ရန်ကုန်၊ ဩဂုတ် ၁၅
အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ်မှာ ဩဂုတ်လ ၁၃ ရက်နေ့က ကျင်းပသည့် စစ်ဘေးသင့်ပြည်သူများနှင့် ပြည်သူ့တပ်ဖွဲ့များအတွက် ရန်ပုံငွေပွဲဖြစ်သော တေးသံရှင် ဆောင်းဦးလှိုင်၏ နောက်ဆုံးတေးဂီတဖျော်ဖြေပွဲမှ အမေရိကန်ဒေါ်လာငါးသောင်းကျော် ရန်ပုံငွေ ရရှိခဲ့ကြောင်း ပွဲစီစဉ်ကျင်းပသူများထံမှ သိရသည်။
မေရီလန်းတွင် ကျင်းပသည့် တေးဂီတဖျော်ဖြေပွဲသည် အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံအတွက် ရန်ပုံငွေရရှိရန်အတွက် အမေရိကန်တွင် ကျင်းပသော တေးသံရှင်ဆောင်းဦးလှိုင်၏ ပွဲ ၂၀မြောက် တေးဂီတဖျော်ဖြေပွဲဖြစ်ကြောင်း၊ ယခု ဖျော်ဖြေပွဲသည် နောက်ဆုံးပြုလုပ်သော တေးဂီတဖျော်ဖြေပွဲဖြစ်ပြီး အမေရိကန်တွင် ရန်ပုံငွေရှာဖွေပေးသည့် တစ်ကိုယ်တော်တေးဂီတဖျော်ဖြေမှုကို ရပ်နားတော့မည်ဖြစ်ကြောင်း ဆောင်းဦးလှိုင်က ပြောကြားသည်။
“ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးကတည်းက လိုအပ်တဲ့ရန်ပုံငွေအတွက် အမေရိကန်မှာ ကျွန်တော် ရန်ပုံငွေ တေးဂီတပွဲတွေ ပြုလုပ်ခဲ့တာကနေ 1.1 Million ရှိပြီ ရန်ပုံငွေ ရှာဖွေပေးခဲ့တာ။ တေးဂီတဖျော်ဖြေပွဲလည်း ပွဲပေါင်း ၂၀ ရှိပြီ။ Passport ရရင် တခြားနိုင်ငံတွေ ဆက်သွားမယ်။ အဲ့ဒီမှာ ဖျော်ဖြေပွဲတွေ လုပ်ပါ့မယ်။ ကျွန်တော့် ရန်ပုံငွေပွဲကနေ တစ်ကျပ်တစ်ပြားမှ ကျွန်တော် မယူဘူး။ အကုန်ပြန်လှူခဲ့တာ”ဟု ဆောင်းဦးလှိုင်က ဆိုသည်။
ဩဂုတ်လ ၁၃ ရက်နေ့တွင် ကျင်းပသော တေးသံရှင် ဆောင်းဦးလှိုင်၏ တေးဂီတဖျော်ဖြေပွဲကို အလင်းရောင်လူငယ်များအဖွဲ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး အဆိုပါဖျော်ဖြေပွဲတွင် ဆောင်းဦးလှိုင်၏ ဦးထုပ်၊ ဂျာကင်၊ ဂစ်တာ၊ စိန်လည်ဆွဲတစ်ကုံး၊ အလှူရှင်များလှူဒါန်းသော ပန်းချီကား ၂ကား၊ Ukulele တစ်လုံး၊ ဆွမ်းအုပ်တစ်ခုတို့ကို လေလံတင်ခဲ့ရာ ပြည်သူများက အပြိုင်အဆိုင်လေလံဆွဲခဲ့ကြကြောင်း ပွဲစီစဉ်သူများထံမှသိရသည်။
တေးဂီတဖျော်ဖြေပွဲသို့ မေရီလန်းပြည်နယ်မှ မြန်မာများအပါအဝင် အခြားပြည်နယ်များမှ မြန်မာများလည်း လာရောက်အားပေးခဲ့ကြပြီး ရရှိလာသော အလှူငွေများကို ပြည်သူ့တပ်ဖွဲ့များနှင့် စစ်ဘေးဒုက္ခရောက်နေသူများကို လှူဒါန်းမည်ဖြစ်ကြောင်း ပွဲနေ့အခမ်းအနားအရသိရသည်။
မြန်မာနိုင်ငံတွင် မင်းအောင်လှိုင်ခေါင်းဆောင်သော အကြမ်းဖက်စစ်တပ်က ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် အာဏာသိမ်းခဲ့ပြီး လက်ရှိအချိန်အထိ အကြမ်းဖက်စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပေါင်းများစွာဖြစ်ပွားနေပြီး တစ်နိုင်ငံလုံးတွင် စစ်ဘေးဒုက္ခသည်ပေါင်း ၁၀သိန်းကျော်ရှိပြီဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။