ရန်ကုန်၊ ဩဂုတ် ၁၇
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ငတမျှော်ကျေးရွာကို ယနေ့ ဩဂုတ် ၁၇ ရက် နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ ပျူစောထီးများသေနတ်များ ပစ်ခတ်ဝင်ရောက်ကာ အများပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ဖျက်ဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။
“ဒီနေ့ ထိတွေ့တိုက်ပွဲမရှိသေးဘူး၊ အကြောင်းမဲ့ ဝင်ရှို့တာ။ အခု ရှို့နေတုန်းမို့ ရွာထဲ ဝင်လို့ မရသေး။ ထိခိုက်မှု မသိရသေးဘူး။ ဒေသကာကွယ်ရေးအဖွဲ့တွေက ဝင်ရောက် မီးသတ်ဖို့ ကြိုးစားနေဆဲ” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။
ငတမျှော်ကျေးရွာမှာ အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိပြီး ကျေးရွာသူ ရွာသားများမှာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အပြစ်မဲ့ပြည်သူများ ထိခိုက်မှု ရှိ၊ မရှိ ကနဦး မသိရှိရသေးပေ။
ဩဂုတ်လ ၁၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်များက ငတမျှော်ကျေးရွာရှိ ဘုန်းကြီးကျောင်းပါမချန် မွှေနှောက်ကာ ကျေးရွာတွင်းရှိ အများပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားပြီး ဆိုင်ကယ် ၁၁ စီးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။