ရန်ကုန်၊ သြဂုတ် ၁၃
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသ လှေကုတ်ရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရွာလုံးကျွတ် နီးပါးမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ် ထက်ဝက်ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်ရှိချိန်တွင် ဒေသခံ ပြည်သူ တချို့သည် ကျေးရွာအတွင်းသို့ ဝင်ရောက်ကာ မီးငြိမ်းသတ်မှုများ လုပ်ဆောင်နေသော်လည်း ပြည်သူအများစုသည် စစ်တပ် စစ်ကြောင်း ထပ်မံ ရောက်ရှိလာမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြောင်း သိရသည်။
” စစ်ခွေးတွေ မီးရှို့တာ ရွာထဲမှာရှိတဲ့ အိမ်ခြေ တစ်ဝက်ကျော်လောက် မီးထဲပါသွားတယ်။ အိမ်ခြေ အတိအကျတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူ တချို့ကတော့ ရွာထဲကို ပြန်ဝင်ပြီး မီးငြိမ်းနေတယ်။ ပျက်စီး ဆုံးရှုံးမှု များနိုင်တယ်။ ပြည်သူ အများစုကတော့ တိမ်းရှောင်နေတုန်းပဲ စစ်ခွေးတွေ ရွာထဲ ထပ်ရောက်လာမှာကို စိုးရိမ်နေကျတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
အလားတူ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်နှင့် မြင်းမူ အစပ်ရှိ ငါးယှန်၊ နတ်ရေကန်၊ စည်ပင်နှင့် ကုန်းရွာကျေးရွာများကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၁၃ ရက်နေ့တွင် ဝင်ရောက်စီးနင်းနေပြီး ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
” မြင်းမူနဲ့ ချောင်းဦး အစပ်မှာရှိတဲ့ ရွာတွေကို အကြမ်းဖက် စစ်ခွေး စစ်ကြောင်းတွေ တစ်ရွာဝင် တစ်ရွာထွက် ဝင်စီးနေတာ တောက်လျောက်ပဲ ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ စစ်ခွေးတွေက ရွာထဲကိုဝင်ပြီး ပစ္စည်းတွေကို မွှေနှောက်နေတာ ဘာတွေ ယူသွားလဲ ဆိုတာလည်း မသိရသေးဘူး။ ပျက်စီးဆုံးရှုံးမှု အခြေအနေလည်း မသိရသေးဘူး။ အကုန်လုံးက ပြန်ကြည့်ဖို့ဆိုတာထက် လွတ်အောင်ကို မနည်းပြေးနေရတာ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။