ရန်ကုန်၊ ဩဂုတ် ၂၁
စစ်ကိုင်း၊ မကွေး၊ တနင်္သာရီ၊ ဧရာ၀တီနှင့် ကရင်နီပြည်နယ်တို့တွင် အကြမ်း ဖက် စစ်ကောင်စီတပ်များ ကို ခုခံတိုက်ခိုက်မှုများ အရှိန်မြင့်တက်လာကြောင်း ဒေသ ကာကွယ်ရေးတပ်များထံမှ သိရှိရသည်။
ဝက်လက်တွင် စစ်ယာဉ်တန်းမိုင်းဆွဲခံရ
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့တွင် စစ်ကိုင်းမြို့ ၃၃ တပ်မှ ရွှေဘိုဘက်သို့ ထွက်လာသော အကြမ်းဖက်စစ်ကောင်စီသုံး သံပြားကာ ကားကြီး ကိုးစီး၊ Alphard တစ်စီးတို့ကို လှတောကျေးရွာနှင့်မဂ်လာရေစဉ်ကျေးရွာ အကြားတွင် ပဒေသာမိုင်းများဖြင့် စုစုပေါင်း လေးကြိမ်၊ အဝေးပစ်ရှော့တိုက်ဒရုန်းဖြင့် တစ်ကြိမ် ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရပြီး သေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှု ရှိနိုင်ကြောင်း ဒေသသတင်းရင်းမြစ် ရွှေဘိုမြို့နယ် သတင်းအမှန်ပြန်ကြားရေးထံမှ သတင်းထုတ်ပြန်သည်။
အဆိုပါ တိုက်ခိုက်မှုကို ဝက်လက်မြို့နယ်အနောက်ခြမ်းရှိ ဒေသခံ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ကြောင်လက်သည်း (Lpdf) – လင်းယုံ(Lpdf) – မြင်းဖြူရှင်(Lpdf) -ဇာမဏီကျော်ကြီး(Lpdf) – ဗိုလ်ဇာတ်လိုက်(Lpdf) – ယောမင်းကြီး(Lpdf)၊ လင်းမြွေ(Lpdf) စသည့်မဟာမိတ်အဖွဲ့များမှ ပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
ပေါက်မြို့တွင် စစ်ကားကို တိုက်ခိုက်
မကွေးတိုင်း ပေါက်မြို့နယ်တွင်လည်း ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးများ လိုက်ပါလာသော ကားကို ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်း ပေါက်တောင်ပိုင်းပြောက်ကျားတပ် မှ သတင်းထုတ်ပြန်သည်။
တိုက်ခိုက်မှုကို ပေါက်တောင်ပိုင်းပြောက်ကျားတပ်၊ SPGF ၊ YDF Saw တပ်းရင်း ၉ ၊ Young Revolution Front YRF နှင့် ဒေသခံ ကာကွယ်ရေးတပ်များဖြင့် ပူပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ပြီး ပျူစောထီးများ အထိခိုက်များကြောင်းနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့များ အထိအခိုက် အကျအဆုံးမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ရေဖြူတွင် ရဲနှင့်ပျူစောထီးများကို တိုက်ခိုက်
တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ် ကံပေါက်ဘက်မှ ရေဖြူမြို့သို့ ကားနှင့် အစည်းအဝေးသွားတက်ရောက်ရန် သွားသည့် ရဲနှင့် ပျူစောထီးများကို မိုင် ၄၀ အနီးတွင် သြဂုတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်ခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေဖြူမြို့နယ် ပကဖအဖွဲ့(KBDF)ထံမှ သိရသည်။
“အသံကတော့တော်တော်ကြမ်းတယ်။ မြေကြီးပါတုန်တယ် အထိအခိုက်များနိုင်ပြီးသေဆုံးမှုများလည်း ရှိနိုင်တယ် ။လတ်တလော ရဲအရာရှိတစ်ဦးလည်း စိုးရိမ်ရတဲ့အခြေအနေမှာရှိနေတယ်။ကားပေါ်ပါလာတာတွေက ရဲအရာရှိတစ်ဦးနဲ့ရဲအခြားအဆင့် ပျူစောထီးတွေပါပဲ ဒီလမ်းတွေက စစ်ကောင်စီတပ်တွေဆိုရင် မကြာခဏ မိုင်းဆွဲခံရလေ့ရှိပါတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
တိုက်ခိုက်ခံရသည့်ကားမှာ ပယကျေးရွာမှ ပျူစောထီးခေါင်းဆောင်၏ ကားဖြစ်ပြီး ၎င်းတို့ စီးနင်းလိုက်ပါလာသည့် ကားမှာ သုံး၍မရအောင် ပျက်စီးသွား၍ အခင်းဖြစ်ပွားရာနေရာတွင်ပင် ထားခဲ့ရကြောင်း၊ ကားအတွင်းတွင် ခြောက် ဦးခန့် စီးနင်းလိုက်ပါလာပြီး ကံပေါက်နယ်မြေရဲစခန်းမှ ရဲအရာရှိတဦးမှာ ပေါင်ရင်းကို ထိမှန်ဒဏ်ရာနှင့် စိုးရိမ်ရသည့် အခြေအနေမှာရှိနေပြီး ကျန်သူများမှာ မှန်ကွဲစထိမှန်ဒဏ်ရာနဲ့ ပေါင်ကို ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရရှိသူများကို ကလိန်အောင်မြို့ ဆေးရုံမှတစ်ဆင့် ကံပေါက်မောရဝတီရေတပ်စခန်းဌာနချုပ်ဆေးရုံများသို့ ပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရှိရသည်။
တိုက်ခိုက်မှုကို ရေဖြူမြို့နယ် ပကဖ နှင့် ပူးပေါင်းအဖွဲ့မှ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မြောင်းမြ စိုက်ပျိုးရေးဘဏ်နှင့် စသုံးလုံးကို ဗုံးခွဲတိုက်ခိုက်
ဧရာဝတီတိုင်း၊ မြောင်းမြမြို့ရှိ စိုက်ပျိုးရေးဘဏ်နှင့် အကြမ်းဖက်စစ်ကောင်စီ၏ စ သုံးလုံးရုံးများ ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညနေပိုင်းတွင် ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
မြို့မရဲစခန်းအနောက်ရှိ စိုက်ပျိုးရေးဘဏ်နှင့် စ သုံးလုံးရုံးဝန်းအတွင်းသို့ မြောင်း မြ မြို့နယ် ပကဖက ဗုံးပစ်သွင်းတိုက်ခိုက်ခဲ့ပြီး ယင်းမှာ နန်းထိုက်အောင်စစ်ဆင်ရေး၏ တစိတ်တပိုင်းဖြစ်ကြောင်း သိရှိရသည်။
ပေါက်ကွဲသံမှာ အလွန်ကျယ်လောင်ကြောင်းနှင့် လူနာတင်ကား ဝင်ထွက်မှုများ ရှိကြောင်း သိရှိရသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးထိ ခိုက် မှုစာရင်းကို သီးခြား အတည်မပြုနိုင်သေးပေ။
ကယားပြည်နယ်တွင် စစ်ကောင်စီတပ်များကို တိုက်ခိုက်
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်လည်း ဩဂုတ်လ ၁၆ ရက်နေ့မှ ဩဂုတ် ၂၀ ရက်နေ့ အထိ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်၊ မြို့မရဲစခန်းရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲကို ပြည်သူ့ကာ ကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂)တပ်ရင်း တို့ပူးပေါင်းကာ သြဂုတ်လ ၁၆ ရက်နေ့ နံနက်ပိုင်းအချိန်တွင် တိုက်ပွဲထိတွေ့မှု (၂)ကြိမ်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)နှင့် မဟာမိတ် ကရင်နီတော်လှန်ရေးတပ်ပေါင်းစု(KRU)တပ် တို့ပူးပေါင်းကာ သြဂုတ်လ ၁၇ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်မှ ည ၆ နာရီထိ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၁၈ ရက်နေ့တွင်လည်း ဒီးမော့မြိုနယ်၊ မြို့မရပ်ကွက်၊ စည်ပင်စျေးတွင် နယ်မြေလုံခြုံရေးယူ ထားသော ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ဖွဲ့နှင့် အလယ်ပိုင်းတိုင်း (၁၁၀၂) တပ်ရင်းပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ပွဲထိတွေ့မှု (၂)ကြိမ် ထပ်မံဖြစ်ပွားခဲ့ရာ တိုက်ပွဲတွင်း အကြမ်းဖက်တပ်ဖွဲ့ ၂ ဦးခန့် သေဆုံးခဲ့ကြောင်း သိရှိရသည်။
သြဂုတ်လ ၂၀ ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ် ၊ ငွေတောင်ရွာသစ်ကျေးရွာတွင် အင်အားအလုံးအရင်းဖြင့် စစ် ကြောင်းထိုးလာခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) နှင့် KNDF BO19 တို့ပူးပေါင်းကာ နံနက် ၅ နာရီ ၃၀ မိနစ်မှ နံနက် ၁၁ နာရီ ၃၀ မိနစ်ထိ ခုခံတိုက်ပွဲပြင်းထန်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုရှိနိုင်ခဲ့ပြီး တော်လှန်ရေး ရဲဘော်(၁)ဦး ထိခိုက် ဒဏ်ရာ ရှိမှုရှိခဲ့ကြောင်း သိရှိရသည်။
ဓာတ်ပုံ- ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ်များ။
