ရန်ကုန်၊ သြဂုတ် ၂၆
စစ်ကိုင်းတိုင်း မုံရွာမြို့နယ် လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် ကျေးရွာကို ဝင်ရောက် စီးနင်းခဲ့ပြီး ကျေးရွာသား ၃ ဦးကို သတ်ဖြတ်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာနေပြည်သူ ဦးအောင်ချစ်ကို ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ပြီး ဒေသခံ ပြည်သူ ၂ ဦးကို မီးရှို့ သတ်ဖြတ် ခဲ့ခြင်းဖြစ်ကာ မီးရှို့သတ်ဖြတ်ခံရသူ ၂ ဦးသည် မည်သူ မည်ဝါဖြစ်သည်ကို အတည်မပြုနိုင်သေးကြောင်း သိရသည်။
” ဒီနေ့ နံနက် ၅ နာရီ ၄၅ မိနစ်လောက်က စစ်ခွေး စစ်ကြောင်း ရွာကို ဝင်လာပြီး ရွာသား ၂ ဦးကို မီးရှို့သတ်ထားတယ်။ နောက် ၁ ဦးကို ဖမ်းဆီး စစ်ဆေးပြီ ဓားနဲ့မွှန်းသတ်လိုက်တယ်။ စစ်ခွေးတွေ ဖမ်းဆီး စစ်ဆေးခဲ့တဲ့သူက ဦးအောင်ချစ်တဲ့ ကျန်တဲ့ မီးရှို့ သတ်ဖြတ် ခံရတဲ့ ၂ ဦးကတော့ ရုပ်ပျက်သွားတဲ့ အတွက် အမည်တွေ မသိရသေးဘူး” ဟု ဒေသခံပြည်သူ တစ်ဦးကပြောဆိုသည်။
လယ်ဇင်စံပြကျေးရွာကို အကြမ်းဖက် စစ်တပ်က ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း ဝင်ရောက် စီးနင်းခဲ့ပြီး ကိုဇေယျာလင်း၊ ကိုသိန်း၊ ကိုထွန်းဦးနှင့် ကိုဘုန်းတို့ ၄ ဦးကို ဖမ်းဆီး သတ်ဖြတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။