35 C
Yangon

အာဏာသိမ်းပြီး ၁၈လအကြာတွင် မြန်မာ့ငြိမ်းချမ်းရေးအတွက် သေချာသော ပွဲသိမ်းအဖြေတစ်ခု လိုအပ်နေပြီဟု မလေးရှားနိုင်ငံခြားရေးဝန်ကြီး တိုက်တွန်း

Must read

By Maria Siow

မြန်မာစစ်ကောင်စီကို ဆန့်ကျင်နေသူများနှင့် အာဆီယံက တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ရန် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဆော်ဩလျက်ရှိသော်လည်း အဖွဲ့ဝင်နိုင်ငံအားလုံး၏ တစ်ပြေးညီ လိုလားမှုကား မတွေ့ရှိရသေးပေ။

ယမန်နှစ် စစ်တပ်က အာဏာသိမ်းပြီးကတည်းက မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အကြမ်းဖက်မှုများ အဆုံးသတ်စေရေး “တရုတ်၊ အိန္ဒိယ၊ ဂျပန်ကဲ့သို့ နိုင်ငံများထံမှ ပြင်ပ အကူအညီများ” ရယူရန်လည်း သူကအကြံပြုသည်။

တုံ့ဆိုင်းနှေးကွေးနေသော မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် သေချာသော ပွဲသိမ်းအဖြေ တစ်ခုရရှိရန် မလေးရှား နိုင်ငံခြားရေးဝန်ကြီး၏ ဆော်ဩမှုအား ဒေသဆိုင်ရာ စောင့်ကြည့်လေ့လာသူများက သတိကြီးစွာဖြင့် ကြိုဆိုခဲ့ကြသည်။

အဆိုပါစောင့်ကြည့်လေ့လာသူများသည် အချို့အာဆီယံအဖွဲ့ဝင်များအနေဖြင့် မြန်မာစစ်တပ်အား တင်းတင်းမာမာ ကိုင်တွယ်ရန်လိုအပ်သည်ကို သဘောပေါက်သင့်ကြောင်း ထောက်ပြထားကြသူများ ဖြစ်သည်။

ဆောင်ရွက်မည့်လုပ်ငန်းစဉ် တစ်ခုခုအတွက် အာဆီယံတစ်ဖွဲ့လုံး၏ သဘောတူညီမှုရရှိရန်မှာ ခက်ခဲနိုင်သည်ဟု လေ့လာဆန်းစစ်သူတစ်ဦးက ရှုမြင်သုံးသပ်သည်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ရှင်းလင်းပြတ်သားသော အဆုံးသတ် အဖြေတစ်ခုရရှိရန် မလေးရှားက လိုလားပြီး အာဆီယံအနေဖြင့် စစ်ကောင်စီ၏ အတိုက်အခံများနှင့် တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာက ဩဂုတ်လ ၁၀ရက် ကပြောဆိုခဲ့သည်။

ထို့အပြင် ပိုမိုထိရောက်မှုရှိစေရန် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်၏ သက်တမ်းကို တစ်နှစ်ထက် ပိုမိုတိုးမြှင့် သတ်မှတ်သင့်ကြောင်းနှင့် အခြားနိုင်ငံများကိုလည်း ဆွေးနွေးမှုစားပွဲဝိုင်းထဲသို့ ဖိတ်ခေါ်သင့်ကြောင်း ၎င်းကဆက်လက် အဆိုပြုသည်။

ဆယ်စုနှစ်တစ်ခုကြာ ဒီမိုကရေစီ စမ်းသပ်ကာလကို အဆုံးသတ်သွားစေခဲ့သော ယမန်နှစ်အာဏာသိမ်းမှု နောက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်လာသည့် ဆူပူဆန္ဒပြမှုများ၊ လက်နက်ကိုင်တော်လှန်မှုများ၊ စစ်ဗိုလ်ချုပ်ကြီးများ၏ အသေအပျောက်များသော အင်အားအသုံးပြုမှုများ နှင့်အတူ မြန်မာနိုင်ငံသည် အကြမ်းဖက်မှု သံသရာစက်ဝိုင်းအတွင်း ချောင်ပိတ်မိနေလျက်ရှိသည်။

စစ်အုပ်ချုပ်ရေးအား ဆန့်ကျင်သည့်နိုင်ငံရေးသမားများကို စစ်ကောင်စီက သေဒဏ်ပေးကွပ်မျက်ခဲ့အပြီး နေပြည်တော်အပေါ် တင်းမာသော ရပ်တည်ချက်ထားရှိကာ အမျိုးသားညီညွတ်ရေးအစိုးရ (အင်န်ယူဂျီ)နှင့် ပိုမိုချိတ်ဆက်ဆောင်ရွက်ရမည်ကို အာဆီယံက သဘောပေါက်လာပုံရသည်ဟု စင်္ကာပူ အမျိုးသားတက္ကသိုလ်၊ နိုင်ငံရေးသိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ ချောင်ဂျအီယန်က ဆိုသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ၂၀၂၁ခုနှစ်အာဏာသိမ်းမှုကြောင့် ပြုတ်ကျခဲ့သော ရွေးကောက်ခံ ဥပဒေပြုအမတ်များ၊ လွှတ်တော်အမတ်များဖြင့် အင်န်ယူဂျီ အစိုးရကို ဖွဲ့စည်းထားသည်။

“မြန်မာ့အရေးမှာ လတ်တလော ရှင်းလင်းပြတ်သားတဲ့ အဖြေ မရရှိနိုင်သေးတဲ့ အခုလိုအခြေအနေမျိုးမှာ [အင်န်ယူဂျီနဲ့ ချိတ်ဆက်ပူးပေါင်းဖို့] အထူးပင် အရေးကြီးပါတယ်” ဟု ချောင်ကပြောဆိုသည်။

သို့သော် ထိုသို့အင်န်ယူဂျီနှင့် ချိတ်ဆက်ခြင်းက ပြည်တွင်းရေးတွင် ဝင်ရောက်မစွက်ဖက်ရေးဟူသော အာဆီယံ၏ အစဉ်အလာကို ပြောင်းလဲရာရောက်နိုင်ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပင် ထောက်ပြပြောဆိုခဲ့ရာ အာဆီယံနိုင်ငံများအကြား လုပ်ငန်းစဉ်တစ်ရပ်ရပ်အပေါ် သဘောတူညီမှု ရရှိရန်မှာ စိန်ခေါ်မှု ပိုမိုကြီးမားနိုင်သည် ဟု ချောင်ကဆွေးနွေးတင်ပြသည်။

၁၉၆၇ခုနှစ် စတင်တည်ထောင်ဖွဲ့စည်းစဉ်ကတည်းက အာဆီယံဒေသဆိုင်ရာ အဖွဲ့ဝင်များသည် အဖွဲ့ဝင်နိုင်ငံတစ်ခု၏ ပြည်တွင်းရေးကို ပြင်ပကြားဝင် စွက်ဖက်မှုမပါရှိဘဲ ၎င်းတို့ကိုယ်တိုင် ဖြေရှင်းရမည်ဟု ဘုံသဘောတူညီချက်တစ်ခု ချမှတ်ထားခဲ့သည်။

သို့ရာတွင် အဖွဲ့ပေါင်းစုံပါဝင်သည့် ဆွေးနွေးမှုများပြုလုပ်ရန်၊ လူသားချင်း စာနာမှုအကူအညီများ ဝင်ရောက်ပေးအပ်နိုင်ရန်နှင့် ရန်လိုမှုများ အဆုံးသတ်ရန် စသည့်အချက်များ ပါဝင်သော အစီအစဉ်ကို မြန်မာစစ်ကောင်စီက လိုက်နာမှုမရှိခြင်းအပေါ် အချို့အာဆီယံနိုင်ငံများက သည်းခံနိုင်မှု လျော့နည်းလာကြသည် ဟုဆိုသည်။

အင်န်ယူဂျီနှင့် အလွတ်သဘော ဆက်သွယ်ရေးလမ်းကြောင်းများ တည်ထောင်ထားပြီးဖြစ်သော အချို့အဖွဲ့ဝင်များသည် လွန်ခဲ့သည့်အပတ်က ကျင်းပခဲ့သော အာဆီယံဝန်ကြီးများ အစည်းအဝေးအပြီးတွင် မြန်မာစစ်ကောင်စီ မဟုတ်သော အခြားအဖွဲ့အစည်းတစ်ခုခုနှင့် ချိတ်ဆက်ဆောင်ရွက်ရန် စဉ်းစားလာကြကြောင်း ယူဆွဖ်အီရှက်ခ်တက္ကသိုလ် အာဆီယံလေ့လာရေးဌာနမှ အကြီးတန်းအဖွဲ့ဝင်နှင့် ညှိနှိုင်းရေးမှူး ရှရွန်ဆီးယား ကပြောသည်။

“ကမ်ပူးချားအရေးအခင်း ကာလတုန်းက အိမ်နီးနားချင်းနိုင်ငံတွေဟာ ကမ္ဘောဒီးယားနိုင်ငံက အတိုက်အခံ အဖွဲ့အမျိုးမျိုးနဲ့ အလားတူ ချိတ်ဆက်ဆောင်ရွက်ဖူးတာကို အာဆီယံ မူလအဖွဲ့ဝင်နိုင်ငံများက ပြန်ပြောင်းအမှတ်ရနိုင်ပါတယ်” ဟု ဆီးယားက ပြောဆိုသည်။

ထိုသို့ချိတ်ဆက်ခဲ့သောအဖွဲ့များတွင် ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် အတိုက်အခံ Funcinpec တော်လှန်ရေးအဖွဲ့များလည်း အပါအဝင်ဖြစ်သည်ဟု ၎င်းကဆက်လက် ပြောကြားသည်။

(ဗီယက်နမ်ကထောက်ပံ့ခဲ့သည့်) ကမ်ပူးချား ပြည်သူ့သမ္မတနိုင်ငံအစိုးရသည် ၁၉၇၉ မှ ၁၉၈၉ ခုနှစ်အထိ တည်ရှိ ခဲ့သောအဖွဲ့ဖြစ်ကာ ကမ္ဘောဒီးယား၌ ခမာနီတို့၏ ဖိနှိပ်အုပ်ချုပ်မှုကို မကျေနပ်၍ ၎င်းတို့ထံမှ ထွက်ပြေးကူးပြောင်းလာသော ဆန့်ကျင်တော်လှန်သူများဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။ Funcinpec အဖွဲ့မှာမူ ၁၉၈၁ခုနှစ်တွင် သီဟာနုဘုရင်က တော်လှန်ရေးအဖွဲ့အဖြစ် ဖွဲ့စည်းခဲ့သော ဘုရင့်သစ္စာတော်ခံ နိုင်ငံရေးအုပ်စုဖြစ်ကာ ထိုအဖွဲ့သည် ကမ္ဘောဒီးယားနိုင်ငံရေးတွင် ယနေ့ထက်တိုင် ဆက်လက်လှုပ်ရှားနေဆဲ ဖြစ်သည်။

၁၉၇၈မှ ၁၉၉၁ခုနှစ်အထိ ကြာမြင့်ခဲ့သည့် ကမ်ပူးချားအရေးအခင်းအတွင်း ၁၉၇၈ခုနှစ်၊ ဒီဇင်ဘာလတွင် ခမာနီခေါင်းဆောင် ပိုပေါ့အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းသည့် ဗီယက်နမ်ကျူးကျော်စစ်ကို ကြုံတွေ့ခဲ့ရကာ ကမ္ဘာ့ကုလသမဂ္ဂက ဦးဆောင်ကျင်းပသည့် ၁၉၉၁ခုနှစ် ရွေးကောက်ပွဲများအပြီးတွင် ပဋိပက္ခများ အဆုံးသတ်သွားခဲ့သည်။

အဆိုပါရွေးကောက်ပွဲများမတိုင်မီ ၁၉၉၀ ပြည့်နှစ်တွင် ကမ်ပူးချားနိုင်ငံကို ကမ္ဘောဒီးယားနိုင်ငံအဖြစ် အမည်ပြောင်းလဲမှည့်ခေါ်ခဲ့သည်။

မလေးရှားအမျိုးသားတက္ကသိုလ်၊ မဟာဗျူဟာလေ့လာရေးနှင့် နိုင်ငံတကာ ဆက်ဆံရေးဌာနမှ အကြီးတန်းကထိက ဟူချီအာပင်ကမူ မည်သို့တုံ့ပြန်မည်ကို အာဆီယံတစ်နိုင်ငံချင်းစီက ဆုံးဖြတ်ရမည်ဖြစ်သလို မြန်မာနိုင်ငံအပေါ် ယခင်ကနားလည်ထားရှိမှု၊ မြန်မာစစ်တပ်နှင့် ဆက်ဆံရေး တည်ဆောက်ထားမှုတို့အပေါ် အခြေခံလျက် အင်န်ယူဂျီနှင့် ပူးပေါင်းခြင်း၏ အကျိုးနှင့်အပြစ်များကို တစ်နိုင်ငံချင်းအလိုက် စဉ်းစားနိုင်ကြောင်း ပြောဆိုသည်။

“အဓိက အကျိုးသက်ဆိုင်သူအားလုံး ပူးပေါင်းပါဝင်ဖို့ တွန်းအားပေးလိုတယ်ဆိုတာ မလေးရှားရဲ့ တောင်းဆိုမှုက ဖော်ပြနေတယ်။ဒါပေမဲ့ အာဆီယံတူညီဆန္ဒငါးချက်ကို [စစ်တပ်က] လိုက်နာခြင်း မရှိတဲ့အတွက် ဒါဟာအကျိုးရှိမယ်လို့တော့ တထစ်ချယူဆထားလို့ မရပါဘူး” ဟု ဟူကထောက်ပြသည်။

အကြမ်းဖက်မှုများ ချက်ခြင်းရပ်တန့်ရန်၊ အဖွဲ့အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်နှင့် လူသားချင်းစာနာမှု အကူအညီများ ပေးပို့နိုင်ရန် တို့အပါအဝင် တူညီဆန္ဒငါးရပ်ကို အာဆီယံက ရေးဆွဲခဲ့သော်လည်း ၎င်းအစီအစဉ်မှာ တိုးတက်မှုမရရှိခဲ့ပေ။

တရုတ်အပြင် ဆွေးနွေးပွဲအတွင်း ဖိတ်ခေါ်ရမည့် အခြားနိုင်ငံများ

ဆွေးနွေးပွဲအတွင်း အခြားနိုင်ငံများကို ဖိတ်ခေါ်ရန် ဝန်ကြီး ဆိုင်ဖူဒင် အဗ္ဗဒူလာ၏ အကြံပြုချက်နှင့် စပ်လျဉ်း၍ ၎င်းမှာစစ်ကောင်စီနှင့် ဆက်လက်ပူးပေါင်းနေသည့် တရုတ်နိုင်ငံသာမက ကမ္ဘာ့ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စု တို့ကိုပါ ဆိုလိုခြင်း ဖြစ်ဖွယ်ရှိသည်ဟု ချောင်က ပြောကြားသည်။

“အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေအထဲမှာ မြန်မာ့အရေး ဒီလိုရဲတင်းတဲ့ ရပ်တည်ချက်မျိုးကို ထုတ်ဖော် ပြောဆိုသူဟာ ဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာ တစ်ဦးတည်းရှိတဲ့အတွက် အာဆီယံနိုင်ငံများအကြား ဒီအဆိုအပေါ် ထောက်ခံမှုအပြည့်အဝ မရရှိသေးဘူးလို့ ယူဆနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

“မလေးရှားမှာ ရွေးကောက်ပွဲတွေရှိနေပြီး ညွန့်ပေါင်းအစိုးရဖွဲ့ဖို့လည်း ဦးတည်နေတဲ့အတွက် ဝန်ကြီး ဆိုင်ဖူဒင်အနေနဲ့ မလေးရှားပြည်တွင်းရေး အနေအထားကို ထည့်တွက်ပြောဆိုတာမျိုးလဲ ဖြစ်နိုင်ပါတယ်” ဟု နောက်နှစ် စက်တင်ဘာမတိုင်မီ ကျင်းပရမည်ဖြစ်သော်လည်း ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပရန် မျှော်လင့်ထားသည့် မလေးရှားရွေးကောက်ပွဲများကို ရည်ညွှန်းလျက် ချောင်ကဆက်လက် ပြောကြားသည်။

ဆီးယားကမူ ဝန်ကြီး ဆိုင်ဖူဒင်၏ ပြောဆိုမှုသည် တရုတ်၊ အီးယူနှင့် အမေရိကန်ပြည်ထောင်စု တို့အပြင် ဩစတြေလျ၊ ကနေဒါ၊ အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ တောင်ကိုရီးယား၊ ရုရှားနှင့် ယူနိုက်တက် ကင်းဒမ်းနိုင်ငံများ ပါဝင်သည့်အာဆီယံ ဆွေးနွေးဖက်နိုင်ငံများကို ဖိတ်ခေါ်သင့်သည် ဟုဆိုလိုခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

တရုတ်၊ အိန္ဒိယနှင့် ဂျပန်ကဲ့သို့နိုင်ငံများသည် မြန်မာ့အရေးတွင် အကျိုးစီးပွားများရှိနေနိုင်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ၎င်းတို့က ပါဝင်ကူညီလိုကြဖွယ် ရှိသည်ဟု ဆီးယားကဆိုသည်။

“ပွင့်ပွင့်လင်းလင်း အားပေးထောက်ခံတာမျိုးကိုတော့ နိုင်ငံတိုင်းက ဆောင်ရွက်လိုမှာ မဟုတ်ဘူး။ တချို့နိုင်ငံတွေက နောက်ကွယ်ကနေပဲ တိတ်တဆိတ် ပါဝင်လိုကြတယ်” ဟု ၎င်းက ပြောကြားသည်။ ဝန်ကြီး ဆိုင်ဖူဒင်မှာ တက်ကြွလှုပ်ရှားသူ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်ခဲ့ဖူးသဖြင့် ထိုရပ်တည် ပြောဆိုချက်မှာ ဝန်ကြီး၏ပင်ကိုသဘာဝ ဟုဆိုနိုင်ကြောင်းလည်း ၎င်းကထောက်ပြသည်။

“မြန်မာပြည်တွင်း၊ ပြည်ပက မတူကွဲပြားတဲ့ အကျိုးသက်ဆိုင်သူ အုပ်စုတွေအကြား နှစ်ဖက်လုံးနဲ့ သံတမန် ဆက်ဆံမှု အလိုက်အထိုက် ထားရှိခြင်းဟာ အာဆီယံအတွက် မကောင်းဘူးလို့တော့ ဆိုလို့မရပါဘူး”ဟု ဆီးယားက ဆိုသည်။

ဝန်ကြီးဆိုင်ဖူဒင် သုံးနှုန်းခဲ့သော “ပြင်ပအကူအညီ” ဆိုသည့်စကားလုံးမှာ နိုင်ငံခြားအစိုးရများကို မဆိုလိုဘဲ နှစ်ဖက်ရန်လိုသူများကို အောင်မြင်စွာ ပေါင်းစည်းပေးနိုင်သည့် မှတ်တမ်းများရှိသော အစိုးရမဟုတ်သည့် အဖွဲ့များကို ရည်ညွှန်းခြင်း ဖြစ်နိုင်ကြောင်း ဟူကသုံးသပ်သည်။

“ဆွေးနွေးပွဲတွေကို အထောက်အကူပြုဖို့ မတူကွဲပြားမှုနှင့် အတူယှဉ်တွဲနေထိုင်ရေး ချဉ်းကပ်မှုနဲ့ ဒီအန်ဂျီအိုတွေ၊ နိုင်ငံစုံအဖွဲ့တွေကို တတိယအဖွဲ့ စေ့စပ်ညှိနှိုင်းသူအဖြစ် သို့မဟုတ် စေ့စပ်ညှိနှိုင်းရေး စင်မြင့်အဖြစ် ကြိုဆိုနိုင်ပါတယ်” ဟုလည်း ဟူကမှတ်ချက်ပြုသည်။

အာဆီယံ တူညီဆန္ဒငါးရပ်မှာ မအောင်မြင်ကြောင်း အာဆီယံပြင်ပမှ အဓိက အကျိုးသက်ဆိုင်သူ အများအပြားက သိရှိနားလည်ပြီးဖြစ်သဖြင့် “ကြားဖြတ်အင်အားစုအသစ်” တစ်ရပ် အရေးပေါ် လိုအပ်နေပြီ ဖြစ်ကြောင်း ဟူကသုံးသပ်သည်။

“မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စတင်ဖို့ (ဒီအင်အားစုဟာ) အဖွဲ့အားလုံးကို အမှန်တကယ် ချိတ်ဆက် ပေးနိုင်လိမ့်မယ်။ အာဆီယံဒေသအတွင်း မြန်မာ့အရေးဟာ ကာလရှည် ပဋိပက္ခကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာမှာကို ဘယ်သူမှ မလိုလားပါဘူး” ဟု ဟူက ပြောဆိုသည်။

(South China Morning Post ပါ Maria Siow ၏ “18 months after coup, Myanmar needs a ‘clear endgame’ for peace, urges Malaysia’s Foreign Minister Saifuddin Abdullah” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်)

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article