26 C
Yangon

ရုရှားက အိန္ဒိယသမုဒ္ဒရာကို ထိန်းချုပ် လှုပ်ရှားနိုင်ရန် မြန်မာတွင် ရေတပ်အခြေစိုက် စခန်း ရရှိရေး ကြိုးပမ်း

Must read

By စတီဖန် ဘလန့်က် (နယူးလိုင်းစ် အင်စတီကျု)

ရုရှားနိုင်ငံသည် အိန္ဒိယသမုဒ္ဒရာအတွင်း တက်ကြွစွာ လှုပ်ရှားကစားနေသူ တစ်ဦးအဖြစ် စောင့်ကြည့်လေ့လာသူ အချို့က ယူဆကြသော်လည်း၊ ရုရှားအနေဖြင့် ထိုဒေသအတွင်း အမြဲတမ်းအခြေစိုက်စခန်းများ ထူထောင်နိုင်ရန် ကာလရှည်ကြာ ကြိုးပမ်းရှာဖွေလျက် ရှိနေခဲ့သည်။

ဆိုဗီယက်ခေတ်က စတင်ခဲ့သည့် အာဖရိကဦးချိုဒေသနှင့် ပင်လယ်နီဒေသ အခြေစိုက်စခန်းများနှင့်အတူ ကြိုးပမ်းရှာဖွေမှုများက၊ မကြာသေးမီက ဆူဒန်နှင့် မြန်မာနိုင်ငံတို့သို့ တိုးဝင်မှုများနှင့်အတူ အထွဋ်အထိပ်သို့ ရောက်ရှိလာခဲ့သည်။ ဆူဒန်နိုင်ငံတွင် ရေတပ်အခြေစိုက်စခန်းတစ်ခုနှင့် – အခြားလွှမ်းမိုးသည့် ပုံစံများကို – ထူထောင်ရန် ရုရှား၏ လုပ်ဆောင်လာမှုများက၊ ကမ္ဘာတစ်ဝှမ်းတွင် ၎င်း၏ အခွင့်အာဏာနှင့် ဂုဏ်သိက္ခာတို့ကို ပြန်လည်ရယူလိုသည့် မော်စကို၏ ဆန္ဒရှိမှုကို ခင်းကျင်းပြသလျက် ရှိနေသည်။

မကြာသေးမီက မြန်မာနိုင်ငံသို့ ရုရှား၏ လက်ဆန့်တန်း ချဥ်းကပ်လာမှုက၊ မော်စကိုအနေဖြင့် မြန်မာနိုင်ငံတွင် ရေတပ်အခြေစိုက်စခန်းတစ်ခု ရရှိရန်နှင့် ထိုဒေသရှိ နိုင်ငံတကာပြိုင်ဆိုင်မှု အတွင်းသို့ ပါဝင်လာရန် ရည်မှန်းထားကြောင်း ညွှန်ပြနေနိုင်သည်။

အိန္ဒိယသမုဒ္ဒရာ၊ အာဖရိကဦးချိုဒေသနှင့် အထူးသဖြင့် ပင်လယ်နီရှိ ဆူးအက်တူးမြောင်းသို့ ဝင်ထွက်ရာ ဘက်ဘဲလ်မန်းဒက်ဘ် ရေလက်ကြား တစ်ဝိုက်တွင် အခြေစိုက်စခန်းများ ထားရှိရန် ရုရှား၏ရည်မှန်းချက်က၊ အပြည်ပြည်ဆိုင်ရာ ရေကြောင်းကုန်သွယ်မှု၏ နောက်ဆုံးအခြေအနေကို၊ အထူးသဖြင့် ထိုဗျူဟာကျသည့် ပင်လယ်ရေပြင်များကို ဖြတ်သန်းလျက်ရှိနေသည့် စွမ်းအင်သယ်ပို့မှုများကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန် ကြိုးပမ်းအားထုတ်မှုများအဖြစ် အထင်အရှား ဖော်ပြလျက် ရှိနေသည်။

အကယ်၍သာ ထိုဒေသများတွင် တာဝေးသို့ တိကျစွာ ပစ်ခတ်နိုင်စွမ်းရှိသည့် စစ်ရေယာဉ်များ ဆိုက်ကပ်နိုင်သည့် အခြေစိုက်စခန်းများ ရှိခဲ့ပါက၊ အထူးသဖြင့် အီရန်နှင့် ဖြစ်နေသည့် ပဋိပက္ခတစ်ခုအတွင်း၊ မြေထဲပင်လယ်ရှိ နေတိုးနှင့် အိန္ဒိယသမုဒ္ဒရာရှိ အမေရိကန် ရေတပ်သင်္ဘောများအား ခြိမ်းခြောက်နိုင်လိမ့်မည် ဖြစ်သည်။

ထို့အပြင်၊ အားဇော့ဗ်ပင်လယ်၊ ကာ့ချ်ရေလက်ကြား နှင့် ပင်လယ်နက်တို့အတွင်း ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာ ကော်မရှင်စာချုပ်ကို ရုရှားက အကြိမ်ကြိမ် ချိုးဖောက်နေမှုများနှင့် အခြားနေရာများတွင်လည်း ၎င်း၏အလားတူ လုပ်ဆောင်လိုမှုများကြောင့်၊ အခြေစိုက်စခန်းသစ်များ ထူထောင်ရန် ရုရှား၏ တွန်းအားပေး လုပ်ဆောင်နေခြင်းများက ကမ္ဘာ့ပင်လယ်ပြင်ဥပဒေ၏ အခြေခံမူကို ခြိမ်းခြောက်ရာ ရောက်နေသည်။

အာဖရိကတိုက် တစ်ခုလုံးတွင် ၎င်း၏ ဘက်ပေါင်းစုံမှ ရှိနေမှုကို မြှင့်တင်ပေးနိုင်ရန်၊ အဓိကကျသည့် အာဖရိကသို့ ရုရှားသြဇာအာဏာ ဖြန့်ကျက်ရေး မျှော်မှန်းချက်အတွက် အလားအလာ တစ်ခုလည်း ဖြစ်နိုင်ပါလိမ့်မည်။

ရုရှားလေ့လာဆန်းစစ်သူများနှင့် တာဝန်ရှိသူများက၊ အိန္ဒိယသမုဒ္ဒရာအတွင်း ရုရှား၏ စိတ်ဝင်စားမှု ရှိနေခြင်းကို အချက်ပြမှု အဖြစ် – ၂၀၁၅ ခုနှစ် ပင်လယ်ရေကြောင်းဆိုင်ရာ မူဝါဒသဘောထားအတွင်း ယင်းဒေသအား ဦးစားပေးနယ်မြေအဖြစ် သတ်မှတ်ရန် – တောင်းဆိုထားသော်လည်း၊ ထိုဒေသအတွင်း ကြီးမားသည့် သြဇာအာဏာ ရှိနေသည်ကို အသိအမှတ် ပြုသည်ထက် ကျော်လွန်၍ မိမိတို့၏ ရည်မှန်းချက်များကို မော်စကိုက ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုထားခြင်း မရှိသေးပေ။

၂၀၁၇ ခုနှစ် ရေတပ်၏ မူဝါဒအမြင် သဘောထားအတွင်း၊ ရုရှားအတွက် ပင်လယ်ရေကြောင်းမှ ခြိမ်းခြောက်မှု ရှိနေခြင်းများနှင့် ရုရှားအနေဖြင့် “ကမ္ဘာ့သမုဒ္ဒရာရေပြင်” တွင် နေရာတိုင်း၌ ရှိနေရန် လိုအပ်ကြောင်း အခိုင်အမာ ပြောဆိုမှုများဖြင့် ပြည့်နှက်နေသော်လည်း၊ အိန္ဒိယသမုဒ္ဒရာကိုမူ ဂျီဘူတီနိုင်ငံ၏ ပင်လယ်ဓားပြမှုများနှင့် ဆက်စပ်၍ ဖော်ပြရုံမျှသာ ပါရှိခဲ့သည်။ သို့ရာတွင် အဆိုပါ မူဝါဒသဘောထားတွင် ဖော်ပြထားသည်မှာ၊

“၂၁ ရာစုတွင်၊ သမုဒ္ဒရာများနှင့် ပင်လယ်ပြင်တွင် ခေါင်းဆောင်မှုနေရာ ရရှိရေးအတွက် နိုင်ငံအများ၏ ယှဉ်ပြိုင်မှုအတွင်း၊ လက်နက်ကိုင် တပ်ဖွဲ့များ၏ အခန်းကဏ္ဍက သိသိသာသာ တိုးမြင့်လာခဲ့သည်။ ပင်လယ်ပြင် စစ်ဆင်ရေးများဖြင့် ကမ္ဘာ့အင်အားကြီး ရေတပ်များက လက်နက်ကိုင်ပဋိပက္ခ၏ လမ်းကြောင်းကို လွှဲပြောင်းပစ်နိုင်ပြီး၊ စစ်ပွဲ၏ ရလဒ်တစ်ခုလုံးကို ပြောင်းလဲပစ်နိုင်သည်။ ဤအချက်ကို၊ နိုင်ငံတကာလုံခြုံရေးအတွက် စိန်ခေါ်မှုအသစ်နှင့် ရုရှားဖက်ဒရေးရှင်း၏ စစ်ရေးအရ လုံခြုံမှုကို တိုက်ရိုက်ခြိမ်းခြောက်နေသည့် အမေရိကန်တို့၏ ‘ကမ္ဘာအနှံ့ တိုက်ခိုက်နိုင်စွမ်းရှိမှု’ သဘောတရားက အတည်ပြုထားပြီး ဖြစ်သည်။ ရေတပ်တပ်ဖွဲ့များသည် ဤသဘောတရားကို အကောင်အထည် ဖော်ရာတွင် အရေးကြီးသည့် အဓိကအစိတ်အပိုင်း ဖြစ်သည်။”

ထို့ကြောင့် မော်စကို၏ ရည်မှန်းချက်များက၊ ထိုပင်လယ်ရေပြင်များ အတွင်းရှိ အနောက်နိုင်ငံများ၏ အထူးသဖြင့် အမေရိကန်တို့၏ ရေတပ်သင်္ဘောများကို ဟန့်တားရန်နှင့် ထို့ထက်ပို၍ ခြိမ်းခြောက်ရန်ပင် ဖြစ်သည်ဟု ကောက်ချက်ချ နိုင်သည်။ ကမ္ဘာ့ဒုတိယ အင်အားအကြီးဆုံး ရေတပ်အဖြစ် – ယင်းရည်မှန်းချက်ကို မရရှိနိုင်သည့်တိုင် – ကမ္ဘာလုံးဆိုင်ရာ ရေတပ်အင်အား တည်ရှိမှုကို၊ ရုရှားက လိုလားနေသည်။

ထို့ကြောင့်၊ ရုရှားအနေဖြင့် ၎င်း၏ ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးမားသူဖြစ်ရေး ရည်မှန်းချက်များကို ဖြည့်ဆည်းနိုင်ရန်အတွက်၊ အိန္ဒိယသမုဒ္ဒရာ၊ ပါရှားပင်လယ်ကွေ့၊ ပင်လယ်နီနှင့် အခြားနေရာဒေသများကဲ့သို့ အဓိကကျသည့် ပင်လယ်ရေပြင်များတွင် မဖြစ်မနေ ရှိနေစေရမည် ဖြစ်သည်။ ကမ္ဘာ့နိုင်ငံရေး၏ “ဥက္ကဌစားပွဲ” တိုင်းတွင် ဝင်၍ ထိုင်လိုသည့် ဆန္ဒက၊ ရုရှားနိုင်ငံခြားရေးနှင့် ကာကွယ်ရေးမူဝါဒ၏ အဓိကမောင်းနှင်အားအဖြစ် ဆက်ရှိနေသည်။

ရုရှား၏ ရည်ရွယ်ချက်မှာ ၁၉၇၁ ခုနှစ်တွင် ကျင်းပခဲ့သည့် ၂၄ ကြိမ်မြောက် ပါတီညီလာခံတွင် ဆိုဗီယက် နိုင်ငံ ခြားရေး ဝန်ကြီး အန်ဒရေဂရိုမီကို တောင်းဆိုထားသည့် အဆင့်နေရာကို ပြန်လည်ရယူရန်ဖြစ်ပြီး၊ ထိုအစည်းအဝေးအတွင်း ဂရိုမီကိုက ဆိုဗီယက်ယူနီယံ မပါဝင်ဘဲ ကမ္ဘာ့နိုင်ငံရေးတွင် မည်သည့်မေးခွန်းအတွက်မျှ အဖြေမရှိစေရ (သို့မဟုတ်၊ မကြာသေးမီကပင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆေဂေးလဗ်‌ရော့ဗ်က “ကျွန်တော်တို့ သဘောဆန္ဒမပါဘဲ ဥရောပမှာ ဘယ်အမြောက်မှ ပစ်ခတ်လို့ မရစေရ”) ဟု ပြောကြားခဲ့သည်။

မကြာသေးမီက အိန္ဒိယသမုဒ္ဒရာအတွင်း ရေကြောင်းကုန်သွယ်မှုကို အထောက်အပံ့ ဖြစ်စေရန် အထင်အရှားလုပ်ဆောင်မှုအဖြစ် ပြုလုပ်ခဲ့သည့် ရုရှား-အီရန် ရေတပ်စစ်ရေးလေ့ကျင့်မှု ကဲ့သို့သော လက်ရှိဖြစ်ပေါ်နေသည့် လမ်းကြောင်းများက၊ မော်စကိုအနေဖြင့် ရှိနေသည့် နိုင်ငံတကာ ထုံးတမ်းစဥ်လာကို ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာ
ဖြင့် ပြန်လည်ပြင်ဆင်ရန် ရည်ရွယ်ထားကြောင်း အတည်ပြုလျက် ရှိနေကြသည်။

မြန်မာနိုင်ငံအပေါ် အထူးသဖြင့် မြန်မာစစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းတွင် ထားရှိသည့် ရုရှား၏ လက်ရှိ မူဝါဒများက၊ ဆူဒန်တွင် အသုံးပြုခဲ့သည့် ၎င်း၏ ယခင်နည်းဗျူဟာများနှင့် ဆင်ဆင်တူနေသည်။ ဖြစ်ရပ်နှစ်ခုစလုံးတွင် ရုရှားက လက်နက်ရောင်းချမှုနှင့်၊ ကုလသမဂ္ဂတွင် ယင်းစစ်အုပ်စုများအပေါ် ရန်လိုသည့် လုပ်ရပ်များကို ပိတ်ဆို့တားဆီး ပေးရန် သို့မဟုတ် ၎င်းတို့၏ကိုယ်စား အပြုသဘောဆောင်သည့် ကုလသမဂ္ဂမူဝါဒများ ထုတ်ပြန်နိုင်ရေးအပေါ် သြဇာလွှမ်းမိုးမှု ပေးရန်၊ အားကောင်းသည့် သံတမန်ရေး ပံ့ပိုးကူညီမှုတို့ကို အသုံးချခဲ့သည်။ ခုခံဆန့်ကျင်သူများကို တိုက်ခိုက်ရာတွင်၊ မည်သည့်အကြောင်းကြောင့် မတည်ငြိမ်မှု ဖြစ်လာစေကာမူ၊ ထိုအာဏာရှင်အုပ်စုများဘက်မှ ရုရှားက အင်တိုက်အားတိုက် ထောက်ခံပေးခဲ့ပြီး သတင်းအချက်အလက် စစ်ဆင်မှုများဖြင့် ပံ့ပိုးပေးခဲ့သည်။

ဆူဒန်တွင် ရုရှားက စီးပွားရေးအရ ထိုးဖောက်ဝင်ရောက်မှုကို တိုးမြှင့်ရန် ရည်မှန်းထားသည်။ မြန်မာနိုင်ငံတွင် လှုပ်ရှားလုပ်ဆောင်မှုများက၊ လက်နက်ရောင်းချမှုဆိုင်ရာ သဘောတူညီချက် အသစ်များမှတစ်ဆင့် အရှေ့တောင်အာရှတွင် ဒေသတွင်းအစိုးရများနှင့် ထိတွေ့မှုပိုမိုမြင့်မား လာစေရေးအပေါ် ၎င်းတို့၏ အသစ်တဖန် စိတ်ဝင်စားမှုနှင့် ဆက်စပ်လျက် ရှိနေသည်။ ထို့ကြောင့်၊ မော်စကိုအနေဖြင့် ၎င်း၏ သြဇာလွှမ်းမိုးမှု ချဲ့ထွင်လာမှုအပေါ်တွင် အခြေခံ၍ စစ်အုပ်စုအား ထောက်ခံပံ့ပိုးပေးရမှုအတွက် အတုံ့အလှည့်အဖြစ်၊ မြန်မာနိုင်ငံတွင် ရေတပ် နှင့်/သို့မဟုတ် လေတပ်စခန်းတစ်ခု ရရှိနိုင်ရေးအတွက် ရေလာမြောင်းပေးလုပ်ကောင်း လုပ်နေလိမ့်မည်ဖြစ်သည်။

ဆူဒန်တွင် အသုံးပြုသည့် ရုရှား၏ နည်းဗျူဟာ မြန်မာနိုင်ငံမှာ ဖြစ်လာမလား

ဆူဒန်ဆိပ်ကမ်းတွင် ရုရှား၏ အခြေစိုက်စခန်းတစ်ခုကို ၂၀၂၀ ခုနှစ်တွင် ရရှိခဲ့ခြင်းက၊ ၎င်း၏ ကမ္ဘာ့စင်မြင့်တွင် အင်အားကြီးမားသူ၏ အဆင့်အတန်းနှင့် ရည်မှန်းချက်များကို သက်သေပြရန် အိန္ဒိယသမုဒ္ဒရာအတွင်း အခြေစိုက်စခန်းများ ရရှိရေးအတွက် ကြိုးပမ်းရှာဖွေနေခြင်းကို နမူနာအဖြစ် ပြသလျက် ရှိသည်။

ထိုအခြေစိုက်စခန်းနှင့် ပတ်သက်၍ ဆူဒန်-ရုရှား ပွတ်တိုက်မှုများ ရှိနေသည်ဟု ဆိုသော်လည်း၊ မော်စကိုအနေဖြင့် ၎င်းစခန်းအား ဆုံးရှုံးသွားရမည်လား ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ (အကယ်၍ ထိုသို့ဖြစ်လာခဲ့ပါက၊ ရုရှားအနေဖြင့် အစားထိုးနေရာ ရရှိရန် အခြားနေရာများတွင် ရှာဖွေနေလိမ့်မည် ဖြစ်သည်)။

ဆူဒန်တွင် အသုံးပြုသည့် ရုရှား၏ နည်းပရိယာယ်များက၊ နောက်ထပ် ဗျူဟာမြောက် အပြောင်းအလဲတွင် ထိရောက်မှု ရှိစေရန်အတွက်၊ ဗျူဟာမြောက် သို့မဟုတ် ဗျူဟာမြောက် အားသာချက်များကို လုံခြုံမှုရှိစေရန်၊ ၎င်း၏ အင်အားနှင့် မူဝါဒဆိုင်ရာ အစိတ်အပိုင်းများ အားလုံးကို ပေါင်းစပ်အသုံးချမှုအား နမူနာအဖြစ် ပြသနေသည်။ ဂျိမ်းမ်စ်ရှားက၊ ယခုအခါ “ရုရှားက ၎င်း၏ နိုင်ငံအဆင့် ရည်မှန်းချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်ရာတွင်၊ နိုင်ငံရေး-စစ်ဘက် ပေါင်းစပ်မှု၏ ထူးခြားသည့် အတိုင်းအတာတစ်ခုကို တွေ့ရှိနေသည်” ဟု ရေးသားခဲ့သည်။

မာဂရိကလိုင်းက အလားတူ မှတ်ချက် ပြုခဲ့သည်မှာ -သြဇာလွှမ်းမိုးမှုကို အသုံးချရာတွင် လက်နက်ကိုင်တပ်ဖွဲ့များသည် အလွန်အရေးပါသည့် ကိရိယာတစ်ခု ဖြစ်လာခဲ့ပြီး၊ စစ်တပ်နှင့်မဆိုင်သည့် အရပ်ဘက်နည်းလမ်းများအတွက် အားဖြည့်တိုးချဲ့စရာတစ်ခု အဖြစ်လည်း အသုံးပြုလာခဲ့ကြသည်။ ၎င်းတို့ကို ပြောင်ပြောင်တင်းတင်းနှင့် ကွယ်ဝှက်ဖုံးအုပ်သည့် နည်းလမ်းနှစ်မျိုးလုံးဖြင့် အသုံးပြုလျက် ရှိနေကြသည်။ ထို့အပြင် မော်စကိုက အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်အတွက်၊ ၎င်း၏ စစ်ဘက်ဆိုင်ရာ နည်းလမ်းများကို အသုံးပြုလျက် ရှိနေသည်။

စစ်ဘက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုက၊ တူရကီနှင့် လက်နက်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် တရုတ်၊ အီဂျစ်တို့နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှု ကဲ့သို့သော၊ လက်ရှိ မိတ်ဖက်များအား ခိုင်မာလာစေရေး သို့မဟုတ် မိတ်ဖက်အသစ်များ တိုးပွားလာရေးတို့အတွက်၊ တိုး၍ အရေးကြီးလာသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။

ဤပေါင်းစပ်မှုက အထူးသဖြင့် ပြင်းထန်သည့် ပြည်တွင်းပြည်ပ စိန်ခေါ်မှုများကို ရင်ဆိုင်နေရသော ဆူဒန်ကဲ့သို့ နိုင်ငံများတွင် ထိရောက်မှု ရှိနေသည်။ ဤမဟာဗျူဟာနှင့် အဆိုပါ အစိုးရများ၏ လိုအပ်ချက်တို့ အတူတကွ ပေါင်းစပ်မှုက ရုရှား၏ပန်းတိုင်များနောက် လိုက်ပါလျှောက်လှမ်းရန်အတွက် အကောင်းဆုံး အခြေအနေတစ်ရပ်ကို ကိုယ်စားပြုနေသည်။ ထိုသို့ဖြစ်ရသည်မှာ အဆိုပါနိုင်ငံများသည် ပကတိအားဖြင့် ရုရှားလိုလားမှုကြောင့် မဟုတ်ဘဲ၊ ၎င်းတို့ လက်ခံနိုင်ခြင်း မရှိသည့် ပြုပြင်ပြောင်းလဲမှုများကို တောင်းဆိုခြင်းမရှိဘဲ ၎င်းတို့ ကြုံတွေ့နေရသည့် အကျပ်အတည်းများမှ သက်သာရာရစေမည့် မဟာဗျူဟာမြောက် ကုန်ပစ္စည်းများ (စစ်ဘက်နှင့် နှစ်မျိုးသုံးပစ္စည်း နှစ်ခုလုံး) တင်သွင်းသူအဖြစ် ရုရှားက ဆွဲဆောင်နိုင်စွမ်း ရှိနေသောကြောင့် ဖြစ်သည်။

ဥပမာအားဖြင့်၊ ၂၀၁၇ ခုနှစ်တွင် ပြည်တွင်းပြိုင်ဘက်များနှင့် တောင်ဆူဒန်တို့ကို ဆန့်ကျင်ရာတွင် စစ်ရေးအရ ပံ့ပိုးကူညီခဲ့မှုအတွက် အတုံ့အလှည့်အနေဖြင့်၊ ဆူဒန်သမ္မတ အိုမာဘရှီးယားက ရုရှားအား အခြေစိုက်စခန်း တစ်ခုကို ကမ်းလှမ်းခဲ့သည်။ တစ်ချိန်တည်းတွင် ဆူဒန်က၊ ၂၀၀၅ ခုနှစ်တွင် တောင်ဆူဒန်အား လွတ်လပ်ရေးရရှိစေခဲ့သည့် စစ်ပွဲအတွင်း ဆုံးဖြတ်ချက်အမှတ် ၁၅၉၁ အရ ချမှတ်ထားခဲ့သည့် လက်နက်ပိတ်ဆို့မှုများကို ရုတ်သိမ်းပေးရေး ကုလသမဂ္ဂအား ဆွဲဆောင်ရန် ကြိုးပမ်းခဲ့သည်။ ဆူဒန်သည် နိုင်ငံအဆင့် အကြမ်းဖက်မှုဖြင့် စွပ်စွဲခံထားရမှုကြောင့် အမေရိကန်က ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ရုပ်သိမ်းပေးရန်နှင့် ချေးငွေများ ရရှိရန်အတွက်လည်း ကြိုးပမ်းနေခဲ့သည်။

ဆူဒန်က အကြမ်းဖက်ဝါဒကို ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း အမေရိကန်ပြည်ထောင်စုက အသိအမှတ်ပြုခဲ့သော်လည်း၊ ထိုအချက်က ရှင်းလင်းစွာပင် ရုရှား၏ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ရန်အတွက် လုံလောက်မှု မရှိခဲ့ပေ။ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက် ရှိနေခဲ့သော်လည်း၊ ဆူဒန်အပေါ် ချမှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများကို ဖြေ လျှော့ပေးရန်နှင့်၊ ဒုက္ခရောက်နေသည့် ဒါဖာဒေသတွင် ကုလသမဂ္ဂ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှု လုပ်ငန်းအား အဆုံးသတ်သွားစေရန် မော်စကိုက ကာလကြာရှည် ထောက်ခံမှု ပေးနေခဲ့သည်။

ဤအချက်များက၊ ဆူဒန်အနေဖြင့် ရုရှားထံမှ လက်နက်ရရှိမှုနှင့် နိုင်ငံရေးအရ ပံ့ပိုးမှုတို့ကို အဘယ်ကြောင့် တောင်းခံနေခဲ့ကြောင်းနှင့်၊ အပြန်အလှန်အားဖြင့် ရုရှားက ၎င်းတို့ ကာလရှည်ကြာ ရှာဖွေနေသည့် အခြေစိုက်စခန်းတစ်ခု ရရှိရေးအတွက် တုံ့ပြန်မှုပေးရန် ဆန္ဒရှိကြောင်းတို့ကို ရှင်းပြလျက် ရှိနေသည်။ ပြည်တွင်းရေးတွင် ပံ့ပိုးကူညီရန် ဘရှီးယား၏ တောင်းဆိုမှုမှာ၊ ရုရှား၏မက်လုံးများ စာရင်းထဲသို့ ပေါင်းထည့်လိုက်ရုံမျှသာ ဖြစ်သည်။

ဆူဒန်၏ စိတ်ပျက်အားမရဖြစ်မှုကို အသိအမှတ်ပြုခြင်းဖြင့်၊ ရုရှား၏ ဆူဒန်နှင့် အဆက်အသွယ်များက ကုလသမဂ္ဂနှင့် ဒဏ်ခတ်အရေးယူမှုများကို ရှောင်ရှားရန် ဗဟိုပြု၍ လုပ်ဆောင်ခဲ့ကြသည်။ ဤနေရာတွင် ပုဂ္ဂလိကစစ်ဘက်ကုမ္ပဏီ ဝက်ဂနာအုပ်စုနှင့် အင်တာနက် သုတေသနအဖွဲ့ ခေါင်းဆောင် ယက်ဘ်ဂေနီ ပရီဂိုရှင်းတို့ လုပ်ဆောင်ခဲ့ကြသည့်၊ သြဇာလွှမ်းမိုးမှု စစ်ဆင်ရေးတစ်ခုက ဆူဒန်အား ကယ်တင်မှုပေးရန် ရောက်ရှိလာခဲ့သည်။

၂၀၂၀ ခုနှစ် နိုဝင်ဘာလထုတ် ဒေးလီးဘိစ်ထ် သတင်းစာက ဖော်ပြထားသည့် အစီရင်ခံစာတွင်၊ ပရီဂိုရှင်း၏ အပေါင်းပါများက ဆူဒန်အပေါ် ဒဏ်ခတ်အရေးယူရေး အကောင်အထည်ဖော်မှုကို စောင့်ကြည့်ရန် တာဝန်ပေးခံထားရသည့်၊ ကုလသမဂ္ဂ၏အဖွဲ့အတွင်း မည်ကဲ့သို့ စိမ့်ဝင်ခဲ့သည်ကို ဖော်ပြထားသည်။ စိန့်ပီတာစဘတ်တက္ကသိုလ်မှ ပါမောက္ခနှင့် အာဖရိကရေးရာ ကျွမ်းကျင်သူ နီကိုလိုင် ဒိုဘရွန်ရာဗင်သည် ရုရှားအာဏာပိုင်များအား သိရှိကျွမ်းဝင်မှုဖြင့် ဗဟိုအာဖရိကသမ္မတနိုင်ငံရှိ ပရီဂိုရှင်း၏ လုပ်ငန်းနှစ်ခုအတွက် အတိုင်ပင်ခံအဖြစ် တာဝန်ယူလုပ်ကိုင်ခဲ့သည်။

ထို့နောက် ၂၀၁၈ ခုနှစ်တွင် သူသည် ကုလသမဂ္ဂ၏ ဒဏ်ခတ်အရေးယူမှုများကို ကြီးကြပ်သည့်အဖွဲ့တွင် ပါဝင်လာခဲ့သည်။ “ဒိုဘရွန်ရာဗင်သည် ပထမ ဗဟိုအာဖရိက သမ္မတနိုင်ငံအတွက်နှင့် ဒုတိယ ဆူဒန်နိုင်ငံအတွက် ဒဏ်ခတ်အရေးယူမှုဆိုင်ရာ ကုလသမဂ္ဂ ကျွမ်းကျင်သူများအဖွဲ့တွင် ရုရှားပြည်ထောင်စုကို ကိုယ်စားပြုနိုင်ရန် ၎င်းစောင့်မျှော်နေသည့် လျှောက်ထားမှုနှင့်ပတ်သက်၍၊ ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အကြီးတန်းအရာရှိများနှင့် မကြာခဏ စာရေးသား ဆက်သွယ်ခဲ့သည်” ဟု အစီရင်ခံစာက ဆိုသည်။

အပြန်အလှန်အားဖြင့် ပရီဂိုရှင်းသည် ဆူဒန်နိုင်ငံတွင် ရွှေတူးဖော်ခွင့်ကို ရရှိခဲ့သည်။ ထိုအတောအတွင်း၊ ဝက်ဂ်နာအုပ်စုသည် ဆူဒန်အစိုးရအား ကူညီပံ့ပိုးရန်နှင့်၊ ဆူဒန်တပ်ဖွဲ့များကို ကုန်ကျစရိတ်အနည်းငယ်ဖြင့် လေ့ကျင့်ပေးရန် ရုရှားတွင် စွမ်းရည်နှင့်ဆန္ဒတို့ ရှိနေကြောင်း ရှင်းလင်းတင်ပြခဲ့သည်။ အနောက်နိုင်ငံများမှ အစီရင်ခံစာများတွင် ဖော်ပြထားသည့်အတိုင်း၊ ဒေသခံတပ်ဖွဲ့များကို ဝက်ဂ်နာအုပ်စုက ကုန်ကျစရိတ်အနည်းငယ်ဖြင့် လေ့ကျင့်ပေးခြင်းအတွက် ပေးချေမှုကို သတ္တုတူးဖော်ခွင့် ရရှိမှုများက ကိုယ်စားပြုလျက် ရှိနေကြသည်။

၎င်းတို့နှင့် အခြားလုပ်ငန်းများက၊ ၂၀၁၉ ခုနှစ်တွင် အာဏာသိမ်းမှုဖြင့် ဘရှီးယားအား ဖြုတ်ချခဲ့ပြီး နောက်ပိုင်းတွင်ပင်၊ ရုရှားအား ဆူဒန်နိုင်ငံအတွင်း ကာလကြာရှည် သြဇာလွှမ်းမိုးနေမှုကို ပံ့ပိုးဖြည့်ဆည်း ပေးနေခဲ့သည်။ အစိုးရအပြောင်းအလဲ ရှိလာခဲ့သော်လည်း၊ ဆူဒန်၏ နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များမှာ မပြောင်းလဲဘဲ ရှိနေခဲ့ပြီး၊ ရှိနေသည့် အခြေခံအချက်များအပေါ်တွင်ပင် ရုရှားနှင့်ဆက်ဆံရန် သင့်လျော်မှုရှိကြောင်း အစိုးရသစ်က တွေ့ရှိလာခဲ့သည်။ .

အာဖရိကဦးချိုဒေသ၏ လုံခြုံရေးအခြေအနေသည် ၂၀၁၇ ခုနှစ်မှ စတင်ကာ တဖြည်းဖြည်း ယိုယွင်းလာခဲ့သည်။ ဂျီဘူတီရှိ တရုတ်၏ အဓိက ရေတပ်အခြေစိုက်စခန်းနှင့်အတူ၊ ယင်းဒေသသည် နိုင်ငံတကာ ပြိုင်ဆိုင်မှု ကြီးထွားလာခြင်း၏ ဇစ်မြစ်တစ်ခု ဖြစ်လာခဲ့ပြီး၊ အစ္စလာမ် ပင်လယ်ဓါးပြများနှင့် ရှဟယ်လ်ဒေသမှ တိုးပွားလာနေသည့် အကြမ်းဖက်သမားများအား တိုက်ခိုက်ရန် ကုလသမဂ္ဂ တပ်ဖွဲ့တစ်ခုကလည်း ဂျီဘူတီတွင် အခြေစိုက်ထားကာ၊ တူရကီတပ်ဖွဲ့များက ဆိုမာလီယာတွင် လှုပ်ရှားလျက် ရှိနေကြသည်။

အီသီယိုးပီးယားနိုင်ငံသည် တော်လှန်ပုန်ကန်နေသည့် တီဂရေးပြည်နယ်နှင့် ပြည်တွင်းစစ် ဖြစ်ပွားနေခဲ့ပြီး၊ အီရီထရီးယားနှင့် ဖြစ်နိုင်ခြေရှိစွာ ဆူဒန်ကိုလည်း စစ်ပွဲအတွင်း ဆွဲသွင်းလာနေပုံ ရသည်။ အီသီယိုးပီးယားနှင့် အီဂျစ်တို့သည် မဟာအီသီယိုးပီးယားမြစ် ဆည်ကြီးနှင့်ပတ်သက်၍ အဓိက အငြင်းပွားနေကြပြီး၊ အီဂျစ်၏ ရှုထောင့်မှကြည့်လျှင် ထိုဆည်ကြီးက နိုင်းမြစ်မှ ၎င်း၏ ရေအရင်းအမြစ်များ လုံခြုံမှုကို ခြိမ်းခြောက်လျက် ရှိနေသည်။

ထို့အပြင်၊ အီရီထရီးယားနှင့် ဆိုမာလီလန်းဒ်တို့က အခြေစိုက်စခန်းများမဟုတ်သည့်တိုင်၊ ထောက်ပံ့ပို့ဆောင်ရေးဗဟိုဌာနများ ကဲ့သို့သော တည်ဆောက်မှုများအတွက် ၎င်းတို့၏ကမ်းရိုးတန်းများကို ရုရှားအား ကမ်းလှမ်းထားကြသည်။ ထိုကဲ့သို့သော အခြေအနေများအောက်တွင်၊ တိုးလာသည့် ရုရှားတပ်ဖွဲ့များက ဒေသအတွင်း ဖြစ်နေသည့် စစ်မက်များကို ပြေငြိမ်းစေရာတွင် အထောက်အကူ မဖြစ်စေနိုင်ဘဲ – အမှန်တကယ်တွင်၊ ဆန့်ကျင်ဘက် အကျိုးသက်ရောက်မှုအဖြစ် အဓိက အင်အားကြီးနိုင်ငံတစ်ခုချင်းစီ၏ တိုး၍ဝင်ရောက်လာမှုက တဆင့်ခံစစ်ပွဲ ဖြစ်လာနိုင်သည့် အန္တရာယ်ကိုသာ တိုးမြင့်လာစေလိမ့်မည် ဖြစ်သည်။ ဆူဒန်နှင့် အမေရိကန် ဆက်ဆံရေးက တိုးတက်လာခဲ့သည့်တိုင်၊ ဤအရာအားလုံးက အမှန်ပင် ဖြစ်နေသည်။

အကျိုးဆက်အဖြစ်၊ ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ရုရှားက ဆူဒန်ကမ်းရိုးတန်းရှိ ဆူဒန်ဆိပ်ကမ်းတွင် ရေတပ်အခြေစိုက်စခန်း သို့မဟုတ် ထောက်ပံ့ရေးဗဟိုဌာန တစ်ခုကို ရရှိခဲ့ကြောင်း ကြေညာခဲ့သည်။ ထိုစခန်းမှာ သင်္ဘောသား ၃၀၀ အထိ ထားရှိရန်အတွက် နေရာအကျယ်အဝန်းရှိပြီး၊ အနုမြူစွမ်းအင်သုံး သင်္ဘောများအပါအဝင် သင်္ဘောလေးစင်းအထိ ဆိုက်ကပ်နိုင်သော ၂၅ နှစ်တာကာလအထိ အသုံးပြုနိုင်မည့် ထောက်ပံ့ပို့ဆောင်ရေး အခြေစိုက်စခန်းတစ်ခုအဖြစ် ဖော်ပြထားသည်။

အပြင်ပန်းအားဖြင့်၊ ဤအခြေစိုက်စခန်းသစ်က “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန်” ရည်မှန်းထားသော်လည်း၊ ၎င်းအား ပြုပြင်ရေး၊ ထောက်ပံ့ရေးပစ္စည်းများ ပြန်လည်ဖြည့်တင်းရေးနှင့် ရုရှားရေတပ်တပ်ဖွဲ့များအတွက် အနားယူရာနေရာအဖြစ်လည်း အသုံးပြုလိမ့်မည် ဖြစ်သည်။ ဤစခန်းသည် ရုရှားအတွက် ဒုတိယမြောက် ပြည်ပအခြေစိုက်စခန်းဖြစ်ပြီး – အခြားတစ်ခုမှာ ဆီးရီးယားနိုင်ငံ တာတပ်စ်တွင် တည်ရှိသည် – ယခင် အတွေ့အကြုံများအရ “ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှု ထိန်းသိမ်းရေး” အတွက်ဟူသည့် ဟန်ဆောင်မှုအောက်တွင်၊ ၎င်းကို အရွယ်အစားနှင့် လုပ်ငန်းနယ်ပယ် အကျယ်အဝန်းအပြင် အဆိုပါနေရာတွင် တပ်စွဲထားနိုင်သည့် တပ်ဖွဲ့များနှင့် စစ်ရေးဆောင်ရွက်မှုများကို ချဲ့ထွင်လာနိုင်ဖွယ် ရှိနေသည်။

ထို့အပြင် ထိုစခန်းတွင် ရေငုပ်သင်္ဘောများအပါအဝင် အနုမြူစွမ်းအင်သုံး စစ်သင်္ဘောများကိုလည်း လက်ခံကာ ဆိုက်ကပ်ထားစေနိုင်သည်။ ထိုစခန်းကို ရုရှားက မျှော်လင့်ထားသော သိသာကြီးမားသည့် စီးပွားရေးအရ ထိုးဖောက်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား ကာကွယ်စောင့်ရှောက်ရာတွင်လည်း အသုံးပြုလိမ့်မည် ဖြစ်သည်။

မြန်မာနိုင်ငံအပေါ် ထားရှိသည့် ရုရှား၏ မူဝါဒ

မြန်မာနှင့် ဆူဒန်တို့အပေါ် ထားရှိသည့် ရုရှား၏ မူဝါဒများအကြား၊ နှိုင်းယှဥ်စရာ တူညီမှုများက အထင်အရှား ရှိနေကြသည်။ ၂၀၀၀ ခုနှစ်မှစ၍ ရုရှားက မြန်မာနိုင်ငံသို့ ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံ တန်ဖိုးရှိသည့် လက်နက်များကို ထောက်ပံ့ပေးခဲ့ပြီး၊ တရုတ်နိုင်ငံပြီးလျှင် မြန်မာနိုင်ငံအတွက် ဒုတိယအကြီးဆုံး လက်နက်ရောင်းချသူ ဖြစ်လာခဲ့သည်။ အထူးသဖြင့် ၂၀၁၈ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံသည် ရုရှားနိုင်ငံမှ မစ်-၂၉ တိုက်လေယာဥ် အစီး ၃၀၊ ယက်-၁၃၀ လေယာဥ် ၁၂ စီး၊ မီ-၁၇ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်နှင့် မီ-၃၅ တိုက်ခိုက်ရေး ရဟတ်ယာဥ် ၁၇ စီး၊ ပက်ချိုရာ-၂အမ် လေယာဉ်ပစ်ဒုံးစနစ် ၈ ခု တို့ကို ဝယ်ယူခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်း အက်စ်ယူ-၃၀ တိုက်လေယာဥ် ၆ စီး ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့ကြောင့် ရုရှားထံမှ ရေကြောင်းနှင့် လေကြောင်းရန် ကာကွယ်ရေးစနစ်များကို ယခင်က ဝယ်ယူမှုများရှိခဲ့ပြီး၊ ၎င်းတို့ကို အနာဂတ် ရေတပ် နှင့်/သို့မဟုတ် လေတပ် အခြေစိုက်စခန်းများတွင် ရုရှားတို့အတွက် အနာဂတ်တွင် အသုံးပြုနိုင်ရန် ဖြန့်ကျက်ချထားနိုင်သည်။

“စစ်ဘက်နည်းပညာ ပူးပေါင်းဆောင်ရွက်မှု” ဟု အဓိပ္ပာယ်ရသည့် လက်နက်ရောင်းချမှုက ဖေဖော်ဝါရီလ မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ကြီးထွားလာလျက် ရှိနေသည်။ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး၊ မော်စကိုနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံလာခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီယေ ရှိုင်ဂုသည် မြန်မာနိုင်ငံသို့ စစ်တပ်က အာဏာမသိမ်းမီ လာရောက်လည်ပတ်ခဲ့ပြီး၊ ရုရှားထောက်လှမ်းရေးအနေဖြင့် ကြိုတင်သတိပေးမှု မရှိခဲ့ခြင်း မဖြစ်နိုင်ပေ။

၎င်း၏ခရီးစဉ်အတွင်း ပြည်တွင်းပြည်ပတွင် ပြဿနာများနှင့် ကြုံတွေ့နေရသည့် မြန်မာစစ်တပ်အတွက် ပန့်ဆီယာ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်စနစ်နှင့် အော်လန် ၁၀-အီး ထောက်လှမ်းရေးဒရုန်းများကို ရောင်းချရန် ဆာဂီယေရှိုင်ဂုက စာချုပ်ချုပ်ဆိုခဲ့သည်။ ထို့ထက် ပို၍ အရေးကြီးနိုင်သည်မှာ၊ မြန်မာဆိပ်ကမ်းသို့ ရုရှားစစ်သင်္ဘောများ ဝင်ရောက်ခွင့်ပြုရန် နှစ်ဘက်စလုံးမှ သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ အမှန်တကယ်တွင်၊ ရုရှားသင်္ဘောများ အနေဖြင့် ယခင်ကလည်း မြန်မာနိုင်ငံရှိ ဆိပ်ကမ်းများသို့ သွားရောက်လည်ပတ်ခဲ့ပြီး ဖြစ်သည်။

ဆူဒန်နိုင်ငံကဲ့သို့ပင်၊ မြန်မာနိုင်ငံသည် အထူးသဖြင့် မော်စကို၏ စစ်ဘက်ဆိုင်ရာ ပညာသင်ကြားပေးမှု၊ နိုင်ငံအဆင့် ခရီးစဉ်များ အပါအဝင် နှစ်နိုင်ငံ အဆင့်မြင့် သံတမန်ရေးရာ ပူးပေါင်းဆောင်ရွက်မှု၊ ရာဇဝတ်မှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ထောက်လှမ်းရေး အချက်အလက် မျှဝေမှုဆိုင်ရာ သဘောတူညီချက်များ ချုပ်ဆိုမှုနှင့်၊ နည်းပညာအကူအညီပေးမှု တို့မှတစ်ဆင့် ရုရှားနှင့် နီးကပ်စွာဆက်ဆံလျက် ရှိနေခဲ့ပြီးဖြစ်သည်။ ထို့အပြင် ဆူဒန်တွင် ကဲ့သို့ပင်၊ အတိုက်အခံ အင်အားစုများကို ဆန့်ကျင်လျက် – မြန်မာနိုင်ငံကိစ္စတွင် အစိုးရက ရိုဟင်ဂျာလူမျိုး လူနည်းစုများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဟု စွဲချက်တင်ခံရသည့် ရခိုင်ပြည်နယ်အကျပ်အတည်းအတွင်း – စစ်အုပ်စုကို မော်စကိုက ထောက်ခံမှု ပေးခဲ့သည်။

အာဏာသိမ်းမှုနှင့် စစ်အုပ်စုအသစ် ဖွဲ့စည်းမှုတို့အား ရှုတ်ချသည့် နိုင်ငံတကာ ဆန့်ကျင်မှုများနှင့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ ကျယ်ကျယ်ပြန့်ပြန့် ရှိနေသော်လည်း၊ ကုလသမဂ္ဂတွင် ရုရှားက စစ်အုပ်စုကို အကာအကွယ်ပေးကာ ၎င်း၏ ပြည်တွင်းမူဝါဒများကို ရှုတ်ချရန် ငြင်းဆန်ခဲ့ပြီး၊ တပ်မတော်နေ့အခမ်းအနားတွင် ပါဝင်တက်ရောက်ရန် ဒုတိယကာကွယ်ရေးဝန်ကြီး အလက်ဇန်ဒါ ဖမြွင်ကို စေလွှတ်ခဲ့သည်။

ဖမြွင်က မြန်မာနိုင်ငံအား ”အရှေ့တောင်အာရှနှင့် အာရှပစိဖိတ်ဒေသရှိ ရုရှား၏ ယုံကြည်စိတ်ချရသော မဟာမိတ်နှင့် မဟာဗျူဟာမြောက် မိတ်ဖက်” အဖြစ် ခေါ်ဆိုခဲ့ပြီး၊ မော်စကိုအနေဖြင့် “နှစ်နိုင်ငံအကြား ဆက်ဆံရေး တိုးမြှင့်ရန် မဟာဗျူဟာလမ်းကြောင်းကို လိုက်နာလျက်ရှိကြောင်း” အလေးပေး ပြောကြားခဲ့သည်။

မြန်မာနှင့် ဆူဒန် နှစ်နိုင်ငံစလုံးတွင် ရုရှားနိုင်ငံက လက်နက်ရောင်းချမှုနှင့် ပိုမိုကျယ်ပြန့်သည့် စစ်ရေးပူးပေါင်း ဆောင်ရွက်မှုအတွက် ရေရှည်သဘောတူ စာချုပ်များကို ချုပ်ဆိုခဲ့ပြီး၊ ရုရှား၏ စီးပွားရေးအရ ထိုးဖောက်ဝင်ရောက်နိုင်မှု အလားအလာကို တိုးမြှင့်ပေးကာ၊ ပြည်တွင်းအတိုက်အခံ အင်အားစုများကို ဆန့်ကျင်လျက် အာဏာရှင်အုပ်စုများအား ထောက်ခံမှု ပေးခဲ့ရာတွင် – မော်စကိုနှင့် အဆိုပါ အာဏာရှင်များအကြား ကိုယ်ပိုင်အုပ်ချုပ်ပိုင်ခွင့်အတွက် နိုင်ငံရေးအရ ထုတ်ဖော်ပြောဆိုမှုများအပေါ် အတိုင်းအတာ ကြီးမားသည့် မနှစ်မြို့မှုအရ တူညီမှုရှိနေသည် ဆိုသည့်အပေါ် သံသယဖြစ်စရာ မရှိပေ။

မြန်မာနိုင်ငံကိစ္စတွင်၊ ရုရှားစွမ်းအင်ကုမ္ပဏီများ မြန်မာနိုင်ငံအတွင်း နှစ်အတန်ကြာ ရှိနေခဲ့သည့် ကျိုးကြောင်းဆက်စပ်မှုအရ၊ နောက်တစ်ဆင့်မှာ ရေနံရောင်းချမှု ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလတွင် ရုရှား၏ ဂျေအက်စ်စီ ဇရူဘေဇညက်ဖ်အီထေရာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် အိန္ဒိယနိုင်ငံမှ ဆန်းဂရုပ်တို့သည် မြန်မာနိုင်ငံအစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (အမ်အိုဂျီအီး) နှင့်၊ မြန်မာနိုင်ငံအတွင်း ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရန် သဘောတူညီခဲ့ကြပြီး၊ ရုရှားနိုင်ငံမှ ဆီးလ်ဗားဝေ့ဗ် စပွတ်ညစ် ပက်ထရိုလီယမ် ကုမ္ပဏီကလည်း အလားတူ သဘောတူညီချက်ကို ၂၀၀၇ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရှိရသည်။

ရုရှားစွမ်းအင်ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် ဂက်ဇ်ပရွမ်ကလည်း မြန်မာနိုင်ငံတွင် ဘူမိဗေဒဆိုင်ရာ တိုင်းတာမှုများလုပ်ဆောင်ရန် ၂၀၁၁ ခုနှစ်က စီစဉ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။ ၂၀၁၉ ခုနှစ်တွင်၊ မြန်မာနိုင်ငံတွင်း လည်ပတ်လုပ်ကိုင်နေပြီးဖြစ်သည့် ရုရှားရေနံကုမ္ပဏီ ဘပ်စ်ညက်ဖ်က၊ ရေနံရှာဖွေရေး လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။

ရုရှားနိုင်ငံထက် တရုတ်နိုင်ငံသည်၊ မြန်မာနိုင်ငံတွင် ရေနံ၊ သဘာဝဓာတ်ငွေ့နှင့် သတ္တုတူးဖော်ရေးတို့ကို အဓိကထား အာရုံစိုက်၍ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံနေသူ ဖြစ်သည်။ ၂၀၁၇ ခုနှစ် စာရင်းအရ၊ မြန်မာနိုင်ငံတွင် အတည်ပြုပြီး ဓာတ်ငွေ့သိုက် ၂၃ ထရီလီယံ ကုဗပေရှိနေပြီး၊ ကမ္ဘာပေါ်တွင် အဆင့် ၃၉ နေရာတွင် ရပ်တည်လျက် ရှိကာ၊ အာရှတွင် သဘာဝဓာတ်ငွေ့ အဓိက ထုတ်လုပ်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်စာရင်းအရ ရေနံစည်ပေါင်း သန်း ၅၀ ရှိသည့် အတည်ပြုထားပြီး ရေနံသိုက်လည်း ရှိနေသည်။ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့၏ ၈၀ ရာခိုင်နှုန်းကို ထိုင်းနှင့် တရုတ်နိုင်ငံများသို့ တင်ပို့လျက် ရှိနေသည်ဟု ခန့်မှန်းထားကြသည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး ရေနံနှင့် သဘာဝဓာတ်ငွေ့ ထွက်ရှိရာနယ်မြေများမှာ – မူဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာဝင် ရခိုင်အသိုက်အဝန်းများအကြား အကြမ်းဖက်ထိပ်တိုက်ရင်ဆိုင်မှုများ ပုံမှန်ဖြစ်ပွားလေ့ရှိရာ၊ ရခိုင်ပြည်နယ်အတွင်းနှင့် ဘင်္ဂလားပင်လယ်အော်ရှိ ၎င်း၏ ကမ်းဦးရေတိမ်ပိုင်းတို့တွင် တည်ရှိနေသည်။

ရုရှားနှင့် မြန်မာတို့အကြား နက်ရှိုင်းလာနေသည့် ဆက်ဆံရေးများ ရှိနေမှုက၊ ဝက်ဂ်နာ ကဲ့သို့သော ရုရှားသတင်း အချက်အလက် စစ်ဆင်မှုစနစ် ပေးသွင်းသူများအနေဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်လာကာ၊ စစ်အာဏာရှင် အုပ်စုအတွက် စီးပွားရေး၊ နိုင်ငံရေးနှင့် စစ်ဘက်ဆိုင်ရာ ဝန်ဆောင်မှုများကို၊ လေတပ် နှင့်/သို့မဟုတ် ရေတပ်အခြေစိုက် စခန်းများနှင့် အလဲအလှယ်အဖြစ် ပေးဆောင်နိုင်ခြေ ရှိလာနိုင်သည်။

နောက်ဆုံးအနေဖြင့်၊ မြန်မာနိုင်ငံတွင် ဝင်ရောက်လှုပ်ရှားရန် ရုရှားတို့အတွက် စေ့ဆော်မှုဖြစ်စေသည့် အကြောင်းရင်းများမှာ၊ လက်နက်ရောင်းချခြင်းမှ ဝင်ငွေ ရရှိရန်၊ လက်နက်ကိုင်တော်လှန်ရေးကြောင့် ခြိမ်းခြောက်ခံနေရသည့် မဟာမိတ် စစ်အုပ်စုအား ထောက်ခံမှုရှိကြောင်း ပြသရန်နှင့်၊ ရုရှားတို့အတွက် လက်နက်ရောင်းချရနိုင်ရေး အပြင်းပြဆုံးဆန္ဒရှိနေသည့် အရှေ့တောင်အာရှ ဒေသတွင် သြဇာချဲ့ထွင်ရန် အခွင့်အလမ်းတို့ ဖြစ်ကြောင်း၊ ရုရှား လေ့လာဆန်းစစ်သူများက ထောက်ပြခဲ့ကြပြီး ဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာတွင် ခြေကုပ်ယူရန် ရုရှား၏ နှစ်ရှည်လများ ရှိနေခဲ့သည့် ရည်မှန်းချက်များနှင့် ယခုအချိန်တွင် ထွက်ပေါ်လာနေသည့် အခွင့်အလမ်းများကြောင့်၊ ဤအရေးပါမှု တိုးလာနေသည့် ဒေသတွင် မြန်မာနိုင်ငံသည် ရုရှားအတွက် နောက်ထပ် အခြေစိုက်စခန်း ဖြစ်လာနိုင်ဖွယ် ရှိနေသည်။ တရုတ်၊ အိန္ဒိယနှင့် အမေရိကန်တို့ အကြား ရှိနေပြီးသား ဒေသတွင်းပြိုင်ဆိုင်မှုများ တိုးပွားလာနေခြင်းကြောင့်၊ ပြိုင်ဆိုင်မှုများ ရှိနေသည့် ရေပိုင်နက်အတွင်းသို့ ရုရှားအား ပေါင်းထည့်လိုက်ခြင်းက၊ အင်အားကြီးမားသည့် ပြိုင်ဆိုင်မှုအတွက် စစ်မြေပြင် အစစ်တစ်ခုကို ဖန်တီးလာလိမ့်မည် ဖြစ်သည်။

(ဒေါက်တာ စတီဖန် ဘလန့်က်သည် နိုင်ငံခြားရေးမူဝါဒ သုတေသနအဖွဲ့ – အက်ဖ်ပီအာရ်အိုင် မှ အကြီးတန်းအဖွဲ့ဝင် တစ်ဦးဖြစ်သည်။ အမေရိကန် အစိုးရဌာနများနှင့် ကော်ပိုရေးရှင်း အများအပြားနှင့် အတူအလုပ်လုပ်နေသည့် လွတ်လပ်မှုရှိသော အတိုင်ပင်ခံတစ်ဦး ဖြစ်ပြီး၊ အမေရိကန်စစ်ဘက်ဆိုင်ရာ‌ကောလိပ်မှ ပါမောက္ခဟောင်း တစ်ဦးလည်း ဖြစ်သည်။)

ဓာတ်ပုံ- ရုရှားစစ်တက္ကသိုလ်က ချီးမြှင့်သော ဂုဏ်ထူးဆောင်ဘွဲ့ လက်ခံခဲ့သည့် အကြမ်းဖက်မင်းအောင်လှိုင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article