30 C
Yangon

စက်သုံးဆီ စျေးနှုန်းများ ထပ်မံမြင့်တက်သွားပြီး မန္တလေး အပါအဝင် နယ်မြို့ကြီးများတွင် ဆီလိုသလောက်မရဘဲ ပြည်သူများ ကြိတ်ကြိတ်တိုး တန်းစီနေရ၊ တချို့ဆီဆိုင်များ လုံး၀ မဖွင့်တော့ဘဲ ပိတ်ထား

Must read

ရန်ကုန်၊ ဩဂုတ် ၁၆

စက်သုံးဆီစျေးနှုန်းများ ယနေ့ ဩဂုတ်လ ၁၆ ရက်နေ့တွင် ထပ်မံမြင့်တက်သွားပြီး မန္တလေး အပါအဝင် နယ်မြို့ကြီးများတွင် စက်သုံးဆီ လိုသလောက်မရဘဲ ပြည်သူများ တန်းစီနေရဆဲဖြစ်ကြောင်း၊ တချို့ဆီဆိုင်များ လုံး၀ ဖွင့်လှစ် ခြင်း မရှိတော့ဘဲ ပိတ်ထားကြောင်း ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

စက်သုံးဆီ စျေးနှုန်းများသည် ယမန်နေ့ ထက် ပို၍ မြင့်တက်သွားပြီး ဓာတ်ဆီ 92 တစ်လီတာလျှင် ၂၃၆၅ မှ ၂၉၇၅ ကျပ်အထိ နေရာဒေသကို လိုက်စျေးနှုန်းများ တိုးမြှင့်သွားခြင်းဖြစ်သည်။ ဓာတ်ဆီ 95 တစ်လီတာလျှင် ၂၄၄၅ မှ ၃၀၄၅ ကျပ်အထိ စျေးနှုန်းများ မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။

ယမန်နေ့ စက်သုံးဆီစျေးနှုန်းသည် ဓာတ်ဆီ 92 တစ်လီတာ ၂၃၂၀ မှ ၂၈၅၅ အထိလည်းကောင်း၊ ဓာတ်ဆီ 95 တစ်လီတာ ၂၃၉၀ မှ ၂၉၂၅ အထိလည်း ကောင်း စျေးနှုန်းသတ်မှတ်ခဲ့ပြီး ယနေ့တွင် ဓာတ်ဆီနှင့် ဒီဇယ် စက်သုံးဆီစျေးများကို ထပ်မံ မြင့်တက်သွားခြင်းဖြစ်သည်။

လက်ရှိ မန္တလေးတွင် BOC ဆီဆိုင်နှင့် 360 ဆီဆိုင်တို့တွင် စက်သုံးဆီရောင်းချခြင်းမရှိဘဲ ပိတ်ထားကြောင်း၊ အခြားသော DENKO ဆီဆိုင်တွင် ပြည်သူများ ကြိတ်ကြိတ်တိုး တန်းစီနေရကြောင်း၊ နယ်မြို့ကြီးအများစုတွင် ဆီလုံလောက်စွာ မရရှိဘဲ ကြိတ်ကြိတ်တိုးနေရဆဲဖြစ်ကြောင်း သိရှိရသည်။

မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးသူများအသင်းက စစ်ကောင်စီက ယခုရက်ပိုင်းအတွင် စက်သုံးဆီ တင်သွင်းရန် ဒေါ်လာ လိုသလောက်မရောင်း ဘဲ လုပ်ငန်းရှင်များ မိမိအစီအစဉ်ဖြင့် တင်သွင်းခိုင်းကြောင်း၊ ထို့ကြောင့် စက်သုံးဆီ တင်သွင်းသူ လုပ်ငန်းရှင်များက ဒေါ်လာ သန်း ၅၀ ပြင်ပစျေးကွက်မှ ဝယ်ယူ တင်သွင်းရကြောင်း၊ စစ်ကောင်စီတွင် ဒေါ်လာမရှိတော့၍ ပြည်သူများအားလုံး မကြာမီ စက်သုံးဆီ ပြတ်လပ်မှုကို အကြီးအကျယ် ကြုံတွေ့ရမည်ဖြစ်ကြောင်း သတိပေးပြောဆိုသည်။

ထို့ပြင် အကြမ်းဖက် ဇော်မင်းထွန်းက စက်သုံးဆီ တန်ချိန် ၁ သိန်း တင်သွင်းလာသည်ဟု ပြောဆိုခြင်းမှာလည်း ၁၀ ရက်ဝန်းကျင်ခန့်သာ သုံးနိုင်မည်ဖြစ်ပြီး ဆီများအတွက် ငွေအကျေပေးချေနိုင်ခြင်းမရှိကြောင်း၊ ပြည်သူများအားလုံး ကြိုတင်ပြင်ဆင်ကြရန် မြန်မာနိုင်ငံ စက်သုံးဆီ တင်သွင်း ရောင်းချ ဖြန့်ဖြူးသူများအသင်းက ဆိုသည်။

ဓာတ်ပုံ- ယမန်နေ့ ပြည်သူများ ကြိတ်ကြိတ်တိုး တန်းစီနေရပြီးယနေ့တွင်လည်း ဆက်လက် စက်သုံးဆီရရှိရေး ကြိတ်ကြိတ်တိုးနေရဆဲဖြစ်သည်။

Photo- Facebook

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article