ရန်ကုန်၊ ဩဂုတ် ၂၅
မန္တလေးတိုင်း၊ မိတ္တီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ သဖန်းကျေးရွာမှ ကိုစစ်ငြိမ်းကို ဩဂုတ်လ ၂၂ ရက်နေ့တွင် စစ်တပ်က ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်လိုက်ပြီး အလောင်းကို မိသားစုထံ ပြန်လာယူခိုင်းကြောင်း ကိုစစ်ငြိမ်း၏မိတ်ဆွေများထံမှ သိရှိရသည်။
ဩဂုတ်လ ၂၂ ရက်နေ့တွင် ကိုစစ်ငြိမ်းတို့ လင်မယား ရန်ဖြစ်နေသည်ဟုဆိုကာ စစ်တပ်က ကိုစစ်ငြိမ်းကို လာရောက် ဖမ်းဆီးသွားကြောင်း၊ ယင်းနောက် ဝမ်းတွင်း စခန်းတွင် ကိုစစ်ငြိမ်းကို စစ်တပ်က ရိုက်နှက်သတ်ဖြတ်လိုက်ပြီး ဩဂုတ်လ ၂၃ ရက်နေ့တွင် ကိုစစ်ငြိမ်း၏ အလောင်းကို ပြန်လာယူခိုင်းကြောင်း သိရှိရသည်။
“လင်မယား ရန်ဖြစ်နေလို့ဆိုပြီး ကိုစစ်ငြိမ်းကို လာဖမ်းသွားတယ်။ စခန်းရောက်မှ ရိုက်သတ်လိုက်ပြီး ဩဂုတ်လ ၂၃ ရက်နေ့မှာ မိသားစုကို စခန်းကို အလောင်းလာယူခိုင်းတယ်။ ဆေးစစ်ချက်တွေယူပြီး အလောင်းလာသယ်ဖို့ ပြောတယ်။ ဖမ်းသွားတုန်းက အကောင်းကြီး။ ရိုက်သတ်လိုက်တာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
အလားတူ တနင်္သာရီတိုင်း မြိတ်မြို့တွင် ဩဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းတွင် ဆိုင်ကယ်စီး အလုပ်က ပြန်လာသည့် ဒေသခံ သုံးဦးကို အကြမ်းဖက် စစ်ကောင်စီက သေနတ်နှင့် ပစ်ခတ်ခဲ့၍ နှစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများနှင့်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။
မြိတ်မြို့တွင် လူငယ် သုံးဦး သည် ဆိုင်ကယ်တစ်စီးတည်းဖြင့် ယမန်နေ့ ည ၇ နာရီဝန်းကျင် အလုပ်မှ ပြန်လာစဉ် ဆိပ်ငယ်ရပ်ကွက်ရှိ ဆိပ်ငယ်တံတားနှင့် ပြည်တော်တံတားအကြား စစ်တပ်က ရမ်းသမ်း၍ သေနတ်ဖြင့် လိုက်လံပစ်ခတ်သောကြောင့် လူငယ် နှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး တစ်ဦးမှာလည်း ဒဏ်ရာရရှိကာ သေဆုံးဖွယ်ရှိကြောင်း၊ ဒဏ်ရာရရှိသူကိုလည်း စစ်တပ်က ထပ်မံရိုက်နှက်ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
” မနေ့ညက စစ်တပ်က ပစ်လိုက်တဲ့ လူငယ် ၃ ဦးမှာ ၂ ဦးက ပွဲချင်းပြီးသေတယ်။ နောက်ထပ် လူငယ်ကလည်း ဒီမနက် ဆုံးသွားပြီလို့ကြားတယ်။ ဆိုင်ကယ်တစ်စီးကို လူ ၃ ဦးစီးလို့ဆိုပြီး လိုက်ပစ်တာ။ လူငယ်တွေက သာမန် ပြည်သူ အလုပ်သမား။ PDF မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ထို့ပြင် စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ သငါရွာတွင် ဩဂုတ်လ ၂၃ ရက်နေ့ အင်အား ၈၀ ခန့်ရှိသော စစ်ကြောင်းက သငါရွာကိုမီးရှို့ပြီး ပြည်သူ ၂ ဦးကို သတ်ဖြတ်သွားကြောင်း၊ သငါရွာအထက်ပိုင်းတွင် မီးလောင်ပြာကျသွားသည့်
အိမ်ပေါင်း ၁၀၅ လုံး မီးရှို့သတ်ထားသည့်ရွာသားအလောင်း ၂ လောင်း တွေ့ရှိရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
ဓာတ်ပုံ- ဝမ်းတွင်းတွင် စစ်တပ်က ရိုက်နှက်သတ်ဖြတ်လိုက်သော ကိုစစ်ငြိမ်း။