ရန်ကုန်၊ ဩဂုတ် ၁၃
အကြမ်းဖက်စစ်ကောင်စီက ထိန်းချုပ်ထားသည့် နေပြည်တော်ကောင်စီနယ်မြေအတွင်းတွင်ပင် စစ်ကောင်စီအဖွဲ့ဝင်များ လျှို့ဝှက်အစီအစဉ်ဖြင့် သွားလာနေရကြောင်း ရန်ကုန်ခေတ်သစ်ထံသို့ ရောက်ရှိလာသော ဒုဝန်ကြီးအဆင့် ခရီးစဉ် လျှို့ဝှက်စာရွက်စာတမ်းအရ သိရှိရသည်။
စစ်ကောင်စီ၏ မွေးမြူရေးနှင့်ဆည်မြောင်း ဒုဝန်ကြီး ဒေါက်တာအောင်ကြီးက ယနေ့ ဩဂုတ်လ ၁၃ ရက်နေ့တွင် နေပြည်တော်၊ ပျဉ်းမနား၊ လယ်ဝေး ၊ ပေါင်းလောင်းဆည် နေ့ချင်းပြန် သွားရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာနထံတွင် လုံခြုံရေး ပေးပါရန် လျှို့ဝှက်တောင်းခံထားကြောင်း သိရှိရသည်။
နေပြည်တော်အတွင်းတွင်ပင် ဒေါက်တာအောင်ကြီးက မိုးစပါး ဧက ၁၀၀ စံပြကွက် စိုက်ပျိုးခြင်း သရုပ်ပြပွဲ၊ မွေးမြူရေးခြံ သွားစစ်ဆေးခြင်း၊ ပေါင်းလောင်းဆည် ငါးမွေးမြူရေး လုပ်ငန်း စစ်ဆေးခြင်းများ သွားရောက်ရန် လုံခြုံရေး တောင်းခံခြင်းဖြစ်ကြောင်း၊ ခရီးစဉ်တွင် စစ်ကောင်စီ ဝန်ကြီးဌာနမှ ညွှန်ချုပ်၊ ဝန်ထမ်းများ လိုက်ပါကြ မည်ဖြစ်ကြောင်း သိရှိရသည်။
“နေပြည်တော်ထဲမှာတော့ ဝန်ကြီးဌာနရုံး၊ လမ်းဆုံလမ်းခွ နေရာတွေတိုင်း ပတ်ကင်း၊ လှည့်ကင်း ၊ ကင်းပုန်း၊ ပေါ်ပေါ်တင်တင် သေနတ်ကိုင်စောင့်တဲ့ ကင်းတဲတွေ ချထားတယ်။ အိမ်တော်နဲ့ လွှတ်တော်နားမှာဆိုရင် ဂျန်ဘာကားတွေပါ ချထားတာ” ဟု နေပြည်တော်ဒေသခံတစ်ဦးက ပြောဆိုသည်။