29 C
Yangon

ရေစကြို၊ ငတရော်ကျေးရွာကို အကြမ်းဖက်စစ်တပ်က နှစ်ရက်ဆက်တိုက် မီးတင်ရှို့၍ ရွာလုံးကျွတ်နီးပါး မီးလောင်ပြာကျ၊ ရွာအတွင်း၌ ပိတ်မိနေသော အပြစ်မဲ့ ရွာသားအချို့ ရှိနေ

Must read

ရန်ကုန်၊ ဩဂုတ် ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ငတရော် (ငတမျှော်) ကျေးရွာကို အကြမ်းဖက်စစ်တပ်က ယမန်နေ့ ဩဂုတ်လ ၁၇ ရက် နံနက် ၁၀ နာရီဝန်းကျင်မှ စတင်ကာ မီးတင်ရှို့ဖျက်ဆီးခဲ့သလို ယနေ့နံနက်တွင်လည်း မီးဆက်ရှို့နေသေးကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“မနေ့ မနက် ၁၀ နာရီကတည်းက ရွာထဲဝင်လာပြီး ရှို့နေတာ၊ ရွာထဲမှာလည်း သူတို့ရှိနေတယ်။ ဝင်ပြီး မီးငြှိမ်းလို့ မရဘူး၊ ရွာထဲမှာ ပိတ်မိနေသူတွေလည်း ရှိနေတယ်။ အိမ်ဘယ်လောက် လောင်သွားပြီလဲ အတိအကျ မသိသေးဘူး၊ ကျန်ရင်လည်း ၁၀ အိမ်လောက်ပဲ ရှိမယ်။ ဒီမနက်လည်း ဆက်ရှို့နေတယ်” ဟု ဒေသခံ ၁ ဦးက ပြောဆိုသည်။

ငတရော်ကျေးရွာအတွင်း၌ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ စခန်းချနေခြင်းကြောင့် မီးငြှိမ်းသတ်ရန် မဖြစ်နိုင်ကြောင်း၊ ရွာအတွင်း၌ ပိတ်မိနေသော ပြည်သူအချို့ ရှိနေသေးကြောင်း သိရှိရသည်။

ယမန်နေ့ နံနက် ၉ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် အကြမ်းဖက်စစ်တပ်နှင့် လက်ပါးစေ ပျူစောထီးများက သေနတ်များ ပစ်ဖောက်ဝင်ရောက်ကာ ငတရော်ကျေးရွာသို့ ဝင်ရောက်လာပြီး အများပြည်သူပိုင်နေအိမ်များကို မီးတင်ရှို့ဖျက်ဆီးနေခဲ့ခြင်းဖြစ်သည်။

“မနေ့က တိုက်ပွဲမှာ သူတို့ဘက်က ၈ ယောက်ဝန်းကျင် သေနိုင်တယ်၊ ကျနော်တို့ဘက်က တစ်ယောက် ထိတယ်၊ မစိုးရိမ်ရဘူး” ဟု ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် ၁ ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီ လက်ပါးစေ ပျူစောထီးတပ်ဖွဲ့ကို ငတရော်ကျေးရွာ အရှေ့ဘက် ၁ မိုင်ခွဲဝန်းကျင် အကွာရှိ မင်းရွာမှ ဒလန် မျိုးဝင်ခိုင် ဦးဆောင်ကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်က ဆက်ပြောသည်။

ဩဂုတ်လ ၁၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီတပ်များက ငတရော် ကျေးရွာရှိ ဘုန်းကြီးကျောင်းပါမချန် မွှေနှောက်ကာ ကျေးရွာတွင်းရှိ အများပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားပြီး ဆိုင်ကယ် ၁၁ စီးကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံများက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article