေနဲ့ ငွေဖြစ်လွယ် ခိုင်မာတဲ့ ရင်းနှီးမြှုပ်နှံမှုမှာ ပြောင်းရွှေ့နေကြပြီ

=========================================

ငွေကြေး အပိုရှိသူတိုင်း မြန်မာကျပ်ငွေတွေကို ကိုင်မထားတော့ဘဲ အသွင် ပြောင်း နေကြပါပြီ။ ရွှေစျေးကွက်မှာ ဝယ်သူများလွန်းတာကြောင့် ရွှေဝယ် ဖို့ခက်နေပါတယ်။ ဒေါ်လာစျေးကွက်မှာလည်း အလားတူပါပဲ။

ဒါ့အပြင် ပြင်ပစျေးကွက်ပေါက်စျေးနှုန်းနဲ့ ရွှေ၊ ဒေါ်လာ ဝယ်ရင် တရားမဝင် သ လို စစ်တပ်က ပုံဖော် ထားတာကြောင့် တိုးတိုး တိတ်တိတ်ချိတ်ဆက်ပြီး ရောင်းဝယ် နေကြပါတယ်။ ရွှေနဲ့ဒေါ်လာ သည်း သည်း မည်းမည်း ဝယ်ယူ နေ သူ တွေမှာ စစ်တပ်နဲ့ ပတ်သက်နွယ်နေတဲ့ ဗိုလ်ချုပ်မိသားစုတွေ၊ စီးပွားရေး သမား တွေက ရှေ့ဆုံးက စုဆောင်းနေကြတာပါ။

စီးပွားရေးသမားတွေနဲ့ ငွေကြေးအပိုရှိသူတွေက ကျပ်ငွေ သိန်းထောင် သောင်း ချီပြီး နိုင်ငံခြားငွေ စျေးကွက်မှာ ပြောင်းလဲ ရင်းနှီးမြှုပ်နှံနေကြပါတယ်။ မြန်မာ ကျပ် ငွေတွေကို ထိုင်းငွေကြေး ဘတ်အဖြစ် ပြောင်းလဲတာ၊ မလေးရှားငွေ ရင်းဂစ် အဖြစ် ပြောင်းလဲတာ၊ တရုတ်ငွေ ယွမ်အဖြစ် ပြောင်းလဲ နေကြ တာ အလွန်များပြားပါတယ်။

“ကျနော့်မှာတင် သိန်း ၄၀၀၀ ဖိုးလောက် ရင်းဂစ်(မလေးရှား) ပြောင်းချင်လို့ Offer လာပေးနေတယ်။ ဒါ နာရီပိုင်း လဲတဲ့ပမာဏပါ။ ထိုင်းဘတ်ငွေအဖြစ် ပြောင်းဖို့ သိန်း ၂၀၀၀ လောက် လဲချင်လို့ လာပြောတာလည်းရှိတယ်”လို့ ငွေလဲဒိုင်တစ်ဦးက ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာလည်း မြန်မာကျပ်ငွေတွေကို အလုံးအရင်းနဲ့ ထုတ် ရောင်းနေပြီး တရုတ် ယွမ်ငွေ ပြောင်းလဲနေကြပါတယ်။

အလားတူပါပဲ အိမ်ခြံမြေစျေးကွက်နဲ့ ကားစျေးကွက်တွေမှာလည်း ပုံစံမျိုးစုံနဲ့ မြန်မာကျပ်ငွေကို ပြောင်းလဲပြီး ရင်းနှီးမြှုပ်နှံမှုတွေ ပြုနေကြတယ်လို့ ရန်ကုန် စီးပွားရေးသမားတွေကဆိုပါတယ်။

အဆိုးဆုံးတွေ လာမယ်

==============

ဩဂုတ်လ ၁၁ ရက်နေ့မှာ အမေရိကန်တစ်ဒေါ်လာကို ငွေကျပ် ၂၇၅၀ ကျပ်၊ ရွှေစျေးက အခေါက် ရွှေတစ်ကျပ်သား ၂၅ သိန်း ၂ သောင်းနဲ့ စျေးပိတ်သွား ခဲ့ပါတယ်။

စီးပွားရေးသမားတွေကတော့ ကျပ်ငွေတန်ဖိုး ဘယ်လောက်အထိ ထိုးဆင်း မလဲ ဆိုတာ ခန့်မှန်းရ ခက်တဲ့အထိ ကြောက်စရာကောင်းတယ်လို့ ဆိုပါတယ်။

“အရင်ကတော့ တစ်ဒေါ်လာ ငွေကျပ် ၃၀၀၀ ဖြစ်မယ်လို့ ခန့်မှန်းထားတာ။ ဒါပေမယ့် အဲဒီထက် တောင်ပိုနိုင်မယ်။ တန်ဖိုးကျတာ။ အားလုံး ပြင်ဆင် ကြရ မှာပဲ။ ကျနော်တို့ အားလုံး ဒုက္ခများမယ့် စီးပွားပျက်ကပ် ကြီးကို ဖြတ်သန်း နေရ ပြီ” လို့ ရန်ကုန်စီးပွားရေးသမားက သုံးသပ်ပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article