By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဩဂုတ် ၁၃ ရက် ညနေပိုင်း ရရှိထားတဲ့သတင်းတွေကတော့ -အကြမ်းဖက် စစ်ကောင်စီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ(ကိုဗစ်ချေးငွေ) လို့ အမည်တပ်ထားတဲ့ ဝါဇီစက်ရုံက ရိုက်ထုတ်လိုက်တဲ့ မြန်မာကျပ်ငွေ အသစ် ကျပ်ဘီလီယံ ၄၀၀ ထဲက ဘီလီယံ ၃၃၀ ကို ဩဂုတ်လ ၁၂ ရက်နေ့မှာ ပြည်နယ်/တိုင်း စစ်ကောင်စီတွေ နဲ့ ဝန်ကြီးဌာနတွေဆီကို လွှဲပြောင်း လိုက် တယ်လို့ စစ်ကောင်စီတပ်ဘက်က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။ -အကြမ်းဖက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နေပြည်တော်ကောင်စီနယ်မြေ အတွင်းမှာတောင် စစ်ကောင်စီအဖွဲ့ဝင်တွေ လျှို့ဝှက်အစီအစဉ်နဲ့ သွားလာနေရတယ်လို့ ရန်ကုန်ခေတ်သစ်ကို ရောက်ရှိလာ တဲ့ ဒုဝန်ကြီးအဆင့် ၊ ခရီးစဉ် လျှို့ဝှက် စာရွက်စာတမ်းအရ သိရပါတယ်။ – ရခိုင်ပြည် ၊ ရသေ့တောင်မြို့နယ် ၊ ချိန်ခါလီ နဲ့ ဒုံးပိတ် ကျေးရွာတွေမှာ အကြမ်းဖက် စစ်ကောင်စီတပ် နဲ့ ရက္ခိုင့်တပ်တော် AA ကြား ဒီကနေ့ သြဂုတ်လ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ – မကွေးတိုင်း ၊ ပေါက်မြို့နယ် ၊ ရှား/စေးချက်- ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က သြဂုတ်လ ၁၁ ရက်နေ့မှာ ဝင်ရောက် စီးနင်းပြီးနောက် ကျေးရွာသား ကိုရဲဝင်းနိုင် ဆိုသူကို နှိပ်စက် သတ်ဖြတ်ပြီး နေအိမ် အလုံး ၂၀ ကျော်ကိုပါ မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံ ပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။