28 C
Yangon

ဒီပဲယင်းမြို့နယ်တွင် စစ်တပ် စစ်ကြောင်း ၂ ရက် ဆက်တိုက် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး စစ်သား ၂၁ ဦးသေဆုံး၊ PDF ရဲဘော် ၇ ဦး ဖမ်းဆီးခံရပြီး ၁ ဦးကျဆုံး

Must read

ရန်ကုန်၊ သြဂုတ် ၁၃

စစ်ကိုင်း ရွှေဘိုခရိုင် ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက သြဂုတ်လ ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦး သေဆုံးခဲ့ကြောင်း လေပွေမုန်တိုင်း (LPDF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်လေပွေက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

သြဂုတ်လ ၁၂ ရက်နေ့တွင် မူးကမ်းကြီးကျေးရွာနှင့် ရွာသစ်ရွာ အကြားရှိ တံတား၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဗိုလ်လေပွေ ဦးဆောင်သော အဖွဲ့က တိုက်မိုင်းများဖြင့် တိုက်ခိုက်ခဲ့ပြီး စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်ကို လေပွေမုန်တိုင်း (LPDF) မှ ဦးဆောင်ကာ မဟာမိတ် တပ်ပေါင်းစုများဖြင့် ဖုတ္ထန္တောကျေးရွာနှင့် မိချောင်းအိုင်ကျေးရွာ အစပ်ကြားရှိ အင်းအနီးတွင် မိုင်းတွင် စစ်တပ် အင်အား ၈၀ ခန့်ရှိသော စစ်ကြောင်းကို မိုင်းအလုံးရေ ၁၀၀ ဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ထို့နောက် ဖုတ္ထန္တောတောကျောင်း နှစ်ကျောင်းအကြားတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဗိုလ်လေပွေ တပ်ဖွဲ့မှ စနိုက်ပါများဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယင်းသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းများ တိုက်ခိုက်ခံရပြီးနောက် ညနေပိုင်းတွင် လေပွေမုန်တိုင်း LPDF စခန်းကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့​ကာ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုဘက်မှ PDF လူငယ်တစ်ဦး(ဂဠုန်တပ်) ကျဆုံးခဲ့ပြီး လက်နက် ၂ လက် ဆုံးရှုံးခဲ့ရကာ ဒီပဲယင်း ပကဖ အဖွဲ့မှ ၇ ဦး ဖမ်းဆီးခံရကြောင်း သိရသည်။

” သြဂုတ်လ ၁၂ ရက်နေ့ တိုက်ခိုက်မှုပေါ့ မူတံတား အကူးမှ ခွေး ၄ ကောင်သေတယ်။ ဒီနေ့ ဖြစ်တဲ့ တိုက်ပွဲမှာ ခွေး ၁၇ ကောင်သေပါတယ်။ အရင်နေ့က သေတာက ၄ ကောင် ဒီနေ့ ဖြစ်တာက ၁၇ ကောင်ပေါ့။ ကျွန်တော်တို့ဘက်က ၇ ဦးဖမ်းဆီးခံရတယ်။ စခန်းကို မီးရှို့သွားတာ ဆိုင်ကယ် ၈ စီးလည်းပါသွားတယ်။ ၇ ဦးဖမ်းဆီးခံရတဲ့ ဖြစ်စဥ်ကလည်း တစ်ဆက်တည်း ဖြစ်သွားတာပေါ့။ ဖုတ္ထန္တောတောရွာမှာပဲ တိုက်ပွဲဖြစ်တာက မွန်းလွဲပိုင်းမှာ စတင်ဖြစ်တယ်။ ညနေပိုင်းမှာ ဖုတ္ထန္တောတောရွာအဝင် ရွှေဂူကြီး ဘုရားထဲမှာ ရဲဘော် ၇ ဦးကို ဖမ်းဆီးမိသွားတာ” ဟု လေပွေမုန်တိုင်း (LPDF)မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်လေပွေကပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ရွှေတိုက်၊ ဟင်္သာ၊ အုပ်ရှင်းကြီး၊ ဖုတ္ထန္ထော၊ မိချောင်းအိုင်ရွာနှင့် မူးသစ်ရွာ များကို လက်နက်ကြီးများဖြင့် ရမ်းသမ်း ပစ်ခတ်နေသောကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article