ရန်ကုန်၊ ဩဂုတ် ၂၆
၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သော ရိုဟင်ဂျာများ လူမျိုးတုံးသတ်ဖြတ်မှု ငါးနှစ်ပြည့် အထိမ်းအမှတ်တွင် အရပ်ဘက်လူထုအဖွဲ့အစည်း ၃၈၄ ဖွဲ့က တရားမျှတမှု ရရှိစေရေး ကမ္ဘာက ဆောင်ရွက်ပေးရန်နှင့် ကျူးလွန်သူ မြန်မာစစ်တပ်ကို အရေးယူရန် တောင်းဆိုလိုက်ကြသည်။
ရိုဟင်ဂျာများနှင့်အတူ သွေးစည်းညီညွတ်စွာ ဆက်လက်ရပ်တည်သည့်အပြင် ၎င်းတို့အတွက် တရားမျှတမှု ရှာဖွေရေး၊ မြန်မာနိုင်ငံအတွင်း ၎င်းတို့၏ အခွင့်အရေးများ အပြည့်အဝ ပြန်လည်ရရှိရေးနှင့် မြန်မာစစ်တပ်မှ ဆက်လက်ရရှိနေသော ပြစ်ဒဏ် ကင်းလွတ်ခွင့်ကို အဆုံးသတ်ရေး တို့အား ဆက်လက်လုပ်ဆောင်သွားရန်အတွက် ကတိကဝတ် ထပ်မံပြုလိုက်ကြောင်း၊ လွန်ခဲ့ သော ငါးနှစ်က ဒီကနေ့တွင် မြန်မာစစ်တပ်က ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာများအပေါ် အကြမ်းဖက်ရေး လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်ခဲ့ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း၊ ညှဥ်းပန်း နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်းနှင့် ရွာများကို မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ ၎င်းတို့က လူဦးရေ တစ်သန်း၏ လေးပုံသုံးပုံသော ရိုဟင်ဂျာများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်ရမှု ဖြစ်စေရန် တွန်းပို့ခဲ့ပြီး ထိုနိုင်ငံတွင် နှိပ်စက်ညှဥ်းပန်းမှုများကြောင့် အစောပိုင်းကတည်းက မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသော လူဦးရေတစ်သန်း၏ လေးပုံတစ်ပုံသော လူများနှင့်အတူ နေထိုင်နေကြရကြောင်း သိရှိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ လူဦးရေထူထပ်သော ဒုက္ခသည်စခန်းများတွင် လူဦးရေ ၁ သန်းခန့်ရှိသော ဘဝများသည် အသက်ရှင်သန်ရေးအတွက် ရုန်းကန်လှုပ်ရှားနေကြရပြီး ၎င်းတို့၏ နေအိမ်များနှင့် နိုင်ငံသို့ အခွင့်အရေးများ ပြည့်ဝစွာ ပြန်လည်ရရှိခြင်းနှင့်အတူ ဂုဏ်သိက္ခာရှိစွာ ပြန်နိုင်မည့်အချိန်ကို စောင့်ဆိုင်းနေကြကြောင်း တောင်းဆိုကြေညာချက်တွင် ဖော်ပြထားသည်။
ရိုဟင်ဂျာများအတွက် မြန်မာနိုင်ငံသို့ နေရပ်ပြန်နိုင်ရေးမှာ မြန်မာစစ်တပ်မှ ဆက်လက်ရရှိနေသော ပြစ်ဒဏ်ကင်းလွတ်ခွင့် အဆုံးသတ်နိုင်ရေးနှင့် တာဝန်အရှိဆုံးပုဂ္ဂိုလ်များကို တရားစွဲဆိုခြင်း အပါအဝင် မြန်မာစစ်တပ်က ကျူးလွန်ခဲ့သော ရက်စက်ကြမ်းကြုတ်သည့် ရာဇ၀တ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ဖော်ဆောင်နိုင်ရေး တို့အပေါ်တွင် များစွာမူတည်နေကြောင်း၊ သို့ရာတွင် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှုသို့ ဦးတည်သည့် တိုးတက်မှုမှာ အနိမ့်ဆုံးအဆင့်တွင်သာ ရှိနေပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်၏ အာဏာသိမ်းရေး ကြိုးပမ်းမှုကြောင့် ပို၍ပင် ခက်ခဲသွားစေကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
ငါးနှစ်တာကြာလာသည့်တိုင်အောင် စစ်တပ်၏ ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအပေါ် ရှုတ်ချသည့် “အလွန်အမင်း စိုးရိမ်မိပါသည်” ဟူသော ထုတ်ပြန်ကြေညာချက် အပြုံလိုက်များသာ ဖြစ်နေခဲ့ပြီး ယင်းစကားလုံးများကို လက်တွေ့အရေးယူဆောင်ရွက်မှုအဖြစ် ကူးပြောင်းဆောင်ရွက်ခြင်း တစ်စုံတရာ မရှိသေးကြောင်း၊ ခိုင်မာသောလုပ်ရပ်များဖြင့် အမှန်တကယ် သက်သေပြရမည် ဖြစ်ကြောင်း အရပ်ဘက်အဖွဲ့များက ဆိုသည်။
ဂမ်ဘီယာနိုင်ငံက တရားစွဲဆိုရန် တင်ပြလာသော ရိုဟင်ဂျာလူမျိုးတုံးသတ် ဖြတ်မှု ကိစ္စရပ်နှင့် ပတ်သက်၍ မြန်မာစစ်အုပ်စုက တင်သွင်းခဲ့သော ပဏာမကန့်ကွက်မှုများအပေါ် နိုင်ငံတကာတရားရုံး (ICJ) ၏ စီရင်ဆုံးဖြတ်ချက်ကို မိမိတို့မှ ကြိုဆိုလိုက်ပြီး ယင်းက ဂမ်ဘီယာနိုင်ငံ၏ တရားစွဲဆိုမှုအပေါ် ကောင်း သော အကျိုးဆက်များကို တရားရုံးက လမ်းဖောက်ပေးလိုက်ခြင်းပင် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဤစီရင်ဆုံးဖြတ်ချက်နှင့်အတူ နိုင်ငံတကာ အစိုးရများသည် ဥပဒေဆိုင်ရာ၊ ငွေ ကြေး နှင့် နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုများ အပါအဝင် ဂမ်ဘီယာ၏အမှုကို ထောက်ခံပံ့ပိုးခြင်းအားဖြင့် မြန်မာစစ်တပ်အား ၎င်းတို့ကျူးလွန်ခဲ့သော ရာဇ ၀တ်မှုများ အတွက် တာဝန်ယူမှု တာဝန်ခံရမည် အရေးယူခံရမည် ဖြစ် ကြောင်း ဆိုသည့်သတင်းစကားကို အခိုင်အမာ ပေးပို့ရမည် ဖြစ်ကြောင်း၊ ထို့ အပြင် ICJ ၏ ကြားကာလအစီအမံများ အကောင်အထည်ဖော်ရေး တိုးတက်မှုနှင့် ပတ် သက်သည့် အစည်းအဝေးတစ်ရပ်ကို ကုလသမဂ္ဂလုံခြုံရေးကောင်စီနှင့် ထိုကောင်စီတွင် မြန်မာနိုင်ငံဆိုင်ရာ “ဦးဆောင်သူ” ဖြစ်သော UK နိုင်ငံတို့မှ ခေါ်ယူရမည် ဖြစ်ကြောင်း တိုက်တွန်းထားသည်။
မြန်မာစစ်အုပ်စုအား ရာဇ၀တ်ကြောင်းအရ တာဝန်ယူတာဝန်ခံခိုင်းခြင်းဆိုင်ရာ ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ရမည် ဖြစ်ပြီး ဤအထဲတွင် စစ်တပ်ကို တရားစွဲဆိုရန် အထူးသဖြင့် အာဂျင်တီးနားနိုင်ငံရှိ အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေးကိစ္စရပ် အပါအဝင် အပြည်ပြည်ဆိုင်ရာ တရားစီရင်ရေး အမှုတွဲများကို ပံ့ပိုးပေးခြင်းများလည်း ပါဝင်ကြောင်း၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေများကို နိုင်ငံတကာရာဇ၀တ်ခုံရုံးသို့ လွှဲပြောင်းပေးခြင်း သို့မဟုတ် သီးသန့်ခုံရုံးဖွဲ့ခြင်း အပါအဝင် တရားမျှတမှုနှင့် တာဝန်ယူမှု တာဝန်ခံမှု အပြည့်အဝရှိလာစေရေးအတွက် အခြားသော နည်းလမ်းများကိုလည်း ဆက်လက်စူးစမ်းရှာဖွေရန် အလွန်အရေးကြီးကြောင်း ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။
ရိုဟင်ဂျာများအပေါ် ကျူးလွန်သော ရာဇ၀တ်မှုများသည် လူမျိုးတုံးသတ်ဖြတ်မှုမြောက်သည်ဟု ယခုနှစ် အစောပိုင်းက ချမှတ်ခဲ့သည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း၊ ယင်းဆုံးဖြတ်ချက် ခြေလှမ်းကို ချမှတ်ခဲ့သည်မှာ ငါးလကျော်ခဲ့ပြီး ဖြစ်သည်။ အမေရိကန်အနေဖြင့် ဂမ်ဘီယာနိုင်ငံ၏ ICJ အမှုတွင် ပူးပေါင်းပါဝင်ပြီး စစ်အုပ်စု၏ အဓိက နိုင်ငံခြားငွေကြေး ဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်သည့် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို ပိတ်ဆို့အရေးယူခြင်း အပါအဝင် မြန်မာနိုင်ငံအား လက်နက်ခဲယမ်းရောင်းချမှု ပိတ်ဆို့ရေးများ ထပ်မံချမှတ်ခြင်းဖြင့် တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို မြှင့်တင်လုပ်ဆောင်ရမည် ဖြစ်ကြောင်း တိုက်တွန်းသည်။
မြန်မာစစ်တပ်သည် ၎င်းတို့၏ လုပ်ငန်းများမှတစ်ဆင့် ဆက်လက်ကြွယ်ဝချမ်းသာလာနေပြီး ရက်စက် ကြမ်းကြုတ်သော ရာဇ၀တ်မှုများကို ဆက်လက်ကျူးလွန်နိုင်စေရန် လက်နက်ခဲယမ်းနှင့် ပစ္စည်းကိရိယာများကို ၎င်းတို့၏ လက်နက်ပွဲစားများကွန်ရက်များက ဆက်လက်ပံ့ပိုးလုပ်ဆောင်ပေးနေပြီး သို့ဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများ၊ မိတ်ဖက်များနှင့် ခရိုနီများအပေါ် ပစ်မှတ်ထား အရေးယူပိတ်ဆို့မှုများ ချမှတ်နိုင်သည့် နောက်ထပ်ကြိုးပမ်းမှုများကို လုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအစိုးရများအနေဖြင့် အားလုံးပူးပေါင်းပါ ဝင်သော ကမ္ဘာလုံးဆိုင်ရာ လက်နက်ခဲယမ်း တင်ပို့ရောင်းချမှု ပိတ် ဆို့ရေးအတွက် လုပ်ဆောင်စဥ်မှာပင် စစ်တပ်အား လေယာဉ်ဆီရောင်းချပေးမှု အပါအဝင် လက်နက်ခဲယမ်းများ ရောင်းချမှု ပိတ်ဆို့ရေးကို ချမှတ်လုပ် ဆောင်ရမည်ဟု အရပ်ဘက်အဖွဲ့များက တောင်းဆိုထားသည်။
ဓာတ်ပုံ- စစ်တပ်၏ လူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် ထွက်ပြေး တိမ်းရှောင်ကြရသော ရိုဟင်ဂျာဒုက္ခသည်များ။
Photo- Getty Image။