ရန်ကုန်၊ ဩဂုတ် ၁၅
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ ကော့ကရိတ် ရဲစခန်းကို ယနေ့ နံနက်ပိုင်းတွင် ဝင်ရောက်ပစ်ခတ်မှုဖြစ်ပွားပြီး အပြန်အလှန်ပစ်ခတ်မှုများဖြင့် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရှိရသည်။
ဩဂုတ်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန် ဝန်းကျင် ကော့ကရိတ်မြို့ပေါ် ရဲစခန်းကို ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ ပစ်ခတ်မှုသည် ၁၅ မိနစ်ဝန်းကျင် ကြာမြင့်ပြီး လတ်တလော ငြိမ်သက်နေကြောင်း၊ စစ်တပ်က ကော့ကရိတ်မြို့ပေါ် တောင်ပေါ်ကျောင်းနေရာအပါအဝင် နေရာအနှံ့အပြားတွင် လမ်းများပိတ်ဆို့၍ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများလုပ်ဆောင်နေကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။
“ရဲစခန်းကို ဝင်ပစ်ကြတာ။ ခုတော့ အသံတိတ်သွားပြီ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်သည် KNU ဩဇာ လွှမ်းမိုး ဒေသဖြစ်ပြီး မြို့ပေါ်မှ လွဲ၍ ကျန်နေရာများအားလုံးတွင် KNLA က ထိန်းချုပ်ထားသော ဒေသလည်းဖြစ်သည်။
ဓာတ်ပုံ- ကော့ကရိတ်မြို့မရဲစခန်းအဝင်အ၀။ (ပုံအဟောင်းဖြစ်သည်)
Photo- မွန်သတင်းအေဂျင်စီ။