ရန်ကုန်၊ ဩဂုတ် ၁၅
အကြမ်းဖက်စစ်တပ်နှင့် လက်အောက်ခံ ပျူစောထီးများ၏ ရမ်းကားသတ်ဖြတ်မှုများကြောင့် ယခုရက်ပိုင်းအတွင်း သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၇ ဦးသေဆုံးခဲ့ရကြောင်း စုံစမ်းသိရှိရသည်။
စစ်တပ်က ဖမ်းဆီးပြီး ငွေ ၁၀ သိန်းဖြင့် လာမရွေး၍ သတ်ဖြတ်ခံလိုက်ရသော ကိုကိန်းပူ
===========================================
စစ်ကိုင်းတိုင်း၊ အိန္ဒိယမြန်မာနယ်စပ်၊ တမူးမြို့တွင် ချင်းတိုင်းရင်းသား ကိုကိန်းပူကို ဩဂုတ် ၁၃ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီးပြီး မိသားစုကို ငွေကျပ် ၁၀ သိန်းဖြင့် လာရွေးရန် ပြောဆိုကြောင်း၊ မိသားစု အချိန်မီ ငွေကြေးဖြင့် ရွေးရန် ခက်ခဲနေချိန်တွင် စစ်တပ်က ကိုကိန်းပူကို ညှဉ်းဆဲသတ်ဖြတ်လိုက်ကြောင်း၊ ယင်းနောက် ဆေးရုံတွင် အလောင်း လာယူခိုင်းသဖြင့် မိသားစုက ယူဆောင်ပြီး ဩဂုတ်လ ၁၄ ရက်နေ့တွင် သဂြိုလ်လိုက်ရကြောင်း ကိုကိန်းပူ၏ မိတ်ဆွေ ဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
“အသတ်ခံရတာက ကျနော့်မိတ်ဆွေ အသက်က ၃၃နှစ် ကိန်းပူပါ။ ဩဂုတ်လ ၁၃ရက်နေ့ စစ်တပ်က ဖမ်းတာ။ မိုးရေး ဘက်မှာ ပစ္စည်းသွားဝယ်ဖို့သွားရင်း စစ်တပ်က ဖမ်းတာ ခံရတာ။ စစ်တပ်က မိသားစုကို ငွေ ၁၀ သိန်းနဲ့ လာရွေးခိုင်းတယ်။ ငွေမရှိတော့ သူတို့ ပြောတဲ့အချိန် မရွေးနိုင်တော့ စစ်တပ်က သတ်ပစ်လိုက်တယ်။ ကိန်းပူမှာ သူ့အမေ သူ့အမျိုးသမီးနဲ့ သားတစ်ယောက်ကျန်ခဲ့တယ်။ ကိန်းပူက သာမန်စျေးရောင်းစျေးဝယ် စျေးသည်ပဲ။ အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမှာ ပျူစောထီးလူမိုက်တွေနဲ့ စစ်တပ်က အရမ်းသောင်းကျန်းနေကြတယ်။ ငွေရှိတဲ့အိမ်တွေကိုလက်နက်နဲ့ခြိမ်းခြောက် ပစ္စည်းတွေလုယူနေကြတာ” ဟု ကိုကိန်းပူ၏ မိတ်ဆွေဖြစ်သူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
အိန္ဒိယ-မြန်မာနယ်စပ်တွင် ပျူစောထီးများက ဆိုင်ကယ်လု ရိုက်နှက်မှုကြောင့် သေဆုံးသွားသော ကိုမင်းလွန်
===========================================
အိန္ဒိယ-မြန်မာ နယ်စပ် မိုးလေးနှင့်နန့်ဖာလုံကြား ၁၀ရက်နေ့တွင် ပျူစောထီးများက ကိုမင်းလွန်ထံ ဆိုင်ကယ်တောင်းယူနေစဉ် မပေးသည့်အတွက် ရိုက်နှက်ပြီး ဆိုင်ကယ် လုယူသွားကြောင်း သိရပြီး ရိုက်နှက်သော ဒဏ်ရာများပြင်းထန်သောကြောင့် သေဆုံးခဲ့ရကြောင်း Kuki Student’s Democratic Front မှ တာဝန်ရှိသူတစ်ဦးကပြောသည်။
“ကျွန်တော့်မိန်းမက ကလေးတွေကို ဒီဆိုင်ကယ်လေးနဲ့ပဲကျောင်းကြိုကျောင်းပို့လုပ်ပေးတာပါဆရာ မယူပေးပါနဲ့” ဟုဆိုကာတောင်းပန်ပြောဆိုနေပေမယ့်လည်း ပျူစောထီးများမှ အတင်းလုယူပြီး ကိုမင်းလွန်ကိုလည်း ထိုးကြိတ်ရိုက်နှက်ခဲ့ကြကြောင်း၊ ကိုမင်းလွန်သည် ဒဏ်ရာများဖြင့် အိမ်သို့ခြေလျင်လျှောက်လာပြီး နှစ်ရက်တိုင်တိုင်ဖျားနာပြီးနောက် ဩဂုတ် ၁၂ရက်နေ့ နေ့လည် ၁နာရီခန့်တွင်ဆုံးပါးသွားကြောင်း သိရှိရသည်။
ပျူစောထီးများ၏ ဆိုင်ကယ်လု ရိုက်နှက်မှုကြောင့်ဒဏ်ရာရရှိ သေဆုံးခဲ့သူ ကိုမင်းလွန်သည် ကျန်းမာရေးချို့တဲ့သူတစ်ဦးလည်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် ၃၈နှစ် ရှိနေပြီဖြစ်ကာ ဇနီး နှင့်သားသမီး ၃ယောက် ကျန်ရစ်ကြောင်း သိရှိရသည်။
စစ်တပ်ဝင်လာစဉ် မပြေးနိုင်၍ မီးရှို့ သတ်ဖြတ်ခံရသော ကိုဇော်မိုးထွန်း
========================================
ဩဂုတ်လ ၇ ရက်နေ့ စစ်ကိုင်တိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်လှုပ်ဆောင်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်များ ဝင်ရောက်စီးနင်းခဲ့ပြီး ထွက်မပြေးနိုင်သဖြင့် ကိုဇော်မိုးထွန်း ဖမ်းဆီးခံလိုက်ရပြီး စစ်တပ်က မီးရှို့သတ်ဖြတ်လိုက်ကြောင်း ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောသည်။
ကိုဇော်မိုးထွန်းကို စစ်တပ်က မီးရှို့သတ်ဖြတ်ထားခဲ့ပြီး လူမဆန်စွာ သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း၊ သေဆုံးသူ ကိုဇော်မိုးထွန်းသည် အသက် ၄၀ ဝန်းကျင်ဖြစ်ပြီး သားသမီး နှစ်ဦးရှိကြောင်း သိရှိရသည်။
ရွှေဘိုစိုက်ပျိုးရေး သိပ္ပံကျောင်းမှ စိုက်ပျိုးရေးသင်တန်းဆရာ ၂ ဦးကို စစ်တပ်က သတ်ဖြတ်
===========================================
ဩဂုတ်လ ၉ ရက်နေ့ ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကွေ့တွင် စစ်ကား မိုင်းဆွဲခံရသဖြင့် စစ်တပ်က အနီးပတ်ဝန်း ကျင်မှ ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ရာတွင် ရွှေဘိုစိုက်ပျိုးရေး သိပ္ပံကျောင်းမှ သင်တန်းဆရာ ၂ ဦး ပါဝင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။
ဩဂုတ်လ ၉ ရက်နေ့ ညပိုင်းအချိန် ရွှေဘိုမြို့ မှ မန္တလေးမြို့သို့ လာသော စစ်ယာဉ်တန်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ်၊ စိုင်နိုင်လေးကွေ့တွင် ရွှေဘို – စိုက်ပျိုးရေးသိပ္ပံကျောင်းဆင်း စိုက်ပျိုးရေး ပညာရှင် ကျောင်းဆရာ ၂ ကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းဖြစ်ကြောင်း ၊ ဩဂုတ်လ ၁၃ ရက်နေ့တွင်မှ အလောင်း ၂ လောင်း ပြန်လည်ရရှိကြောင်း သိရှိရသည်။
စစ်တပ်၏ လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးသွား သက်ကြီးရွယ်အို ၂ ဦး
===========================================
မကွေးတိုင်း၊ မြိုင်မြို့ကိုးဆောင်အနီးတွင် တပ်စွဲထားသော စစ်တပ်၏ လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဆားထုံးကြွယ်ရွာရှိ အသက် ၇၀ နှစ် အရွယ် ဦးတင်မြ နှင့် ဒေါ်တင်အေးတို့ လက်နက်ကြီးထိမှန် သေဆုံးသွားကြောင်း သိရှိရသည်။
သြဂုတ်လ ၁၄ ရက် မွန်းတည့် ၁၂ နာရီအချိန် တွင် ကိုးဆောင်ဘုန်းကြီး ကျောင်း တွင် တပ်စွဲထားသော စစ်တပ်က အကြောင်းမဲ့ ကျေးရွာများသို့ လက် နက်ကြီးများဖြင့် လိုက်လံ ပစ်ခတ်ရာမှ လက်နက်ကြီးကျည်သည် အိမ်ပေါ်သို့ ကျရောက်ပြီး ဦးတင်မြနှင့်ဒေါ်တင်အေးတို့ သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။