ရန်ကုန်၊ ဩဂုတ် ၁၇
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် အကြမ်းဖက် စစ်ကောင်စီတပ်နှင့် KNLA၊ PDF၊ DKBAခွဲထွက် ပူးပေါင်းထား သော မဟာမိတ် ပြည်သူ့ကာကွယ် ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်ဘက်က သံချပ်ကာကားများ၊ စက်သေနတ်တင် ကားများကိုပါ အသုံးပြုလာကြောင်း ဒေသခံများက ပြော သည်။
ဩဂုတ်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်မှစတင်ပြီး ပစ်ခတ်မှုများဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်တပ်က လက်နက် ကြီး များဖြင့်လည်း တောက်လျှောက် ပစ် ခတ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“ကော့ကရိတ်မြို့ တောင်ဘက် ကျေးရွာတွေဖြစ်တဲ့ ရွာသစ်၊ ကမိုင်ကုန်း အဲဒီဘက် အခြမ်းမှာ လက်နက်ကြီး လက်နက်ငယ် တွေ နဲ့ ပစ်ခတ်နေကြတယ်။ ခုချိန်ထိ အသံမတိတ် ဘဲ ဆော်နေကြတာ။ လက်နက်ငယ်တွေ တောက်လျောက် ပစ်နေတယ်။ အပြန်အလှန် ချနေတယ်။ စစ်ခွေးတွေဘက်ကတော့ ကားပေါ်တင်ပစ်တဲ့ စတင်းဂန်း လိုမျိုးဟာတွေပါတဲ့ကားတွေနဲ့ ပါ ပစ်နေတာ။ ခုချိန်ထိ မိနစ် ၂၀လောက် ထိကြာမယ်ထင်တယ်။ လက်နက်ကြီးက တော့ တစ်ချက် ချင်းပဲ ပစ်တာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကော့ကရိတ်ဒေသခံတစ်ဦးကမူ စစ်တပ်က သံချပ်ကာကားများနှင့် စစ်ကြောင်းများ ချီတက်သွားလာနေကြောင်း ပြောဆိုသည်။
“ကျမတို့ရှေ့ကတင် သံချပ်ကာကားတွေ တက်သွားတယ်။ ပစ်ခတ်သံကတော့ နည်းနည်းလျော့သွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ဓာတ်ပုံ- ယမန်နှစ် မန္တလေးတွင် သွားလာနေသည့် အကြမ်းဖက် စစ်တပ်၏ သံချပ်ကားတချို့။
Photo- Reuters ။