33 C
Yangon

စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည်စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦး လင်မယား ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၂၆

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ၊ စက်မှုဝန်ကြီးဌာန၊ အမှတ် ၅ အထည်စက်ရုံတွင် ယနေ့ နံနက် ၆ နာရီခွဲတွင် ပစ်ခတ်မှုဖြစ်ပွားပြီး စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦးနှင့်လင်မယား ပွဲချင်းပြီး သေဆုံးသွားကြောင်း‌ ဒေသသတင်းရင်းမြစ်နှင့်ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၂၆ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ ၊မြို့သစ်အမှတ် ၅ အထည်စက်ရုံတွင် သေနတ်သမား ဝင်ရောက်လာပြီး ပစ်ခတ်မှုဖြစ်ပွားကြောင်း၊ စက်ရုံမှူး ဗိုလ်မှူးအောင်ဇော်ဦးတို့ လင်မယား ပစ်ခတ်ခံရပြီး ပွဲချင်းပြီး သေဆုံးကြောင်း၊ စက်ရုံမှ ကား၁ စီးပါ ယူဆောင်သွားကြောင်း ပခုက္ကူသတင်းရင်းမြစ် Pakokku city & University News မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“ဗိုလ်မှူးအောင်ဇော်ဦးရော သူ့မိန်းမရော သေသွားပြီဗျ။ ဆေးရုံရောက်မှ ဗိုလ်မှူးကသေတယ်။ သူ့မိန်းမကတော့ ပွဲချင်းပြီးသေတယ်” ဟု Pakokku city & University News မှ တာဝန်ရှိသူက ဆိုသည်။

ပခုက္ကူမြို့ခံတစ်ဦးကလည်း ပစ်ခတ်မှုဖြစ်ပွားသည်မှာ မှန်ကန်ပြီး ဗိုလ်မှူး အောင်ဇော်ဦးလင်မယား သေဆုံးသွားပြီဖြစ်ကြောင်း၊ လက်ရှိတွင် ပခုက္ကူတစ်မြို့လုံးလုံခြုံရေးတင်းကျပ်ထားကြောင်း ပြောဆိုသည်။

“ဗိုလ်မှူး လင်မယား သေသွားပြီ။မနက် ၆ခွဲလောက်က အရေးပေါ် ကားသံတွေ ကြားရတယ်။ ရွှေတန့်တစ် ဘုရား သွားတဲ့ လမ်းပေါ်မှာ ချည်မျှင်နဲ့ အထည်စက်ရုံ ရှိပြီး မျက်နှာချင်းဆိုင် က ဝန်ထမ်းအိမ်ရာ ထဲ ဝင်ပစ်သွားတာ ။
ဗိုလ်မှူး က စက်ရုံမှာ အကြီး ဆုံး စက်ရုံမှူး။ အရမ်းဆိုးတယ် မောက်မာတယ်။ သူ့ အမျိုးသမီးက စက်ရုံရှေ့မှာ စျေးရောင်းတာ။ သူ့ဆိုင်နဲ့ ရောင်းတာ တူရင် အရောင်းမခံကြဘူး ။ စက်ရုံမှူး လင်မယားက။ အခုမနက် တော့
ပခုက္ကူမှာ အရှေ့ပိုင်း ရွှေတန့်တစ်လမ်း ပခုက္ကူ ရေစကြို လမ်း ရွှေချောင်း လမ်း တဝိုက်မှာ အစစ်ကြမ်း နေပါတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။

နေပြည်တော် စက်မှုဝန်ကြီးဌာနထံ ရန်ကုန်ခေတ်သစ်က ဆက်သွယ်မေးမြန်းရာ အမှတ် ၅ အထည်စက်ရုံ (ပခုက္ကူ) တွင် စက်ရုံမှူးအဖြစ် ဗိုလ်မှူးအောင်ဇော်ဦးက ကြီးကြပ်နေသည်မှာ မှန်ကန်ပြီး ပစ်ခတ်မှု သတင်းကိုမူ မရရှိသေးဟု ပြောဆိုသည်။

“သေသွားပြီလား။ ပစ်ခတ်မှု ဖြစ်တာတောင် သတင်းမသိရသေးဘူး။ ဗိုလ်မှူးအောင်ဇော်ဦးက စက်ရုံမှူး ဟုတ်တယ်။ ” ဟု နေပြည်တော် စက်မှုဝန်ကြီးဌာနတာဝန်ရှိသူက ဆိုသည်။

ဓာတ်ပုံ- အမှတ် ၅ အထည်စက်ရုံ (ပခုက္ကူ) အတွင်းပိုင်း မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article