29 C
Yangon

မြန်မာစစ်တပ်သို့ စနက်တံဖျု့စ်များ တင်သွင်းရောင်းချမှုတွင် ဆွီဒင်ကုမ္ပဏီနှင့်အိန္ဒိယကုမ္ပဏီများ တာဝန်ရှိ၊ ဆွီဒင်အစိုးရအနေနှင့် စုံစမ်းစစ်ဆေးရန်လို။

Must read

ရန်ကုန်၊ ဩဂုတ် ၁၇

အိန္ဒိယကုမ္ပဏီ Sandeep Metalcraft က မြန်မာစစ်လက်နက်ပွဲစားကုမ္ပဏီ Creative Exploration Ltd (ယခင်နာမည် My Space International Company Limited) ကတဆင့် မြန်မာစစ်တပ်ဆီ စနက်တံဖျု့စ်တွေ တင်သွင်းထောက်ပံ့ပေးနေတယ်လို့ Justice for Myanmar အဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

စနက်တံဖျု့စ်တွေက ဗုံးနဲ့ အမြှောက်တို့မှာ ပေါက်ကွဲမှုကို ဖြစ်စေတဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ Sandeep Metalcraft ရဲ့ ဝဘ်ဆိုဒ်မှာ ဗုံးတွေနဲ့ အမြှောက်တွေမှာ အသုံးပြုဖို့အတွက် ဒီဇိုင်းထုတ်လုပ်ထားတဲ့ စနက်တံဖျု့စ်တွေကို ကြော်ငြာထားပြီး၊ အိန္ဒိယနဲ့ ကမ္ဘာတဝန်းရှိ ကာကွယ်ရေးပစ္စည်း ဈေးကွက်တွေဆီ တင်သွင်းတဲ့ “မူရင်းတင်သွင်းသူ” တစ်ဦးဖြစ်ကြောင်း ဆိုထားပါတယ်။

၂၀၂၂ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှာ Sandeep Metalcraft က Creative Exploration ကုမ္ပဏီဆီကို အမေရိကန်ဒေါ်လာ ၂၇၆,၄၉၁ ဒေါ်လာ တန်ဖိုးရှိ စနက်တံဖျု့စ် ၃,၀၀၀ တင်ပို့ခဲ့ပါတယ်။ Sandeep Metalcraft ဟာ အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနကို စနက်တံဖျု့စ် ထုတ်လုပ်ရေးအတွက် မှတ်ပုံတင်ထားတဲ့ စစ်လက်နက်ရောင်းချတဲ့ ကုမ္ပဏီတစ်ခုပဲ ဖြစ်ပါတယ်။

ကုန်သွယ်ရေးဒေတာဗေ့စ် Panjiva က မှတ်တမ်းတွေအရ ၂၀၂၂ ခုနှစ်၊ မတ်လ ပစ္စည်းတင်ပို့မှုဟာ Sandeep Metalcraft ရဲ့ တတိယအကြိမ်မြောက်တင်ပို့မှု ဖြစ်ပြီး၊ ၂၀၂၀ ခုနှစ်၊ ဇွန်လကလည်း Creative Exploration (အရင်အမည် mySpace) ဆီ စနက်တံဖျူးစ် ၁,၀၀၀ တင်ပို့ရောင်းချခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ဖျု့စ်စနက်တံ ၅ ခု ကိုတင်ပို့ခဲ့ပြီး၊ အဲ့ဒီဖျု့စ်စနက်တံတွေက နမူနာစနက်တံတွေ ဖြစ်နိုင်ဖွယ် ရှိပါတယ်။

၂၀၂၀ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တို့မှာ တင်ပို့တဲ့ စနက်တံဖျု့စ်တွေရဲ့ အမျိုးအစားတွေကို မဖော်ပြထားပေမယ့်၊ ၂၀၁၉ ခုနှစ်က တင်ပို့ခဲ့တဲ့ စနက်တံဖျု့စ်တွေဟာ Saab Group က ထုတ်လုပ်တဲ့ Carl Gustaf ရိုင်ဖယ်တွေလို ၈၄ မီလီမောင်းပြန်ရိုင်ဖယ်တွေမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်လုပ်ထားတဲ့ စက်သုံးချိန်မှတ် ပါတဲ့စနက်တံတွေ (time mechanical fuze 447) ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

fuze 447 စနက်တံတွေဟာ အစိတ်အပိုင်း ၁၂၇ ခုနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ “ဆန်းပြားရှုပ်ထွေး အဆင်မြင့်” တဲ့ စနက်တံတွေဖြစ်ကြောင်း Sandeep Metalcraft က ဖော်ပြ ထားပါတယ်။ ထုတ်ကုန်ပစ္စည်းအကြောင်း ရေးသားဖော်ပြထားချက်အရ “အသုံးပြုတဲ့စစ်သားက လေထဲမှာ ပေါက်ကွဲစေတဲ့နည်းလမ်းနဲ့ ဖောက်ခွဲဖို့ ချိန်ကိုက်တစ်ခုထားပြီး စနက်တံဖျု့စ် အလုပ်လုပ်မယ့်အချိန်ကို အလွယ်တကူ ချိန်ညှို့နိုင်တယ်” လို့ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ်က လူမျိုးစုတိုင်းရင်းသားဒေသတွေမှာ ၈၄ မီလီ အမြှောက်ကြီးတွေကို အသုံးပြုခဲ့ပါတယ်။ လေးကေ့ကော်ဒေသ တိုက်ပွဲတွေမှာ ၈၄ မီလီ Carl Gustaf ယမ်းတောင့်တွေကို အသုံးပြုခဲ့ကြောင်း ပြီးခဲ့တဲ့ဧပြီလက Karen News မှာ သတင်းရေးသား ဖော်ပြခဲ့ပါတယ်။

ဆွီဒင်ကော်ပိုရေးရှင်တစ်ခုဖြစ်တဲ့ Saab Group က အိန္ဒိယစစ်လက်နက်စက်ရုံဘုတ်အဖွဲ့နဲ့ Carl Gustaf စနစ်အတွက် နှစ်ပေါင်း ၄၀ ကျော်ကြာ နည်းပညာဆိုင်ရာ မိတ်ဖက်ဆောင်ရွက်မှု ရှိထားပြီးဖြစ်ပါတယ်။
Justice For Myanmar ရဲ့ မေးမြန်းမှုကို Saab က ပြန်ဖြေရာမှာ “ကျွန်ုပ်တို့အနေနဲ့ ကျွန်ုပ်တို့ရဲ့ ထောက်ပံ့ ပို့ဆောင်ရေးကွင်းဆက်တစ်ခုလုံးနဲ့ လုပ်ငန်းလိုင်စင်ရရှိသူတွေကို ကာကွယ်ရေးဆိုင်ရာ ပစ္စည်းတွေ ထုတ်လုပ်ခြင်းနဲ့ တင်ပို့ခြင်းဆိုင်ရာ နိုင်ငံတကာပြဌာန်းချက်တွေနဲ့ နိုင်ငံတွင်းထိန်းချုပ်မှုတွေကို လိုက်နာစေဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုချက်တွေကို အလေးအနက်ထား ဆောင်ရွက်ပါတယ်။

“ကျွန်ုပ်တို့ဟာ အဲဒီကုမ္ပဏီနဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ဆက်ဆံရေး မရှိပါဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်ုပ်တို့ ရဲ့ မိတ်ဖက်အိန္ဒိယကုမ္ပဏီကို ရှင်းလင်းချက်ပေးဖို့ ဆက်သွယ်ဆောင်ရွက်မှာဖြစ်ပြီး၊ အရေးယူ ဆောင်ရွက်မှု တစုံတရာ လုပ်ဆောင်ဖို့ လို မလို ကို ဆုံးဖြတ်သွားပါမယ်။ ဆွီဒင်ပို့ကုန်ထိန်းချုပ်ရေး အာဏာပိုင်အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ လိုအပ်လာပါက ပံ့ပိုးကူညီဖို့လည်း ကျွန်ုပ်တို့ အဆင်သင့်ရှိပါတယ်”လို့ ဖော်ပြခဲ့ပါတယ်။

သို့ပေမယ့်လည်း FFV 447 fuzes ဖျု့စ်စနက်တံတွေကို Saab ကုမ္ပဏီဆီက လိုင်စင်မရှိဘဲ ထုတ်လုပ်နိုင်ခြင်း ရှိမရှိ၊ သူတို့ရဲ့ ထုတ်လုပ်ရေး သဘောတူစာချုပ်က ထုတ်ကုန်တင်ပို့မှုကို တားမြစ်နိုင်ခြင်း ရှိမရှိနဲ့ မြန်မာနိုင်ငံကို တင်ပို့မှုတွေကို တားဆီးဖို့ သူတို့အနေနဲ့ ဘယ်လိုလုပ်ဆောင်ချက်တွေ လုပ်ဆောင်ထားကြောင်း စတဲ့ နောက်ဆက်တွဲ မေးခွန်းတွေ ကိုတော့ Saab ကုမ္ပဏီက ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။

ဆွီဒင်နိုင်ငံဟာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံကို Carl Gustaf ရိုင်ဖယ် အရင်တင်ပို့ရောင်းချမှုတွေ၊ ဥရောပသမဂ္ဂ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဌာန်းချက်တွေကို ရှောင်တိမ်းမှုတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး၊ ၂၀၁၂ ခုနှစ်မှာ ဆွီဒင်လက်နက်တွေ မြန်မာနိုင်ငံဆီ ရောက်ရှိမှုအပေါ် အိန္ဒိယနိုင်ငံကို ဖြေရှင်းဖို့ တောင်းဆိုခဲ့ ပါတယ်။

သူတို့အနေနဲ့ ယခုအချိန်မှာ အိန္ဒိယနိုင်ငံကနေ မြန်မာနိုင်ငံဆီ စနက်တံဖျု့စ်တွေနဲ့ အခြားစစ်လက်နက်တွေ တင်သွင်းရောင်းချမှုကို မဖြစ်မနေ စုံစမ်းစစ်ဆေးရမှာ ဖြစ်ပြီး၊ အကြမ်းဖက်မြန်မာစစ်ကောင်စီထံ ဆွီဒင်နည်းပညာတွေ လွှဲပြောင်းရောင်းချမှုကို ရပ်တန့်နိုင်ဖို့ ခိုင်မာအားကောင်းတဲ့ အရေးယူဆောင်ရွက်မှုတွေကို ချက်ချင်းလက်ငင်းလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ Justice for Myanmar (JFM) ကထုတ်ပြန်ပြောဆိုခဲ့ပါတယ်။

အိန္ဒိယဟာ စစ်လက်နက်ကုန်သွယ်ရေးသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးတဲ့ အဖွဲ့ဝင်နိုင်ငံမဟုတ်ပေမဲ့၊ စစ်လက်နက်ပစ္စည်းတွေ လွှဲပြောင်းမှုကို ထိန်းချုပ်ထားတဲ့ Wassenaar Arrangement အဖွဲ့ဝင် နိုင်ငံဖြစ်တာကြောင့် စနက်တံတွေ၊ အာရုံခံပစ္စည်းတွေနဲ့ initiation devices အပါအဝင် ခဲယမ်းမီးကျောက်တွေ တင်ပို့မှုထိန်းချုပ်ရေး စည်းမျည်းတွေကို လိုက်နာဆောင်ရွက်ဖို့ လိုတယ်လို့ JFM ကဆိုပါတယ်။

ရောင်းချလိုက်တဲ့ လက်နက်ခဲယမ်းတွေက ဂျီနီဗာသဘောတူညီချက်ကို ချိုးဖောက်ရာမှာ အသုံးပြုနိုင်တယ်လို့ သို့မဟုတ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို အားပေးကူညီတယ်လို့ မှန်းဆရတဲ့အခါမျိုးမှာ စစ်လက်နက် ပစ္စည်းတွေကို လွှဲပြောင်းရောင်းချခြင်းမပြုဖို့ နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုနဲ့ လူ့အခွင့်အရေးဥပဒေတွေအရ အိန္ဒိယနိုင်ငံအနေနဲ့ လိုက်နာဖို့ တာဝန်ရှိတယ်လို့လည်း ဆက်ပြောပါတယ်။

နောက်ဆုံးအခေါက် စနက်တံဖျု့စ် တင်ပို့မှုဟာ မြန်မာစစ်တပ်က တရားမဲ့လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကျဲမှုတွေအပါအဝင် စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေချိန်မှာ တင်ပို့ခဲ့တာဖြစ်ပါတယ်။ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းကြိုးပမ်းမှုမတိုင်မီ Sandeep Metalcraft ရဲ့ ၂၀၁၉ နဲ့ ၂၀၂၀ တင်ပို့မှုတွေဟာ စစ်တပ်က အာရကန်နဲ့ ချင်းပြည်နယ်တို့မှာ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေ ကို ကျူးလွန်နေချိန် တင်ပို့ခဲ့တာဖြစ်တယ်။

မြန်မာနိုင်ငံဆီ စနက်တံဖျု့စ် တင်ပို့မှုဟာ မြန်မာစစ်တပ်ရဲ့ တရားမဲ့တိုက်ခိုက်မှုတွေကို တိုက်ရိုက် အားပေးကူညီနေတာဖြစ်ပြီး၊ မြန်မာစစ်တပ်ဆီ စနက်တံဖျု့စ်တွေနဲ့ အခြားစစ်လက်နက်တွေ တင်ပို့ရောင်းချမှုကို ခွင့်ပြုပေးနေတဲ့ အိန္ဒိယအစိုးရဟာ မြန်မာစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေမှာ နက်နက်ရှိုင်းရှိုင်း ကြံရာပါ ပတ်သက်နေတာပဲဖြစ်တယ် လို့လည်း JFM ကဝေဖန်ထောက်ပြထားပါတယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article