ရန်ကုန်၊ သြဂုတ် ၂၃
မြိုင်မြို့နယ် အခြေခံပညာ အထွေထွေသပိတ်ကော်မတီ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ရဲဘော်များနှင့် ပြည်သူလူထုတို့ ပူးပေါင်းကာ ယနေ့ သြဂုတ်လ ၂၃ ရက်နေ့တွင် “ထောင်တွင်း အကြမ်းဖက်မှု သတ်ဖြတ်မှု ဒို့လက်မခံ ပညာရေးနဲ့ လူထုအသံ”၊ “တော်လှန်ရေးရဲ့ အဆုံးအဖြတ်ဟာ လူထုမှတပါးအခြားမရှိ” ၊ “လူထုလက်ရုံးနဲ့ တည်ဆောက် တပ်ပေါင်းစုနဲ့ချီတက်” စာတန်း ကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သ်ရသည်။
“စစ်ဖိနပ်အောက် လုံးဝအရှုံးမပေးဘဲ အသက်စွန့်ကာ တော်လှန်တိုက်ပွဲဝင်နေကြတဲ့ ထောင်တွင်းရဲဘော်တွေရဲ့ ထောင်တွင်းတိုက်ပွဲတွေကို ဝန်းရံပေးကြဖို့ ၊ ထောင်တွင်းတိုက်ပွဲတွေနဲ့အတူ ရပ်တည်ပေးကြဖို့ အင်မတန်လိုအပ်ပါတယ်။ထောင်တွင်းမတရားအကြမ်းဖက်နေမှုတွေ ၊ သတ်ဖြတ်နေမှုတွေအပါအဝင် စစ်အုပ်စုရဲ့ မတရားမှုတွေကြောင့် အသက်အန္တရာယ်ပါ အထူးစိုးရိမ်နေရတဲ့ ထောင်တွင်းကရဲဘော်တွေအတွက် ကျွန်တော်တို့ပြည်သူတွေ အသံကျယ်ကျယ်ပိုထွက်ကြဖို့လိုပါတယ်။ကျွန်တော်တို့ပြည်သူတွေ သွေးအေးသွားလို့ လုံးဝမဖြစ်ပါဘူး။အကျဉ်းထောင်တွင်းက ရဲဘော်တွေအတွက် အကျယ်ထောင်ထဲက ပြည်သူတွေ ပိုမိုအားစိုက်ပြီး တိုက်ပွဲဝင်ပေးကြပါ။လက်နက်အားကိုးနဲ့ ထင်တိုင်းကျဲနေတဲ့ အကြမ်းဖက်စစ်အုပ်စုနဲ့အာဏာရှင်စနစ်ဆိုးကို အမြစ်ပြတ်ချေမှုန်းကြပါ။ ပေးဆပ်ခဲ့ကြရတဲ့ အသက်တွေနဲ့ဘဝတွေ ၊ ဆုံးရှုံးလိုက်ရတဲ့ အခွင့်အရေးတိုင်းအတွက် အာဏာရှင်စနစ်အမြစ်ပြတ်ကျရှုံးသည်အထိ ကျွန်တော်တို့အားလုံး ဆက်လက်ချီတက်တိုက်ပွဲဝင်ကြရမယ်။ကြောက်ရွံ့ခြင်းမှ ရုန်းထွက်ကြပါ။အဖိနှိပ်ခံလူထုလူတန်းစားအားလုံး စည်းလုံးမှုရှိရှိနဲ့ ပြိုင်တူတွန်းကြမှ ကျွန်တော်တို့အားလုံးမျှော်ရည်သော တော်လှန်ရေးပန်းတိုင်ဆီ အမြန်ဆုံး ရောက်ရှိပါလိမ့်မယ်” ဟု သပိတ် ဦးဆောင်သူများက ဟောပြောခဲ့သည်။
Photo – BEGSC-MYAING