26 C
Yangon

Must read

အင်းတော်မြို့နယ်၊ နဘားကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုရှိ၊ ခင်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ မိုင်းခွဲခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားကျေးရွာတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ဖွဲ့ကြား ယမန်နေ့ ဩဂုတ်လ ၂၃ ရက်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုများရှိသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း အင်းတော် တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

နဘားကျေးရွာမှ နဘားလမ်းဆုံဘက်သို့ ထွက်လာသော အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် KIA၊ PDF၊ ABSDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်သားများ၏ လက်နက်ကြီး ရမ်းသန်းပစ်ခတ်မှုကြောင့် နားရခေါင်ကျေးရွာရှိ နေအိမ် ၂ လုံး လက်နက်ကြီးကျည် ထိမှန်ပျက်စီးခဲ့သလို အကြမ်းဖက်စစ်သားများသည် နဘားလမ်းဆုံအနီးရှိ ဆိုင်နှင့် နေအိမ်များမှ ရွှေ၊ ငွေ၊ ဖုန်းနှင့် အခြားတန်ဖိုးရှိ ပစ္စည်းများကို လုယူသွားကြောင်း သိရှိရသည်။

ယင်းနောက် နံနက် ၁၁ နာရီခန့်တွင် ပိန္နဲကုန်းကျေးရွာသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အသက် ၄၀ ကျော်အရွယ် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း အင်းတော် တော်လှန်ရေးအင်အားစုက သတင်းထုတ်ပြန်သည်။

အလားတူ ရေဦးမြို့မှ ခြေလျင်ထွက်ခွာလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ အင်အား ၅၀ ခန့်ကို KSO၊ Wolf Guerilla(Ye-U)၊ Khin U – Dog Killers အဖွဲ့များက ခင်ဦးမြို့နယ်၊ မူးမြစ်ကူးတံတားအရှေ့ဘက်တွင် မိုင်း ၆ လုံးဖြင့် ယနေ့ ဩဂုတ်လ ၂၄ ရက် နံနက်၌ ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၁၀ ဦးထက်မနည်း ထိခိုက်သေဆုံးကြောင်း Khin U Support Organization က သတင်းထုတ်ပြန်သည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များက မိုင်း ၃ လုံးတွဲဖြင့် ၂ ကြိမ် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်သည် အနီးဝန်းကျင်ရှိ ပြည်သူပိုင် ကား ၁ စီးကို အဓမ္မ ချောဆွဲကာ ဒဏ်ရာရစစ်သားများကို ရွာသစ်ကုန်းအတွင်းရှိ စစ်ကောင်စီစခန်းအတွင်းသို့ ပို့ဆောင်ခိုင်းကြောင်း သတင်းရရှိသည်။

ဓါတ်ပုံ – အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article