ရန်ကုန်၊ သြဂုတ် ၂၇
စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ဆည်အနောက်ဘက်ခြမ်းရှိ ညောင်ပင်ရွာမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှ ရှေ့ပြေးအဖွဲ့ကို UG အဖွဲ့မှ သြဂုတ်လ ၂၇ ရက်နေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး သေဆုံးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များထံမှ သိရသည်။
အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ခမရ အမှတ် ၃၆၁နှင့် ၃၆၉ မှ စစ်သားများဖြစ်ပြီး ပေပင်ချောင်ရွာ သုဿာန်အနီးတွင် UG အဖွဲ့မှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့မှ မေတ္တာမြို့ဘက်သို့ ဦးတည် မောင်းနှင်လာသော စစ်ကား ၁၇ စီးပါ အကြမ်းဖက် စစ်တပ် ရိက္ခာ ယာဥ်တန်းမှ ရှေ့ပြေးတပ်ကို သြဂုတ်လ ၂၆ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သင်္ကန်းတုန်းရွာနှင့် ဝကုန်းရွာအကြား လမ်းပိုင်း တစ်နေရာတွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF) ထံမှ သိရသည်။
အဆိုပါ ပစ်ခတ် တိုက်ခိုက်မှုသည် မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ကာ စစ်ကောင်စီ တပ်ဖွဲ့ဘက်မှ ဒဏ်ရာရသူများနှင့် သေဆုံးသူများ ရှိနိုင်ပြီး အရေအတွက်ကို အတည်မပြု နိုင်သေးကြောင်း သိရသည်။
ပစ်ခတ်မှုပြီးဆုံးချိန်တွင် အကြမ်းဖက် စစ်တပ်ဘက်မှလက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်ခဲ့သော်လည်း ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
အလားတူ တနင်္သာရီတိုင်း ကော့သောင်း မြို့မရဲစခန်းကို သြဂုတ်လ ၂၆ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် အမည်မသိ သေနတ် သမားများက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ရဲ ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။
အဆိုပါ ပစ်ခတ်မှုဖြစ်စဥ်နှင့် ပတ်သက်ပြီး မည်သည့် အဖွဲ့အစည်းက ပြုလုပ်သည်ကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ဒေသခံများက ပြောဆိုသည်။
ထို့ပြင် ကော့သောင်း မြို့မရဲစခန်းနားရှိ တရားရုံးအနီးတွင် သြဂုတ်လ ၂၄ ရက်နေ့က စစ်ကောင်စီ တပ်ဖွဲ့ဝင်များ လိုက်ပါလာသော ကား ၁ စီး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မိုင်းဆွဲ တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် ဖြစ်စဥ် အနီးအနားရှိ ပြည်သူ ၂ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီး ယနေ့ သြဂုတ်လ ၂၇ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ပစ်ခတ်မှု ဖောက်ခွဲ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် အကြမ်းဖက် စစ်တပ်သည် မြို့ပေါ်ရှိ လမ်းသွားလမ်းလာ ပြည်သူများကို ပိုမိုတင်းကြပ်ပြီး စစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Photo – ထားဝယ်ပြည်သူ့ လွတ်မြောက်ရေး တပ်ဖွဲ့ (TPLF)မှ တပ်ဖွဲ့ဝင်များ