23 C
Yangon

ကနီမြို့နယ် ၃၁ မိုင်ကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့လိုက်ပြီး လမ်းပြခေါ်ဆောင်ခဲ့သော အဘိုးအိုကို ပစ်သတ်သွား၊ ဖောင်းပြင်တွင် သငါရွာမှ အိမ်ခြေ ၂၀၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ပြည်သူ ၆၀ ခန့် ပိတ်မိနေ

Must read

ရန်ကုန်၊ သြဂုတ် ၂၃

စစ်ကိုင်းတိုင်း၊ယင်းမာပင်ခရိုင်၊ကနီမြို့နယ်၊ မုံရွာ -ယာကြီး- ကလေးဝ လမ်းမဘေးရှိ ၃၁ မိုင်ကျေးရွာကို စစ်တပ်က ယနေ့ ညနေ ၄ နာရီမှစတင်ပြီး မီးရှို့ဖျက်ဆီးလိုက်ကာ လမ်းပြခေါ်ဆောင်ခဲ့သော အဘိုးတစ်ဦးကို စစ်တပ်က ပစ်သတ်လိုက်ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ် ၂၃ ရက်နေ့ ညနေ ၄ နာရီအချိန် ယင်းမာပင်မြို့နယ်၊ရင်ပေါင်တိုင်ရွာကို ဖျက်ဆီး၍ ထွက်လာသော စစ်တပ်သည် ဖြတ်သန်းသမျှ ရွာတိုင်းကို ဝင်ရောက်မီးရှို့ခဲ့ပြီး ကပိုက်ရွာမှ အသက်၆၀ကျော် အဘိုးအိုတစ်ဦးကို လမ်းပြအဖြစ် ဖမ်း ဆီးခဲ့ကြောင်း ၊ ယင်းနောက် ကနီမြို့နယ် ကြပ်ကျေးရွာတွင် အဆိုပါအဘိုးအိုကို ပစ်သတ်ခဲ့ကြောင်း၊ ယင်းနောက် ၃၁ မိုင်ကျေးရွာကို ဝင်ရောက် မီးရှို့ဖျက် ဆီးခြင်းဖြစ်ကြောင်း သိရှိရသည်။

“မီးရှို့၊လူသတ်တဲ့ စစ်တပ်က ကျွန်တော်တို့ရွာလေးကို မီးရှို့နေကြတယ်ဗျ။ဘယ်နှစ်လုံးလောင်မယ်ဆိုတာကတော့ အတိကျမပြောနိုင်သေးဘူး။ခွေးတွေက ကင်းပုန်းချန်ထားခဲ့တာတွေလည်းရှိတယ်။ သူတို့နဲ့မိသွားရင် သေတာကများတယ်။ အဲဒါကြောင့် ဘယ်သူမှရွာထဲမဝင်ရဲကြသေးဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ကတော့ လက်ရှိအချိန်တွင် ပေါက်အင်းရွာ ဘုန်းတော်ကြီးကျောင်းနှင့် စာသင်ကျောင်းတွင် ၂ဖွဲ့ခွဲ တပ်စွဲထားပြီး အင်အား ၂၀၀ နီးပါးခန့်ရှိကြောင်း၊ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် အင်းပေါ်ရွာ၊ အင်တိုင်းတောရွာ၊ ပေါက်အင်းမြိုင်ရွာ အပါအဝင် ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်တွင် ဩဂုတ်လ ၂၁ ရက်နေ့ မောက်စဖာ၊ မြို့မ၊ သာစည်၊ ကရား ကျေး ရွာ များကို ပစ်ခတ်တိုက်ခိုက်၍စုန်ဆင်းလာသော စစ်ကောင်စီရေယာဉ်အုပ်စုသည်ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် သငါရွာကို ၆၀မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ဘုန်းကြီးကျောင်းအနီးညောင်ပင်ကြီးကိုထိမှန်ပေါက်ကွဲသေဆုံး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း၊ ထို့ပြင် မော်လိုက်မြို့နယ်မှ ဆန်တက်လာသော အင်အား ၈၀ ခန့်ရှိ စစ်ကြောင်းသည် ယနေ့မွန်းတည့် ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် သငါရွာတောင်ဘက်မှလက်နက်ကြီးဖြင့်ရွာထဲသို့အချက်ပေါင်းများစွာပစ်ခတ်၍ဝင်ရောက်လာကြောင်း၊ ယင်းနောက် ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း၊ စစ်ကောင်စီတပ်သားများက ဘုန်းကြီးကျောင်းနှင့်ကျေးရွာအတွင်းမှ ၃ ထပ်တိုက်တစ်ခုပေါ်တွင် နေရာယူထားကြောင်း၊ တောတောင် ထဲသို့မရှောင်တိမ်းနိုင်သည့်သက်ကြီးရွယ်အိုများ အပါအဝင်လူပေါင်း ၆၀ ခန့်ဘုန်းကြီးကျောင်းထဲ၌ပိတ်မိနေကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်သားများက သငါရွာသို့ဝင်လာစဉ် သငါနှင့် မဟားရွာ အကြား၌ PDFနှင့်ပကဖ များကမိုင်းဆွဲတိုက်ခိုက်သောကြောင့် စစ်ကောင်စီတပ်သား ၅ ဦး မှ ၇ ဦးအထိ ထိခိုက်ကျဆုံးရှိနိုင်ကြောင်း၊ သငါကျေးရွာမှ အိမ်ခြေ နှစ်ရာ ကျော်ကို စစ်တပ်က မီးရှို့လိုက်ပြီးဖြစ်ကြောင်း၊ သငါကျေးရွာတွင် အိမ်ခြေ ၅၀၀ ကျော်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ- ကနီမြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုကို စစ်တပ်က မီးရှို့နေစဉ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article