ရန်ကုန်၊ သြဂုတ် ၁၇
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေ သပိတ်ကော်မတီ ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှရဲဘော်များ ၊ ဒေသခံ ကာကွယ်ရေး ရဲဘော်များနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၁၇ ရက်နေ့တွင် “ထောင်တွင်းအကြမ်းဖက်မှုသတ်ဖြတ်မှုဒို့လက်မခံ ပညာရေးနဲ့လူထုအသံ” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“စစ်ဖိနပ်အောက် လုံးဝအရှုံးမပေးဘဲ အသက်စွန့်ကာ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ထောင်တွင်းရဲဘော်တွေရဲ့ ထောင်တွင်းတိုက်ပွဲတွေကို ဝန်းရံပေးကြဖို့ ၊ ထောင်တွင်းတိုက်ပွဲတွေနဲ့အတူ ရပ်တည်ပေးကြဖို့ အင်မတန်လိုအပ်ပါတယ်။ထောင်တွင်းမတရားအကြမ်းဖက်နေမှုတွေ ၊ သတ်ဖြတ်နေမှုတွေအပါအဝင် စစ်အုပ်စုရဲ့ မတရားမှုတွေကြောင့် အသက်အန္တရာယ်ပါ အထူးစိုးရိမ်နေရတဲ့ ထောင်တွင်းကရဲဘော်တွေအတွက် ကျွန်တော်တို့ပြည်သူတွေ အသံကျယ်ကျယ်ပိုထွက်ကြဖို့လိုပါတယ်။ကျွန်တော်တို့ပြည်သူတွေ သွေးအေးသွားလို့ လုံးဝမဖြစ်ပါဘူး။အကျဥ်းထောင်တွင်းက ရဲဘော်တွေအတွက် အကျယ်ထောင်ထဲက ပြည်သူတွေ ပိုမိုအားစိုက်ပြီး တိုက်ပွဲဝင်ပေးကြပါ။လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲနေတဲ့ စစ်အုပ်စုနဲ့အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းကြပါ။ ပေးဆပ်ခဲ့ကြရတဲ့ အသက်တွေနဲ့ဘဝတွေ ၊ ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတိုင်းအတွက် အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးသည်အထိ ကျွန်တော်တို့အားလုံး ဆက်လက်ချီတက်တိုက်ပွဲဝင်ကြရမယ်။အဖိနှိပ်ခံလူထုလူတန်းစားအားလုံး စည်းလုံးမှုရှိရှိနဲ့ ပြိုင်တူတွန်းကြမှ ကျွန်တော်တို့အားလုံးမျှော်ရည်သော တော်လှန်ရေးပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရှိပါလိမ့်မယ်” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ဟောပြောခဲ့သည်။
Photo – BEGSC-MYAING