ရန်ကုန်၊ ဩဂုတ် ၂၂
မန္တလေးတိုင်း၊ ရတနာပုံတက္ကသိုလ် CDM ဆရာ၊ ဆရာမများနှင့်ဝန်ထမ်းများကို ဖမ်းဆီးရန် စစ်ကောင်စီခန့် Non-CDM ပါမောက္ခချုပ်ဒေါက်တာတင့်မိုးသူဇာ၊ စီမံဘဏ္ဍာ ဌာနမှူးဒေါ်ကြည်ကြည်မွန်တို့က စစ်တပ်နှင့်အတူ ပူပေါင်းဖမ်းဆီးခဲ့သဖြင့် CDM ဝန်ထမ်း ၅ ဦး ဖမ်းဆီးခံရကြောင်း ရတနာပုံတက္ကသိုလ်ဝန်ထမ်းတချို့က အတည်ပြုပြောဆိုသည်။
မန္တလေး ရတနာပုံတက္ကသိုလ် မှ CDM ဆရာ ဆရာမ နှင့်ဝန်ထမ်းများကို စစ်ကောင်စီက ပုဒ်မ ၅၀၅ ဖြင့် အမှုဖွင့်ထားပြီး အိမ်တိုင်ရာရောက် ညအချိန်တွင် လာရောက်ဖမ်းဆီးလျက်ရှိကြောင်း၊ ယခုရက်ပိုင်းအတွင်း တက္ကသိုလ် CDM ဝန်ထမ်း ၅ ဦးကို စစ်တပ်က ဖမ်းဆီးသွားကြောင်း၊ ရတနာပုံ ကျောင်းသား သမဂ္ဂအဖွဲ့က ဩဂုတ် ၂၀ ရက်နေ့ ရက်စွဲဖြင့် CDM ဝန်ထမ်းများ ဖမ်းဆီးခံရ မှု အခြေအနေကို ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ အဖမ်းခံရသည့် ဝန်ထမ်းများ၏ အမည်များကို အတိ အကျ မသိရသေးသော်လည်း တက္ကသိုလ် ငွေစာရင်းဌာန မှ CDM ဝန်ထမ်းများ ဖြစ်သည်ဟု သိရှိရသည်။
CDM ဝန်ထမ်းများကို တက္ကသိုလ်၏ စီမံဘဏ္ဍာဌာနမှူး ဒေါ်ကြည်ကြည်မွန် က ဖမ်းဆီး ခိုင်းခြင်းဖြစ်ကြောင်း၊ စစ်အာဏာသိမ်းပြီးချိန်တွင် ပါမောက္ခချုပ် ကိုယ်တိုင်က CDM ပြုလုပ်ပြီး တိမ်းရှောင်ခဲ့ကြောင်း၊ ဒေါက်တာတင့်မိုးသူဇာက လက်ရှိ ပါမောက္ခချုပ်ရာထူးကို အစားထိုး ဝင်ရောက်ယူခဲ့ပြီး Non-CDM ပါမောက္ခချုပ်က စစ်တပ်နှင့်ပူးပေါင်း၍ CDM ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ ကို တောက်လျှောက်ဆိုသလို ဖမ်းဆီးနေခြင်းဖြစ်ကြောင်း သိရှိရသည်။