ရန်ကုန်၊ ဩဂုတ် ၁၇
စစ်ကိုင်း-မန္တလေး ဆက်သွယ်ထားသည့် ဧရာ၀တီမြစ်ကူး ရတနာပုံတံတား စစ်ကိုင်းဘက်အခြမ်းတွင် ယနေ့ နံနက် ၈ နာရီခွဲအချိန် ပစ်ခတ်မှုဖြစ်ပြီး လူ ၁ ဦးသေဆုံးကြောင်း၊ ဒဏ်ရာရ စစ်သား ၂ ဦးကို စစ်ကားဖြင့် မန္တလေး ဘက်သို့ သယ်ဆောင်သွားကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
“စစ်ကိုင်း မန်းလေး တံတား စစ်ကိုင်းဘက်ခြမ်း ဒီနေ့မနက်၈ခွဲ လောက် Express ကားကြီး တစီးကို စစ်သားတွေ ဝိုင်း ပစ်တာ။ ကျနော်က တံတားဖြတ်နေရင်း တံတားပေါ်မှာ ပိတ်မိတယ်။ ကျနော့် ရှေ့တင် အနည်းဆုံး သေနတ်သံ ၁၅ချက်လောက်ရှိ ပစ်နေကြတာ။ တံတားပေါ်မှာ ပိတ်မိတာ အတော်ကြာတယ်။ တံတားဖြတ်ခွင့်ရလို့ဖြတ်တော့ လူ ၁ ယောက် သေဆုံးနေတာတွေ့တယ်။ ကားကြီးလည်း ကျည်ရာ ဗရပွပဲ။ သေနေတာက အရပ်ဝတ်နဲ့ လူ ၁ ဦးပဲ။
စစ်ကားပေါ် ဒဏ်ရာရ ၂ ယောက်တင်ပြီး မန္တလေးဘက်အခြမ်းမောင်းသွား တွေ့လိုက်ရတယ်။ ဒဏ်ရာရတာစစ်သား ပါ” ဟု ဖြစ်စဉ်ကို မျက်မြင်တွေ့ကြုံရသူတစ်ဦးက ပြောသည်။
စစ်ကိုင်းဒေသ သတင်းရင်းမြစ်များကမူ စစ်ကိုင်းတံတားပေါ်တွင် Express ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ ပစ်ခတ်မှုဖြစ်ပြီး Express ကားပေါ်ပါ လူငယ် ၃ ဦးနှင့် ပြည်သူ ၁ ဦး ကျည်ထိမှန်ကြောင်း၊ စစ်သား ၂ ဦးလည်း ကျည်ထိမှန်ပြီး ကားဖြင့် သယ်ဆောင်သွားသည်ဟုဆိုကြသည်။