ရန်ကုန်၊ သြဂုတ် ၂၁
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်တွင် Chin National Organization (CNO) အဖွဲ့ ကျန်းမာရေးဌာနက ကြီးမှူးသည့် Suangdawn ကုတင် ၅၀ ဆံ့ ဆေးရုံဖွင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ကြောင်း ချင်းအမျိုးသား အဖွဲ့ချုပ်ထံမှ သိရသည်။
အခမ်းအနားတွင် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (CNDF) စစ်ဦးစီးချုပ် ဆလိုင်းပီတာထန်း ဦးဆောင်ပြီး ချင်းအမျိုးသား အလံအလေးပြုခြင်း၊ ကျဆုံး အာဇာနည်ရဲဘော်များအား အလေးပြုခြင်း၊ ချင်းအမျိုးသား သီချင်းသီဆိုခဲ့ကြောင်း၊ ဒေသခံ ဆရာတော်မှလည်း ဆုတောင်းခြင်းဖြင့် အခမ်းအနားစတင်ခဲ့ကြောင်း၊ ထို့နောက် CNO အထွေထွေ အတွင်းရေးမှူး ဆလိုင်းဝီလျံချင်းမှ အဖွင့်အမှာစကား ပြောကြားပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန နှင့် ICNCC မှ ပေးပို့သည့်သဝဏ်လွှာကို CNO တွဲဖက်အတွင်းရေးမှူး(၂) ဆလိုင်းဂျိုးဆက်က ဖတ်ကြားခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆေးရုံသစ်အတွက် ဆုတောင်းဆက်ကပ်အပ်နှံပြီး CNO တွဲဖက်အတွင်းရေးမှူး(၁)နှင့် CJDC အတွင်းရေးမှူးဖြစ်သူ ဆလိုင်းတီမီ မှ မိန့်ခွန်းပြောကြားခဲ့ကြောင်း၊ အခမ်းအနားကို တက်ရောက်လာသော မြို့မိမြို့ဖ ကိုယ်စား ပူးကြွန်ဘွဲ့မှလည်း အမှာစကားပြောကြားပြီး ဂုဏ်ပြုလွှာများပေးအပ်ခဲ့ကြောင်း၊ ဒေါက်တာမျိုးသူ၊ PDF-kalay စစ်ဦးစီးချုပ် Jelly တို့မှလည်း အမှာစကားအသီးသီးပြောကြားခဲ့ကြောင်း၊ CNO ကျန်းမာရေးဌာန၏ အတွင်းရေးမှူး ဆလိုင်းလိုင်လျန်မှုန်းကလည်း ကျေးဇူးတင်စကားပြောကြားကာ ဆုတောင်းခြင်းဖြင့် အခမ်းအနားရုတ်သိမ်းခဲ့ကြောင်း သိရသည်။
အဆိုပါ ဆေးရုံသည် ၂၀၂၁ ခုနှစ် CNO/CNDF ဖွဲ့စည်းခဲ့သည့်အချိန်မှ စတင်ပြီး ဆေးကုသပေးလျက်ရှိကာ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ဆေးရုံအဖြစ်သို့တိုးချဲ့ကာ PDF-kalay ဆရာဝန်များနှင့် ပူးပေါင်းလက်တွဲပြီး ဒဏ်ရာရရဲဘော်များကို ခွဲစိတ်ကုသခြင်း၊ ကလေး မီးဖွားပေးခြင်းနှင့် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဝန်ဆောင်မှု ပေးအပ်လျက်ရှိကြောင်း သိရသည်။


