21 C
Yangon

ရန်ကုန်၊ တွံ့တေးတွင် ရယက ၆ ဦး အသတ်ခံရပြီးနောက် စစ်တပ်က ပြည်သူ လူ ၅၀ ကျော် ရိုက်နှက် ဖမ်းဆီး ၊ မြောက်ဒဂုံတွင် ယမန်နေ့ ည ပစ်ခတ်မှုအပြီး လူငယ်အများအပြား ရမ်းသမ်း ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်တွင် ဩဂုတ်လ ၂၂ ရက်နေ့ ဇီးဖြူကုန်ကျေးရွာအုပ်ချုပ်ရေးမှူး အပါအဝင် ရယက ၆ ဦး ပစ်ခတ်ခံရပြီးနောက် စစ်တပ်က ပြည်သူများနှင့် လူငယ်များကို ရိုက်နှက်ဖမ်းဆီးနေကာ လူငယ်နှင့်ပြည်သူ ၅၀ ကျော် ဖမ်းဆီးထားရကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၂ ရက်နေ့ ညနေ ၅ နာရီ ၁၀ မိနစ်အချိန် ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ ထွေ/အုပ်ရုံးတွင် မြို့နယ်စစ်ကောင်စီက ဆင့် ခေါ် သော အစည်းအဝေး တက်ရောက်ပြီး ပြန်လာသည့် ဇီဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ခင်ညွှန့် နှင့်ရာအိမ်မှူးများ လိုက်ပါသော ကား ပစ်ခတ်ခံရပြီး လူ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ကြောင်း၊ တွံ့တေးမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ အစည်းအဝေး တက်ပြီး ကားငှား ပြန်လာသော ဇီးဖြူကုန်းကျေးရွာအုပ်ချုပ်ရေးမှူးခင်ညွန့်၊ ရာအိမ်မှူး အေးမြင့်၊ ရာအိမ်မှူး ဝင်းဇော်၊ ရာအိမ်မှူး သန်းဌေးနှင့် ရာအိမ်မှူး စန်းလွင်တို့ကို သဝန်းတောကျေးရွာအနီးတွင် သေနတ်သမားက ပစ်ခတ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ခင်ညွှန့် အပါ အဝင် ရာအိမ်မှူး ၃ ဦး သေဆုံးပြီး ရာအိမ်မှူးစန်းလွင်မှာဒဏ်ရာရရှိကြောင်း၊ ကားမောင်းသူနှင့် ဆိုင်ကယ်သမားတစ်ဦးလည်း ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်ကောင်စီက ရယက ၆ ဦး အသတ်ခံရပြီးနောက် ကျေးရွာများအတွင်း ဝင်ရောက် ရမ်းကားဖျက်ဆီးခြင်းနှင့် ပြည်သူများ၊ လူငယ်များကို ရိုက်နှက်ဖမ်းဆီးနေကြောင်း၊ ကျေးရွာများထဲသို့ စစ်တပ် ဝင်ရောက်လာသည်နှင့် လူငယ်များကို ဝမ်းလျားမှောက်ပြီး ရိုက်နှက်ကြောင်း၊ NLD ပါတီဝင်များကို ပစ်မှတ်ထား ရိုက်နှက် ဖမ်းဆီးနေကြောင်း သိရှိရသည်။

“တွံ့တေး မြို့နယ်ဘက်က ရွာတွေမှာ အတော်လေးအတော်စိုးရိမ်နေရပါတယ်။ အုပ်ကြီး အပါ လူ ၆ ဦးသေဆုံးမှုနဲ့ပတ်သက် ပြီး ကျေးရွာနေလူအများအပေါ် လိုက်လံဖမ်းဆီးတာ၊ ယောကျားလေးတွေဆို ဝမ်းလျားမှောက်စစ်ဆေးရိုက်နှက်တာတွေ လုပ်နေပါတယ်။ တွေ့တဲ့လူတွေဆီကနေ ဖုန်းသိမ်းတာ၊ NLD ပါတီဝင် အရင်ကဆန္ဒပြသူတွေကိုပါဖမ်းတယ်။ လူငယ်တွေ၊ သူတို့လိုချင်တဲ့ NLD ပါတီဝင်တွေကို မမိရင် ကျန်ခဲ့တဲ့မိသားစုတွေကိုဖမ်းတယ်။ စစ်တပ်တွေပါချထားတယ်။ ဘုန်းကြီးကျောင်းတွေမှာပါတပ်စွဲထားပါတယ်”ဟု ပြည်သူတစ်ဦးက ပြောသည်။

တွံ့တေးတွင် စစ်တပ်က ရမ်းသမ်းဖမ်းဆီးမှုကြောင့် အနည်းဆုံး ပြည်သူ ၅၀ ကျော် ဖမ်းဆီးခံရထားပြီး အသက်အန္တရာယ် စိုးရိမ်နေရကြောင်း သိရှိရသည်။

အလားတူ ဩဂုတ်လ ၂၄ ရက်နေ့ ည ၇ နာရီအချိန် မြောက်ဒဂုံ ကုန်ပဒေသာမှတ်တိုင်အနီးတွင် ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် လူငယ်များကို စစ်တပ်က ရမ်းသမ်း ဖမ်းဆီးသွားကြောင်း သိရှိရသည်။

မြောက်ဒဂုံ ၃၈ ရပ်ကွက် 7/8လမ်းဆုံအနီးမှာရှိတဲ့ လမ်းတွေထဲက လူငယ်တွေကို စစ်တပ်က ဖမ်းပါတယ်။ စစ်ခွေး ကားသုံးစီး၊ မတ်တူးကားတစ်စီး ပေါင်း လေးစီးနဲ့ရောက်လာပြီး ခရေလမ်းထဲက အိမ်တစ်အိမ်ကို ဝင်စီးပါတယ်။ အဲ့အိမ်က အသက် အိမ်ပိုင်ရှင်သားနှစ်ယောက်နဲ့ အိမ်လာလည်တဲ့ ရပ်ကွက်ထဲကလူသုံးဦးကိုပါဖမ်းသွားပါတယ်။ လူငယ်နှစ်ယောက်မှာ တစ်ယောက်က အသက် ၁၃ နှစ်လောက်ပဲရှိဦးမယ်။ အိမ်ပိုင်ရှင် လင်မယားနှစ်ယောက်ကိုတော့မဖမ်းသွားပါဘူး။ အဲ့လို လာဖမ်းတုန်းဘေးကအိမ်တွေကိုလည်း လိုက်ဝင်စစ်ပါတယ်။ လမ်းထဲမှာ အိမ်တွေကို ဝင်ပြီး း ဖုန်းတွေ စစ်ပါတယ်။ သိရသလောက်တော့ ကုန်ပဒေသာက ပစ်ခတ်မှုတ်နဲ့ ချိတ်ဆက်ပြီးရောက်လာတာလို့ သိရပါတယ်။ တစ်နာရီခွဲလောက်လမ်းထဲမှာ ဟိုစစ်ဒီစစ်လုပ်သွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ဩဂုတ်လ ၂၂ ရက်နေ့ တွံ့တေးတွင် အုပ်ချုပ်ရေးမှူးလိုက်ပါသော ကားပစ်ခတ်ခံရမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article