35 C
Yangon

မြင်းခြံနှင့် ဘားအံအကျဉ်းထောင်တို့တွင် နိုင်ငံရေးအကျဉ်းသားများကို တိုက်ပိတ်ခြင်း၊ လူမဆန်စွာ ဆဲဆို ရိုက်နှက်ခြင်း၊ မတရားခိုင်းစေခြင်းနှင့် အဓမ္မငွေတောင်းခံခြင်းများ ဖြစ်ပွားနေ

Must read

ရန်ကုန်၊ ဩဂုတ် ၁၀

အကြမ်းဖက်စစ်ကောင်စီက မြင်းခြံနှင့် ဘားအံအကျဉ်းထောင်တို့တွင် နိုင်ငံရေးအကျဉ်းသားများကို တိုက်ပိတ်ခြင်း၊ လူမဆန်စွာ ဆဲဆို ရိုက်နှက်ခြင်း၊ မတရားခိုင်းစေခြင်းနှင့် အဓမ္မငွေတောင်းခံခြင်းများ ဖြစ်ပွားနေကြောင်း အကျဉ်းထောင်သတင်းရပ်ကွက်များထံမှ သိရှိရသည်။

မြင်းခြံဗဟိုအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကို လူမဆန်စွာ ရိုက်နှက်နေပြီး ရိုက်နှက်မှုများနှင့် ပတ် သက်၍ တင်ပြထားသော်လည်း မည်သူတစ်ဦးတစ်ယောက်ကိုမျှ အရေးယူမှု မရှိကြောင်း၊ နိုင်ငံရေးအကျဉ်းသားများကို အတင်း အဓမ္မ အလုပ်ခိုင်းစေခြင်းများ ပြုလုပ်နေပြီး အသက်ကြီးသူများနှင့် မသန်စွမ်းသူများကိုလည်း နားရက်မရှိ အလုပ်ခိုင်းနေကြောင်း၊ အလုပ်မလုပ်လိုလျှင် ၎င်းတို့ တောင်းသည့် ငွေကို လစဉ်ပေးရကြောင်း မြင်းခြံဗဟိုအကျဉ်းထောင်နှင့်နီးစပ်သော သတင်းရင်းမြစ်က ပြောသည်။

မြင်းခြံဗဟိုအကျဉ်းထောင်ရှိ နိုင်/ကျဉ်းများကို ရိုက်နှက်နှိပ်စက်နေသော အကျဉ်းဦးစီးဌာန ဝန်ထမ်းများမှာ သိန်းထွန်း၊ ကျော်ရဲနိုင်၊ ကျော်စွာထွန်း၊ ဇော်အောင်၊ မျိုးသူအောင်၊ အောင်ကျော်ဌေးတို့ ဖြစ်ပြီး နိုင်ကျဉ်းများကို ခြေထောက်ဖြင့် ကန်ကြောက်ခြင်း၊ ရင်ဘတ်ကို ထိုးနှက်ခြင်း၊ တုတ်ဖြင့် ရိုက်နှက်ခြင်းများ ကျူးလွန်နေကြောင်း သိရှိရသည်။

မြင်းခြံထောင်သို့ ရောက်ရှိလာသော မုံရွာထောင်ပြောင်းများကို ဦးစီးနှင့် အဆောင် မှုးများ က ဖိနှိပ်ပုံစံပေးလျက်ရှိပြီး လူမဆန်စွာရိုက်နှက်နေကြောင်း၊ မန္တလေးထောင်ပြောင်း နိုင်ငံရေးအကျဉ်းသားများကိုလည်း ရိုက်နှက်နေရုံမက မအေနှမ ဆဲဆိုခြင်းများ ပြုလုပ်နေခြင်းဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။

ထို့ပြင် ဘားအံအကျဉ်းထောင်တွင်လည်း နိုင်ငံရေးအကျဉ်းသားအချို့ကို တိုက်ပိတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းတို့ ကျူးလွန်နေကြောင်း၊ ဘားအံအကျဉ်း ထောင်တွင် ဇူလိုင်လ နောက်ဆုံးသီတင်းပတ် ထောင်ပြောင်း စာရင်းတွင် မပါသည့် နိုင်ငံရေးအကျဉ်းသား အယောက် ၉၀ ကျော်ထဲမှ ကိုရဲမင်း၊ အံ့ဖုန်းမောင်၊ ဝေယံမိုးမြင့်၊ ဟိန်းကိုကိုကျော် အပါအဝင် ၁၀ဦးကို ထောင်အာဏာ ပိုင်များက အမည်နှင့်တကွ ခေါ်ထုတ်ကာ အကြောင်းမဲ့ ဆဲဆို၊ ရိုက်နှက်၊ ကြိမ်းမောင်း၍ တိုက်ပိတ်ထားဖြစ်ကြောင်း၊ နိုင်ငံရေးအကျဉ်းသား ကိုမင်းတင်မွန်ကိုမူ ပုံစံခန်းသို့ ပို့ဆောင်ကာ ပုံစံအမျိုးမျိုးဖြင့် အကြောင်းမဲ့ ဆဲဆို၊ ရိုက်နှက်၊ ညှဉ်းပန်း၊ နှိပ်စက်လျက် အကျဉ်းထောင်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးထံမှ သိရှိရသည်။

ထို့သို့ နိုင်ငံရေးအကျဉ်းသားများကို အကြောင်း အကြောင်းမဲ့ တိုက်ပိတ်ထားခြင်း၊ ပုံစံခန်းသို့ပို့ထားခြင်း၊ ဆဲဆို၊ ရိုက်နှက်၊ ညှဉ်းပန်း၊ နှိပ်စက်ခြင်းမှာ ဇူလိုင်လ နောက်ဆုံးပတ်မှ စတင်၍ ယနေ့ထိတိုင် ပြုလုပ်နေဆဲဖြစ်ကြောင်း အကျဉ်းထောင်ဝန်ထမ်းနှင့် နီးစပ်သူတစ်ဦးက ပြောကြားသည်။

ဓာတ်ပုံ- အကျဉ်းထောင်အတွင်းမှ အကျဉ်းသားတချို့။

Photo- AAPP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article