ရန်ကုန်၊ ဩဂုတ် ၂၆
အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီ အပါအဝင် သွင်းကုန်စီးပွားရေးသမားများကို ဒေါ်လာ လိုသလောက် မရောင်းတော့သည့်အပြင် ပြင်ပပုဂ္ဂလိက ဘဏ်များ ပို့ကုန်ရငွေ ဒေါ်လာ အရောင်းအဝယ်များကိုပါ ဗဟိုဘဏ်သို့ သတင်းပေးပို့ အရောင်းအဝယ် လုပ်ရမည်ဆိုသော အမိန့်ကိုပါ ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။
ဗဟိုဘဏ်က ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို မြန်မာငွေ လဲလှယ်ရန်နှင့် ၃၅ ရာခိုင်နှုန်းကို ပြင်ပတွင် ရောင်းချနိုင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ကြောင်း၊ သို့ရာတွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို ပြင်ပတွင် ရောင်းချသည့်စျေးနှုန်း၊ ဝယ်ယူသွားသော ကုမ္ပဏီများ၏ စာရင်းကို ဗဟိုဘဏ်ကို တင်ပြရန် ညွှန်ကြားချက်ထုတ်ပြန်လာခြင်းဖြစ်သည်။
“ဗဟိုဘဏ် ကိုယ်တိုင်က အခု လိုသလောက် ဒေါ်လာ ရောင်းမပေးဘူး။ သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ သူ့ဆီက ဒေါ်လာမရဘူး။ အခု သူလည်း ဒေါ်လာ ရောင်းမပေးတာကို အပြင်မှာ ဝယ်ရင်တောင် ဘယ်စျေးနဲ့ ဝယ်တာလဲ။ ဘယ်သူက ဝယ်တာလဲဆိုပြီး သတင်းပို့ရမယ်ဆိုတော့ ထိန်းချုပ်တာပဲ။ သူတို့သတ်မှတ်စျေး တစ်ဒေါ်လာ ၂၁၀၀ ဆိုတာ သူတို့တောင် မရောင်းပေးနိုင်ဘဲ ပြင်ပမှာ ဘယ်သူက အဲဒီစျေးနဲ့ရောင်းပေးမလဲ။ အခု တစ်ဒေါ်လာ ၃၀၀၀ ကျော်နေပါပြီ” ဟု စီးပွားရေးသမားတစ်ဦးက ဆိုသည်။
ပြင်ပစျေးကွက်တွင် ဒေါ်လာစျေး ဆွဲတင်မှုများရှိပြီး ယင်းစျေးဆွဲတင်မှုတွင် ပုဂ္ဂလိက ဘဏ်များ ပါဝင်နေကြောင်း၊ အရောင်းအဝယ်ကို လိုက်လျှင် မည်သည့် ဘဏ်က မည်သည့် သွင်းကုန်လုပ်ငန်းရှင်ကို မည်သည့်စျေးဖြင့် ရောင်းချသည်ကို သိရှိနိုင်ကြောင်း၊ အမေရိကန်တစ်ဒေါ်လာ ငွေကျပ် ၃၀၀၀ ကျော်အထိ ဆွဲတင်မှုကို အရေးယူမည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဩဂုတ်လဆန်းပိုင်းတွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာ ရောင်းမပေးသည့်အတွက် ဩဂုတ်လဆန်းပိုင်းတွင် စက်သုံးဆီ တင်သွင်းသူများက ဆီတင်သွင်းရန် အမေရိကန်ဒေါ်လာ သန်း ၅၀ ပြင်ပမှ ဝယ်ယူ တင်သွင်းခဲ့ရကြောင်း သိရှိရသည်။
“ဗဟိုဘဏ်က သူ့မှာ ဒေါ်လာ အရမ်းနည်းမှာကို သေမလောက် ကြောက်နေတယ်။ လက်ထဲရှိတာ ကျစ်ကျစ်ပါအောင်ဆုပ်ပြီး ပြင်ပစျေးကွက်မှာ ဒေါ်လာစျေးမတက်အောင် ကဖျက်ကရက် လိုက်လုပ်နေတာ။ ဒါပေမယ့် အဲဒီလို လုပ်လေ အခြေအနေက ပိုဆိုးလေဖြစ်ပါလိမ့်မယ်” ဟု စီးပွားရေးသမားက ဆိုသည်။
ရုရှားနိုင်ငံမှ စက်သုံးဆီများ စက်တင်ဘာလတွင် ရောက်ရှိမည်ဟု စစ်ကောင်စီဘက်က ထုတ်ဖော်ပြောဆိုပြီးနောက် ဗဟိုဘဏ်က စက်သုံးဆီ တင်သွင်းသူများထံ ဒေါ်လာ မရောင်းပေးသလောက်ဖြစ်လာနေသည်ဟု သိရှိရသည်။
ပြည်တွင်းငွေလဲစျေးကွက်တွင် ဩဂုတ်လ ၂၅ ရက်နေ့တွင် အမေရိကန်တစ်ဒေါ်လာလျှင် ငွေကျပ် ၃၁၀၀ အထိ စျေးပေါက်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့တွင် စျေးထပ်မံ မြင့်တက်လိမ့်မည်ဟု စျေးကွက်ကျွမ်းကျင်သူများက ခန့်မှန်းကြသည်။