ရန်ကုန်၊ ဩဂုတ် ၂၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရေသိုးကလေးကျေးရွာတွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၅၀၄ မှ စစ်သား ၂ ဦးကို KNDO တပ်ဖွဲ့က ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညပိုင်းတွင် ဖမ်းဆီးမိပြီး လက်နက်ခဲယမ်းများကို သိမ်းဆည်းကာ ၎င်းစစ်သား ၂ ဦးကို ဘောဂလိမြို့သို့ ပို့ဆောင်လွှတ်ပေးလိုက်ကြောင်း သတင်းရရှိသည်။
“KNU တပ်မဟာ ၅၊ ဘူဇာခီးစခန်းကနေ ထွက်လာတာ ၂ ယောက်ကို ရေသိုးလေးမှာ မိတယ်။ ကျန်တဲ့ စစ်ကြောင်းက ဘောဂလိကို အောက်လမ်းကနေ သွားတယ် ထင်တယ်။ မိတဲ့ စစ်သား ၂ ယောက်ဆီက ပစ္စည်းတွေကို သိမ်းတယ်၊ သူတို့ကို ငါတို့ မသတ်ဘူး၊ ဘောဂလိစခန်းကို ပြန်လွှတ်ပေးလိုက်တယ်” ဟု KNDO တပ်ရင်း ၄ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
ဖမ်းဆီးရမိသော ပစ္စည်းများတွင် လက်ပစ်ဗုံးများ၊ အီနာဂါဗုံးသီးများ၊ ကျည်ဘောက်များ၊ ဆက်သွယ်ရေးပစ္စည်းများ၊ စစ်အသုံးအဆောင်အချို့ကို တွေ့ရှိရပြီး သေနတ် ပါ၊ မပါနှင့် ၎င်းစစ်သား ၂ ဦး၏ အမည်နှင့် ရာထူးကို ကနဦး မသိရှိရသေးပေ။
အဆိုပါ စစ်သား ၂ ဦးသည် ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နှင့် တပ်မဟာ ၂ အစပ်ရှိ ဘူဇာခီးစခန်းမှ ဖြစ်ကြောင်း သိရှိရသည်။