ရန်ကုန်၊ ဩဂုတ် ၂၃
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ အုပ်ချုပ်နယ်မြေ၊ မြဝတီမြို့နှင့် ဝေါလေမြို့နယ်ခွဲကို ဆက်သွယ်ထားသော လမ်းလမ်းပေါ်ရှိ KNLA ပူးပေါင်းတပ်ဖွဲ့ ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသော သုံးထပ်ကွေ့ကို အကြမ်းဖက်စစ်တပ်က ယနေ့ ဩဂုတ်လ ၂၃ ရက် နံနက် ၉ နာရီမှ စတင်က ကြည်းကြောင်း၊ လေကြောင်းဖြင့် အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကာ တိုက်ပွဲပြင်းထန်ခဲ့ပြီး ကော်ဘရာ ရဲဘော် ၁ ဦးကျဆုံးကြောင်း သတင်းရရှိသည်။
” ၁ ဦး ကျတယ်၊ ၃ ဦး မစိုးရိမ် ဒဏ်ရာရတယ်၊ ၁ ဦးက စိုးရိမ်ရတယ်” ဟု ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံ မျိုးသူရကိုကိုက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
အကြမ်းဖက်စစ်တပ်၏ တပ်မ ၄၄ လက်အော်ကခံ ခမရ ၁၀၂၊ ခလရ ၂၀၇၊ ခမရ ၁ တပ်ဖွဲ့များသည် လေးကေ့ကော်ဒေသရှိ ခမရ ၁၁၈၊ ခမရ ၂ တို့နှင့် ပူးပေါင်းကာ သုံးထပ်ကွေ့ကို ခြေလျင်ဖြင့်လည်းကောင်း လက်နက်ကြီးများဖြင့်လည်းကောင်း အပြင်းအထန် ထိုးစစ်ဆင်ခဲ့သလို လေကြောင်းမှလည်း YAK 130 အမျိုးအစား ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက ယနေ့ သတင်းထုတ်ပြန်ထားသည်။
တိုက်ပွဲသည် အလွန်ပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ အသေအဆုံးစာရင်းကို အတည်မပြုနိုင်သေးကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီသည် ကြည်းကြောင်း၊ လေကြောင်းမှတဆင့် မြဝတီ-ဝေါလေကားလမ်းပေါ်ရှိ သုံးထပ်ကွေ့ကို ကျော်ဖြတ်နိုင်ရန် နေ့စဉ်နီးပါး ကြိုးစားနေပြီး စစ်သားသေဆုံးမှုများသလို စစ်အာဏာရှင်ကို စွန့်ခွာပြီး CDM ပြုလုပ်ကာ KNLA ပူပေါင်းတပ်ဖွဲ့ထံ အလင်းဝင်လာသူများလည်း ရှိနေသည်။