ရန်ကုန်၊ ဩဂုတ် ၂၄
ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၆ ဒူးပလာယာခရိုင်အတွင်း အကြမ်းဖက်စစ်ကောင်စီသည် တပ်ရင်း ၁၈ ရင်းဖြင့် စစ်ရေးလှုပ်ရှားနေပြီး ဩဂုတ်လ ရက် ၂၀ အတွင်း တိုက်ပွဲ ၃၃ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ၄၈ ဦးသေဆုံးကာ ၈၀ ဦး ထိခိုက်ဒဏ်ရာရကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီသည် တပ်မ ၁၁၊ တပ်မ ၂၂၊ တပ်မ ၄၄ တို့၏ လက်အောက်ခံတပ်ရင်း ၁၇ ရင်းနှင့် လက်ပါးစေ BGF တပ်ရင်း ၁ ရင်း အသုံးပြုကာ စစ်ရေးလှုပ်ရှားနေပြီး အခြားအတည်မပြုနိုင်သေးသော တပ်ရင်းများလည်း ရှိသေးကြောင်း KNU က ထုတ်ပြန်သည်။
အဆိုပါ စစ်ကောင်စီတပ်ရင်းများကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၆ လက်အောက်ခံ KNLA တပ်ရင်း ၁၆၊ ၁၇၊ ၁၈၊ ၂၇၊ ၂၀၁၊ KNDO ဗဟိုလုံခြုံရေးတပ်ရင်း ၁ ရင်း၊ KNDO တပ်ရင်း ၆ တို့က ရင်ဆိုင်တိုက်ခိုက်နေပြီး KNLA ဘက်မှ ၂ ဦး ကျဆုံးကာ ၁၆ ဦး ဒဏ်ရာရကြောင်း KNU ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ကော့ကရိတ်မြို့နယ်အတွင်းရှိ KNLA တပ်ရင်း ၁၈ နှင့် တပ်ရင်း ၂၇ နယ်မြေများတွင် အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲအများဆုံး ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးအမျိုးမျိုး၊ ဂျက်လေယာဉ်၊ ရဟတ်ယာဉ်များဖြင့် အင်အား အလွန်အကျွံအသုံးပြု ထိုးစစ်ဆင်လျှက်ရှိကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် တပ်မဟာ ၆ နယ်မြေတွင် အရပ်သားပြည်သူ ၉၀,၂၉၁ ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး ၁ ဦး သေဆုံးကြောင်း ကရင်အမျိုးသားအစည်းအရုံးက ယနေ့ ထုတ်ပြန်သည်။