30 C
Yangon

စစ်ကောင်စီနှင့်တွေ့ဆုံစေ့စပ်မှု အစိုးရအဖြစ် တရားဝင် အသိအမှတ်ပြုခြင်း မဟုတ်ဟု ကုလသမဂ္ဂကိုယ်စားလှယ်က မင်းအောင်လှိုင်ကို ရှင်းရှင်းလင်းလင်း အသိပေး

Must read

ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးရန်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆို

ရန်ကုန်၊ ဩဂုတ် ၁၇

စစ်ကောင်စီနှင့် တွေ့ဆုံ ညှိနှိုင်းစေ့စပ်မှုသည် အစိုးရ အဖြစ် တရားဝင် အသိ အမှတ် ပြုခြင်း မဟုတ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ကိုယ်စားလှယ် Noeleen Heyzer က မင်းအောင်လှိုင်ကို တရားဝင် ထုတ်ဖော်ပြောဆိုသည်။

ယနေ့ အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် သူက အထက်ပါအတိုင်း မင်းအောင်လှိုင်ကို တရားဝင် ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟာ လူသားချင်းစာနာထောက်ထားမှု၊ လုံခြုံရေး၊ စီးပွားရေးနဲ့ နိုင်ငံရေးအကျပ်အတည်းအတွက် အလွန်အမင်း စိုးရိမ်ပူပန်နေပါတယ်။ ကျွန်မရဲ့ ခရီးစဉ်က ကုလသမဂ္ဂရဲ့ စိုးရိမ်မှုကို ဖော်ပြပြီး ပြည်သူတွေရဲ့ ပဋိပက္ခနဲ့ ဆင်းရဲဒုက္ခတွေကို လျှော့ချဖို့ လိုအပ်တဲ့ ခိုင်မာတဲ့ ခြေလှမ်းတွေကို အဆိုပြုပါတယ်။ ကုလသမဂ္ဂအနေနဲ့ အခုလို လာရောက် ထိတွေ့ဆက်ဆံမှုက ဘယ်လိုနည်းနဲ့မှ အစိုးရအဖြစ် တရားဝင်မှု၊ အသိအမှတ်ပြုမှု မဟုတ်ဘူးဆိုတာ ပြောချင်ပါတယ်။ မြန်မာပြည်သူ ပြည်သားတွေဟာ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အကြောက်တရားနဲ့ လိုလားမှုတွေ ကင်းစင်ပြီး သက်ဆိုင်သူအားလုံးရဲ့ ကောင်းမွန်တဲ့ စိတ်ဆန္ဒနဲ့ ကြိုးပမ်းဆောင်ရွက်မှသာ ဖြစ်နိုင်မှာပါ” ဟု သူက ပြောသည်။

ငြိမ်းချမ်းရေးနှင့် စီးပွားရေးနှင့် လူမှုရေးဆိုင်ရာ အသွင်ကူးပြောင်းမှု အောင်မြင်ရန် အဓိကသော့ချက်ဖြစ်သည့် အကာအကွယ်နှင့် စွမ်းဆောင်နိုင်ရေးအတွက် ကုလသမဂ္ဂသည် မြန်မာနိုင်ငံရှိ အမျိုးသမီးများအား ပံ့ပိုးကူညီရန် အာရုံစိုက်ထားကြောင်း ၎င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် အခြေအနေများ တိုးတက်ကောင်းမွန်ရန်မှာ အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန်လိုအပ်ကြောင်း၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများကို မကြာသေးမီ သေဒဏ်ပေးမှု ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ သေဒဏ်ပေး ကွပ်မျက်မှုအားလုံးကို ဆိုင်းငံ့ထားရန်၊ နိုင်ငံရေး အကျဉ်းသားအားလုံးကို လွှတ်ပေးရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်၏ တောင်း ဆိုချက်ကိုလည်း မင်းအောင်လှိုင်ကို အသိပေးသည်။

သြစတြေးလျ စီးပွားရေးပညာရှင် Sean Turnell ကို လွှတ်ပေးရန်၊ တောင်းဆိုသည့် ဩစတြေးလျ အစိုးရ၏ တောင်းဆိုချက်ကိုလည်း မင်းအောင်လှိုင်ကို အသိပေးပြီး အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်တန့်ရန်၊ လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို အပြည့်အဝ လေးစားလိုက်နာရန်နှင့် အကူအညီ လိုအပ်နေသူအားလုံးအတွက် ဘေးကင်းလုံခြုံပြီး လူသားချင်းစာနာမှု အပြည့်အဝရရှိရေးတို့အတွက် လုံခြုံရေးကောင်စီ၏ နောက်ဆုံးတောင်းဆိုချက် လိုက်နာရန်၊ လေကြောင်းမှ ဗုံးကျဲချခြင်းနှင့် အရပ်သားအိမ်များနှင့် အခြေခံအဆောက် အအုံများ မီးရှို့ခြင်း ရပ်တန့်ရန်လည်း တောင်းဆိုသည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်ရရန်လည်း ကုလသမဂ္ဂကိုယ်စားလှယ်က တောင်းဆိုသည်။

“ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ နေရေးထိုင်ရေးအတွက် အရမ်းစိုး ရိမ် မိပါတယ်။ သူ့ကို နေအိမ်မှာ ပြန်ထားဖို့ မေတ္တာရပ်ခံပါတယ်။ တွေ့ဆုံဆွေး နွေးမှုအတွက် အရေးပါတဲ့ ခေါင်းဆောင်ဖြစ်တဲ့အတွက် သူနဲ့ အမြန်ဆုံး တွေ့ဆုံခွင့်ပေးဖို့ မေတ္တာရပ်ခံပါတယ်”ဟု ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကပြော သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article