ရန်ကုန်၊ ဩဂုတ် ၂၅
ရှမ်းပြည်နယ်၊ နမ္မတူမြို့နယ်၊ ဘော်တွင်းသတ္တုတွင်း စီမံကိန်းအနီးရှိ ဆည်ကြီးကန်၌ ယနေ့ ဩဂုတ်လ ၂၅ ရက် နံနက် ၇ နာရီခွဲခန့်မှ စတင်ကာ အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
“ဘော်တွင်း ဆည်ကြီးကန် နားမှာ စစ်တပ်နဲ့ KIA တပ်ရင်း ၃၄၊ PDF ပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်နေတယ်။ အခု ၁၁ နာရီအထိ လက်နက်ကြီး ပစ်ခတ်နေသံတွေ ကြားနေတုန်းပဲ၊ ဆည်ကြီးကန်နားက စကစ စခန်းကို ဝင်တိုက်တာလား ဆိုတာ သေချာမသိသေးဘူး” ဟု ဒေသသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သို့ ပြောဆိုသည်။
အဆိုပါ ဘော်တွင်းဆည်ကြီးကန်အနီး၌ အကြမ်းဖက်စစ်တပ်၏ တပ်စခန်းတစ်ခု ရှိပြီး အဆိုပါ စခန်းကို KIA ပူးပေါင်းတပ်က ဝင်တိုက်ခြင်းဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်ထိ နမ္မတူမြို့အနီးရှိ ရုရှားတောင်တွင် စခန်းချထားသော စစ်တပ်ဗျူဟာကုန်းမှ လက်နက်ကြီးပစ်ကူများ ပေးနေကြောင်း သိရှိရသည်။
လက်ရှိတွင် တိုက်ပွဲအသေးစိတ်နှင့် နှစ်ဖက် ထိခိုက်သေဆုံးမှုစာရင်းကို မသိရှိရသေးပေ။
ဘော်တွင်းသတ္တုတွင်းသည် ၃၆ မိုင်အရှည်ရှိသော နမ္မတူ-မန်တုံ ကားလမ်းပေါ်တွင် တည်ရှိသည်။
နမ္မတူမြို့တွင် အကြမ်းဖက်စစ်တပ်၏ ခမရ ၃၂၄ အခြေစိုက်ပြီး မန်တုံမြို့တွင် ခလရ ၁၃၀ အခြေစိုက်ထားသည်။